3.18.2009

ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးက မြန်မာအမျိုးသမီးများအား အိမ်ဖေါ်အလုပ် မလုပ်သင့်ကြောင်းပြောဆို

Photobucket

ဘန်ကောက်မြို့မှာ ကျနော်တို့ ကယ်တင်ကူညီခွင့်မရရှိတဲ့ မြန်မာမလေးတွေ ဘယ်လောက်ထိ လူမျိုးခြားတွေဆီမှာ လိင်ဖျော်ဖြေ ပေးနေရတယ် ဆိုတာ မခန့်မှန်းနိုင်ပါ (ကိုကျော်သောင်း)

မတ်လ ၁၈

အိမ်ရှင်မှ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်မှု မှ လွတ်မြောက်လာသူ မြန်မာ အိမ်ဖေါ် အလုပ်သမ တစ်ဦးက မြန်မာအလုပ်သမ များ အနေဖြင့် အိမ်ဖေါ်အလုပ်ကို မလုပ်သင့်ကြောင်း ပြောဆို လိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်အလုပ် လုပ်ကိုင်နေစဉ် အိမ်ရှင်အဖိုးကြီးက သားမယား ပြုကျင့်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသဖြင့် ဘန်ကောက်မြို့  အခြေစိုက် “ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း”ထံသို့ ရောက်ရှိလာသော ပဲခူးတိုင်း - - - - မြို့ နယ်- - - - ကျေးရွာမှ အသက် ၂၀ အရွယ် မ - - - - က ပြောဆို လိုက်ခြင်းဖြစ်သည်။

“သမီး ဘန်ကောက်ရောက်တာ ၃လရှိပြီ၊ သမီးအလုပ်လုပ်တဲ့ အိမ်ရှင်သူဌေးရဲ့  မယားငယ်က ယောက်ျားလျာ လိုလို ဘာလိုလို သမီးကို တချိန်လုံး အောကားတွေ ဖွင့်ပြတယ်။ သမီးရေချိုးရင် ရေချိုးခန်းထဲကို လိုက်လာပြီး ဟိုကိုင်ဒီကိုင် လုပ်တယ်၊ သူ့ကိုလည်း သမီးကို ကိုင်ခိုင်းတယ်၊ သမီးငြင်းဆန်ပေမယ့် မရဘူး၊ ပြီးတော့ သမီးရှေ့  သူတို့လင်မယား လိင်ဆက်ဆံပြတယ်၊ သမီးရှက်လို့ ထွက်ပြေးတယ် တော်တော် ရှက်စရာ ကောင်းပါတယ်။ သမီးကို မယားငယ်လုပ်ဖို့ စည်းရုံးတယ်၊ သမီးက သူများ မယားငယ်လုပ်ပြီးမှ ရမယ့်ပိုက်ဆံကို မလိုချင်ဘူး၊ အလုပ်ကြိုးစားပြီး ရတဲ့ငွေကိုပဲ သမီးရချင်တယ်''။

အဆိုပါ သူဌေးမှာ အသက် ၆၀ကျော် အရွယ်ခန့်ရှိပြီး သူ၏ မယားငယ်မှာ အသက် ၃၀ ၀န်းကျင်ဖြစ်သည်။ သူဌေးတို့ လင်မယားနှင့် အတူတူအိပ်စက်ရပြီး တနေ့နေ့ တစ်ချိန်ချိန်တွင် မိမိဘ၀ နစ်မွန်းနိုင်သည်ကို မြင်သဖြင့် မြန်မာအလုပ်သမ မှာ လွတ်မြောက်နိုင်မည့် အခွင့်အခါကို စောင့်နေခဲ့သည်။ သူမနှင့်အတူ အခြား မြန်မာအိမ်ဖေါ် တစ်ဦးပါ ရှိသဖြင့် နှစ်ယောက်သား ခြံစည်းရိုးကို ကျော်၍ ထွက်ပြေးလာခဲ့သည်ဟု ဆိုသည်။

“သမီးကို သူဌေးက ကြိုက်တယ်ဆိုပြီး သမီးကို မဲဆောက်က ပို့ပေးတဲ့ ပွဲစားကို လှမ်းပြောတယ်။ ဘန်ကောက်မှာ ကရင်မ ပွဲစား၂ယောက်က သမီးကို အကြီးအကျယ် လိုက်ရှာနေတယ်၊ ဗမာလူမျိုးအချင်းချင်း သူတို့ ငွေရ ရင်ပြီးရော သမီးကို ပြန်ပို့ဖို့ ရှာနေကြတယ်၊ အိမ်ဖေါ်ဆိုပြီး အချိန်ပြည့်ခိုင်းတယ် ထမင်းကို ၀အောင် မကျွေးဘူး အသီးအရွက်နဲ့ပဲ စားရတယ်။ ထမင်းဂျိုးကို ရေးနှုးပြီး ကျွေးတယ်။ စိတ်ချမ်းသာတဲ့ နေ့ဆိုတာ မရှိဘူး၊''ဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သက်သက်ဦးက “ကျမတို့ဆီကို ဒီကိစ္စမျိုးတွေနဲ့ မကြာခဏဆိုသလို ရောက်လာကြတယ်။ ကျမတို့ ကိုယ်တိုင်လည်း အလုပ်သမားပဲလေ၊ နိုင်သလောက်တော့ ကူညီပေးတာပေါ့။ ကျမတို့က ငွေကြေးတတ်နိုင်တဲ့ အဖွဲ့မဟုတ်ဘူးလေ။ ကျမတို့ စားသလို ကျွေးတယ်၊ ကျမနဲ့ အတူအိပ်တယ်၊ ကျမတို့ သိတာလေးတွေကို ရှင်းပြပေးတယ်၊ ဆေးဝါးကုသဖို့ ကျရင်တော့ အခြားအဖွဲ့အစည်းတွေကို အကူအညီ တောင်းရတာပေါ့နှော်။

ဘန်ကောက်မှာ မြန်မာအလုပ်သမားတွေကို ထိထိရောက် ကူညီနိုင်မယ့် အဖွဲ့တွေ လိုအပ်ပါတယ်၊ အလှမ်း ကျယ်ပြီး အလယ်လပ် နေတာ၊ ဘန်ကောက်မှာ အိမ်ဖေါ်တွေ၊ ပြင်ပကို လုံးဝမထွက်ရတဲ့ အလုပ်ရုံတွေ ရှိပါတယ်၊
မြန်မာ အမျိုးသမီးလေးတွေ အခြားအလုပ်ကိုပဲ လုပ်ကြစေချင်ပါတယ်၊ ဘ၀လုံခြုံမှုလုံးဝမရှိတဲ့ ဒီအိမ်ဖေါ် အ လုပ်ကို မလုပ်ကြပါနဲ့လို့ ကျမ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ဆီကို ဒီလိုကိစ္စမျိုး အမြဲရောက်ပါတယ်''ဟု ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအရ အိမ်ရှင်မှဖြစ်စေ တစ်စုံတစ်ယောက်မှဖြစ်စေ မတော်မတရား ပြုကျင့်ခံရသော မြန်မာအလုပ်သမများမှာ ဘတ်မရှိလျှင် နယ်စပ်ကို ပြန်ပို့ခံရမည်ဖြစ်သည်။ ထို့ပြင် အမှုရင်ဆိုင်နေရစဉ် အတွင်း အမျိုးသမီး ထိမ်းသိမ်းေ၇း စခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေမရရှိပဲ နေရသည်။ အင်ဂျီအိုများနှင့် ပူးပေါင်း၍ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်း၍ အမှုမှန် ပေါ်ပေါက်အောင် ဖေါ်ထုတ်ရမှု များမှာလည်း များစွာ ခက်ခဲကြန့်ကြာ တတ်သည်။

No comments:

Post a Comment