2.21.2009

အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ညနေတွင် စတင်လွှတ် နိုင်ငံရေးအကျဉ်းသား အချို့ လွတ်မြောက်လာ

infornt of Insein prison



အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ် သတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှု အပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့် အနေနှင့်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော် အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း ရေးသားထားသည်။

ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။

“အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်”ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်”ဟု ပြောသည်။

ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။

ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။

မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ် အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ် သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းစိန်ထောင်မှ အကျဉ်းသား ၁၀၀ ကျော် ပြန်လွှတ်ပေးခဲ့ရာတွင် အကျဉ်းသူ ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် အကျဉ်းကျနေသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အချို့ လည်း ပါဝင်ခဲ့ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတဆင့် သိရှိရသည်။

လွတ်မြောက်လာသူများအနက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဗားကရာတိုက်မှ သံဃာတော် ၄ ပါး၊ ရန်ကင်း စန္ဒသူရိယ ကျောင်းတိုက်မှ သံဃာတပါးနှင့် ခရမ်းမြို့နယ် ကိုင်းကုန်းကျောင်းတိုက်မှ သံဃာတော် ၂ ပါးလည်း ပါဝင်သည်။

အဆိုပါ သံဃာ ၇ ပါး၏ ဘွဲ့အမည်၊ သက်တော်နှင့် ထောင်ဒဏ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးသိရိန္ဒ ခေါ် ကျော်မိုး (ဗားကရာ) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၅ နှစ်)

၂။ ဦးကေသရ ခေါ် ကျော်မင်းသက် (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၃။ ဦးဒမ္မိက ခေါ် ထွန်းထွန်း (ဗားကရာ) (ထောင်ဒဏ် ၁၅ နှစ်)

၎။ ဦးတိက္ခ၀ိန္ဒြာယ ခေါ် မောင်ဇော် (ဗားကရာ) (ထောင်ဒဏ် ၁၇ နှစ်)

၅။ ဦးအဂုင်္ရ ခေါ် အေးထွန်းသာ (စန္ဒသူရိယ) (ထောင်ဒဏ် ၁၆ နှစ်)

၆။ အာဒိစ္စ ခေါ် အောင်ကိုကို (ကိုင်းကုန်း) (ဖမ်းဆီးစဉ်က သက်တော် ၁၆ နှစ်) (ထောင်ဒဏ် ၁၆ နှစ်)

၇။ မကိန္ဒ ခေါ် မင်းဇော်အောင် (ကိုင်းကုန်း) (ထောင်ဒဏ် ၁၆ နှစ်)

ယခု သံဃာအားလုံးအား ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး အမြင်ကပ်ပုဒ်မဟု လူသိများသည့် (၀ါ) နိုင်ငံရေးပုဒ်မဟု ခေါ်ဆိုကြသည့် ပုဒ်မ ၅ (ည) အပါအဝင် တရားမဝင် စာရွက်စာတမ်း လက်ဝယ်ထားရှိမှု၊ သာသနာတော်အား ညိုးနွမ်းအောင် လုပ်ဆောင်မှု စသည့် ပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှင့်အတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ အဖွဲ့ဝင် ကိုထွန်းထွန်း၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးခိုင်ဘမြင့် လွတ်မြောက်လာသည်ဟုလည်း သိရသည်။ မန္တလေး အိုးဘိုထောင် မှလွှတ်ပေးသောအကျဉ်းသား ၄၇ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂ဦး ပါဝင်ပြီး မြစ်ကြီးနားထောင်မှ လွှတ်ပေးသော အကျဉ်းသား ၃၁ဦးတွင် အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဦးဖေစိန်တို့ ပါဝင်သည်ဟု သိရပါသည်။

နောက်ဆက်တွဲ လွတ်မြောက်သူများ စာရင်းကို ဆက်လက်ထုတ်ပြန်ကြေငြာသွားပါမည်။

No comments:

Post a Comment