2.10.2009

ကော့သောင်းမြို့  ရွှေတိဂုံဘုရား ပုံတော်တူ ပန္နက် အုတ်မြစ်ချမင်္ဂလာပွဲတွင် ရခိုင်ရိုးရာကျင်ပွဲကိုပိတ်ပင်

KAHIN.2.jpg

ရခိုင်ရိုးရာ ကျင်ကိုင်ပွဲတခု

ဖေဖေါ်ဝါရီ ၁၀

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်အတွင်းရှိ သီရိမန္တလာ ကျောင်းအတွင်းတွင် ရွှေတိဂုံ ဘုရား ပုံတော်တူ ပန္နက် အုတ်မြစ်ချ မင်္ဂလာပွဲကျင်းပစဉ် ရ၀တဥက္ကဌ ဦးသန်းနိုင် က ရခိုင်ရိုးရာကျင်ပွဲကို ဆက်လက် ကျင်းပရန်တားမြစ် ပိတ်ပင် ခဲ့သည်။

ဖိနပ်၁၈ ပေ ပတ်လည် အမြင့် ၁၈ ပေ ရှိ ရွှေတိဂုံဘုရား ပုံတော်တူပန္နက် အုတ်မြစ်ချ မင်္ဂလာပွဲကို ဖေဖေါ်ဝါရီ ၇ ရက် နေ့ တွင် ဘုရားကိုးဆူ လှည့်လည်ခြင်းနှင့် စတင်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲများကို ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပျော်ပွဲ ရွှင်ပွဲအဖြစ် ရခိုင် ရိုးရာကျင်၊ ချောတိုင်တက်၊ လွန်ဆွဲနှင့် တုတ်ရိုက်ပွဲများ ထည့်သွင်း ကျင်းပခဲ့သည်။

၈ ရက်နေ့ညနေတွင် ရပ်ကွက်တွင်း အရက်ဆိုင်တစ်ဆိုင်တွင် ထားဝယ် လူငယ်နှစ်ဦး အရက်မူး ရာမှ ဓါးထိုးမှု ဖြစ်၍ ဆေးရုံ တင်လိုက်ရသည်ကို အကြောင်းပြု၍ ရ၀တ ဥက္ကဌ က ကျင်ပွဲကို ဆက်လက်ကျင်းပခွင့် ပိတ်ပင် လိုက် ခြင်းဖြစ်သည်။

ရခိုင်ရိုးရာကျင်ပွဲတွင် ရွှေမောင်း ပထမဆုအဖြစ် ဘတ်ငွေ ၁၅၀၀ တန် ရွှေမောင်းနှင့်ဘတ်ငွေ ၃၀၀၀။ ရွှေမောင် ဒုတိယဆု ဘတ်ငွေ ၁၅၀၀။ငွေမောင်း ပထမဆု အဖြစ် ဘတ်ငွေ ၁၅၀၀။ ငွေမောင်း ဒုတိယဆု ဘတ်ငွေ ၁၀၀၀ စီ သတ်မှတ်ထားခဲ့သည်။ နောက်ဆုံး ဗိုလ်လုပွဲကျင်းပမည့် ဖေဖေါ်ဝါရီ ၉ ရက်နေ့တွင် ရပ်ကွက်အတွင်း ရန်ဖြစ်ခြင်းကြောင့် ကျင်ပွဲ ဆက်လက် မကျင်းပရသဖြင့် ကော့သောင်းမြို့ မှ သံဃာတော်များ၊ ဒေသခံများနှင့် တစ်ဝက်တစ်ပျက် ကျင်ကိုင်ထားသော ရခိုင် ကျင်သန်များက မကျေမနပ် ဖြစ်နေကြသည်။

ငွေမောင်းတန်း ဗိုလ်လုပွဲကို ရောက်ရှိနေသူ ကိုကျောက်မင်းက“ရပ်ကွက်ထဲမှာထားဝယ် ကောင်လေး နှစ်ယောက် ရန်ဖြစ်လို့ ဓါးနဲ့ထိုးကြတယ်။ တစ်ယောက် ဆေးရုံတင်ရတယ်။ ရပ်ကွက်ထဲမှာ ရန်ဖြစ်တာနဲ့ ဘုန်းကြီးကျောင်းထဲမှာ ကျင်ပွဲလုပ်တာနဲ့ဘာဆိုင်လဲဗျာ။ ကျနော်တို့ကို သက်သက် အာဏာပါဝါပြတယ်လို့ ကျနော် ထင်တယ်။ ဒီကျင်ပွဲကို ကော့သောင်းနယ်၊ဘုတ်ပြင်းနယ်၊ ထိုင်းဘက်ခြမ်းကရနောင်း၊ကျုံဖေါ်က ရခိုင် ကျင်သန်တွေ လာကြတာ၊ လူတော်တော် စည်ကားပါတယ်၊ ဗိုလ်လုပွဲကျမှ ခုလို ဖြစ်သွားရတော့ စိတ်မကောင်း တော့ ဖြစ်ရတယ်”ဟု ပြောသည်။

ရခိုင်ရိုးရာ ကျင်ပွဲကို ဆက်လက် မကျင်းပဖြစ်သော်လည်း ချောတိုင်တက်၊ လွန်ဆွဲနှင့် တုတ်ရိုက်ပွဲများ ကိုမူ ဆက်လက် ကျင်းပခဲ့ကြသည်။ တနယ်လုံးမှ လူများ လာရောက် ကြသဖြင့် ပွဲတော်မှာ အတော်အသင့် စည်ကား ခဲ့သည်။

အမည်မဖေါ်လိုသော ရခိုင်သံဃာတစ်ပါးက “ ကော့သောင်း အာဏာပိုင်တွေဟာ ရခိုင်ကနေ ဒီကို သာသနာ လာပြုကြတဲ့ ဦးဇင်းတို့ကို သိပ်အမြင်မကြည်ဘူး။ ဦးဇင်းတို့ စာသင်ကြတယ်။ ဗုဒ္ဓဘာသာ တရားတော်ကို ပြန့်ပွားစည်ပင်အောင် ကြိုးစားနေကြတဲ့ သာသနာတော် တာဝန်ကို ထမ်းဆောင်နေကြတာ။ ပြီးတော့ ဦးဇင်းတို့ ရခိုင်လူမျိုးတွေရဲ့  ရိုးရာကျင် ဆိုတာ လူတိုင်း တတ်ကြတာမှ မဟုတ်တာ။ ဒီအားကစား ပညာကို မပျောက် စေလိုတဲ့ ရည်ရွယ်ချက် တွေကိုလည်း အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ ထည့်သွင်း ကျင်းပတာ ဖြစ်သလို ပွဲတော်လာ ပရိတ်သတ်တွေလည်း ပျော်ရွှင်ရအောင် စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။ အဲဒါကို ပိတ်ပင်တာတော့ မကောင်းဘူးလို့ ယူဆပါတယ်” ဟုပြောသည်။

ရခိုင်ရိုးရာကျင် အားကစားမှာ နပမ်းတစ်မျိုးဖြစ်ပြီး ခွန်အားဗလ၊ ပညာဉာဏ်တို့ဖြင့် ထိုးကြိတ်ခြင်းမပါပဲ မြေကြီး သို့ လှဲချရသော ပညာဖြစ်သည်။ ရခိုင်သမိုင်း မှတ်တမ်းများအရ ရခိုင်သမိုင်း စတင်ခါစ ဒွါရာဝတီနိုင်ငံကို အုပ်ချုပ်ခဲ့သော ၀ါသုဒေ၀၊ ဗလဒေ၀ မင်းညီမင်းသား တစ်ကျိပ်တို့ အားစမ်းသောအနေဖြင့် ကစားကြသော ပညာက စတင်လာခဲ့ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲ၊ ဘုရားပွဲ၊ သင်္ကြန်ပွဲနှင့် ရဟန်းခံရှင်ပြုပွဲတို့တွင် ထည့်သွင်း ကျင်းပလေ့ရှိသည်၊၊ မြန်မာနိုင်ငံတွင် မဆလခေတ် ကတည်းက နိုင်ငံတော် ပွဲလမ်း သဘင် များတွင် ထည့်သွင်း ကျင်းပခဲ့သော လူကြိုက်များသည့် အားကစား ပညာရပ် တစ်ခုလည်း ဖြစ်သည်။

ကိုကျော်သောင်းမှပေးပို့ပါသည်။

No comments:

Post a Comment