ရှေးပဒေသရာဇ်ခေတ်က ကျွန်တော်တို့၏ ဘိုးဘေးများသည် မင်းဆိုးမင်းညစ်များနှင့် ကြုံရသည့်အခါ မင်းလောင်း မျှော်ကြသည်။ သူ့ကျွန်ဘဝတွင်လည်းထိုအတိုင်းပင် နောက်ပိုင်းခေတ်တွင် ခေါင်းဆောင် ကောင်းကိုမျှော် ကြသည်။ ယခုအချိန်တွင်လည်း ကျွန်တော်တို့ ပြည်သူလူထု သည် အကျယ်ချုပ်ကျနေ သော လူထုခေါင်းဆောင်၏ ဦးဆောင်မှု၊ ခေါင်းဆောင် တဦးဦး ၏ ဦးဆောင်မှုကိုသာ မျှော်လင့်နေ ကြသည် ။
ထိုအချက်ကို သိသော ထိုအားနည်းချက် ကို ကျေညက်နေသော၊ စစ်အာဏာရှင်များသည် ယခုအခါ ကျွန်တော်တို့၏ခေါင်း ဆောင်များကိုဖမ်းဆီးချုပ်နှောင်ထားသည်။ တက်ကြွ လှုပ်ရှားသူများ အားလုံးကို နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်သည်။ ခေါင်းဆောင်မှု ပေး နိုင်သူ အားလုံးလိုလိုကို အငြိုးကြီးစွာ ချုပ်နှောင် ဖိနှိပ်ပြခြင်းဖြင့် နောက်လိုက်နောက်ပါ ပြည်သူလူထု၏ စိတ်ဓါတ်ကိုပြိုကွဲစေသည်။ ပြင်းပြင်းထန်ထန် ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်း ဆီးခြင်း။ အများပြည်သူရှေ့တွင် ဖိနှိပ်ပြ ခြင်းဖြင့်အကြောက်တရားတို့ကို ဖြစ်ပေါ်စေသည်။
စစ်ဏာရှင်တို့သည် သူတို့ ယခုအချိန် အထိ သက်ဆိုးရှည် နေစေရန် အောက်ပါ အချက် (၃) ချက်ကို စဉ်ဆက်မပြတ် ထူထောင်ထား ပါသည်။
ပထမအချက်မှာ အကြောက်တရား ကိစ္စ ပင်ဖြစ်သည်။
လူ့ဘောင် အသိုင်းအဝိုင်း အ တွင်း စာသင်အရွယ် ကတည်းက ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ ကို လွန်ကဲစွာ ကြောက်လာခဲ့စေရန် ပျိုးထောင်ခြင်း ခံခဲ့သည်။ဝန်ထမ်း လောကထဲတွင် ဖြစ်စေ၊ စစ်တပ် ထဲတွင်ဖြစ်စေ၊အောက်မှ အထက်ကို အဆင့်ဆင့် ကြောက်နေ စေရန် ဆင့်ကဲ ဆင့်ကဲ အကြောက်တရားကို ထူထောင်ထားသည်။ ဥပမာ - အောက်ခြေ အဆင့် စစ်သား တစ်ဦးသည် ဗိုလ်ချုပ်မှုးကြီး အဆင့်ကို မျက်နှာချင်းပင် ဆိုင်မကြည့်ရဲပါ။ မော်ဖူးစေဟု မိန့်မှ မော်ဖူးရဲမည် ဖြစ်သည်။
ဒုတိယအချက်မှာ အငတ်ဘေးဖြစ်သည်။
စစ် အာဏာရှင်များသည် အခြေခံ လူထုများကို စားဝတ်နေရေး ပြဿနာများနှင့် အမြဲ လုံးထွေးနေ စေပါသည်။ သို့မှသာသူတို့မလိုလားသည့် အခြား အတွေးအခေါ်တို့ ဝင်မလာ မည်ဖြစ်သည်။
ဥပမာ-လူတစ်ယောက်သည် မနက် အိပ်ယာ ထသည်နှင့် ဒီနေ့စားဖို့ ဘယ်လိုလုပ်ရမည် ကို စဉ်းစားရသည်။ တစ်နေကုန် ကြက်ယက် သလို နဖူးကချွေး ခြေမ ကျအောင် ရှာဖွေလုပ် ကိုင်မှ တစ်နေ့စာ မဝရေစာ စားနိုင် သည့် အခွင့်အရေးကို ရမည်။ ပြီးသည်နှင့် ပင်ပန်းစွာ အိပ်မောကျ သွားပြီး နောက်တစ်နေ့ နံနက်တွင် ထိုဇာတ်လမ်းကို ပြန်စရ သည်။ ထိုအခါ နိုင်ငံရေးကို စဉ်းစားရန် မရှိတော့။ ဦးဆောင်သူရှိ၍ အုံကြွမှုများ ဖြစ်လာသည့် အခါမှသာ နာကျည်း ခံပြင်းစိတ်ဖြင့် ပါဝင် လာတော့သည်။
မြန်မာပြည်၏ များစွာသော ပြည်သူတို့သည် ထိုသံသရာတွင် လည်နေကြသည်။ ထိုသို့ ဖြစ်စေရန်လည်း အာဏာပိုင် အဆင့်ဆင့်၊ စစ်တပ်အရာရှိအဆင့်ဆင့်ကို အကျင့်ပျက် ခြစားခွင့် ပေးထားသည်။ အနိုင်ကျင့် ဖိနှိပ်စေသည်။ ထိုသူများ ကောင်းစွာ အလုပ် မလုပ်၊ ထိုသို့ ဖိနှိပ် နေမှ လူထု ဒုက္ခရောက်မည်။ အငတ်ဘေးနှင့်ကြုံရမည်မဟုတ်ပါလား။ ထိုသို့ ပြည်သူ အများစုမှာ တနေ့စာ စား ဝတ် နေရေး အတွက် လုံးပမ်းနေချိန်တွင် သူတို့ ကတော့ တညတည်း သို့ နာရီပိုင်း အတွက် ကျပ်သိန်းပေါင်း မြောက်များစွာကို အတွန့်အဆုတ်မရှိ ဖြုန်းတီး နေနိုင်သည်။ သူတို့ ဇနီးမယားများ သားသမီးများကို စိန် စီထားသည်။ ဒီကြားထဲကပင် တိုင်းပြည်ကို သူတို့ပဲ ကယ်တင်နေသလိုလို ခပ်တည်တည်ဖြင့် ဝါဒ ဖြန့်သည်။
တတိယအချက်မှာ သူတို့ပေးချင်၊ သိစေချင်သော သတင်းအချက်အလက် ဖြစ်စဉ်များမှ အပ အခြားဗဟုသုတများ၊ တွေးခေါ်မျှော်မြင်မှုများ မရှိစေရန် ချုပ်ကိုင်ထားသည်။
စီစစ်ရေး အမျိုးမျိုးကို ထူထောင်၍ တင်းကျပ်စွာ စီစစ်သည်။မတတ်သာ၍ လက်လျှော့ထားရ သော ဂြိုလ်တု စလောင်း အသုံးပြုမှုများ၊ အင်တာနက်အသုံးပြုမှုများကိုပင် အမျိုးမျိုး အနှောင့် အယှက် ပေး၍ တင်းကြပ်စွာ စီစစ် သည်။ အသိအမြင်သည် အတွေးအခေါ် ကို ဖြစ်ပေါ် စေသည်။ တီထွင်ဆန်းသစ် ဖန်တီးမှုကို ဖြစ်ပေါ်စေသည်။ ဗဟုသုတ ရှိသူများကို လွယ်ကူစွာ လှည့်စား၍မရ။ ထို့ကြောင့် သူတို့လိမ်ချင်တိုင်းလိမ်၍ ရစေရန် လူထု၏ အသိပညာ မျက်စိကို ထိုးဖောက်ဖျက်ဆီးထားပါသည်။
လူထုကို နိုင်ငံရေး လှုပ်ရှားသူများနှင့် မပတ် သက်ရဲရန် အုပ်စုဖွဲ့ နည်းမျိုးစုံသုံးကာ ခြောက်လှန့်သည်။ လူသားအခွင့်အရေးတို့ကို နည်းမျိုးစုံဖြင့် ချိုးဖောက်သည်။ ထိုအချက်များ အပေါ် တွန်းလှန် တိုက်ဖျက် သူများကို မတရား ပြစ်ဒါဏ်များချသည်။ နောက်ထပ်မည်မျှပင် ထပ်ကြိုးစား စေကာမူ ထိုသို့ပင်ဖိနှိပ်မည်ဟူသောအရိပ်လက္ခဏာများကို တွင်တွင် ပြထား သည်။
ထိုသို့ဆောင်ရွက်မှု များကြောင့် လူထု လှုပ်ရှားမှုများ၊ အဆက်ဆက်သော မျိုးဆက်သစ်တို့၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားသည် ဟူ၍ မရှိခဲ့၊ သို့သော် တက်လာသမျှသော ဦးဆောင်သူ များကို နအဖတို့က သူတို့၏ ရှေးရိုးနည်း လမ်းအတိုင်းပင်ဆက်လက်ဖမ်းဆီး အကျဉ်း ချသောနည်းဖြင့် ဖြေရှင်း ပြန်လေသည်။
သံသရာကထိုသို့ပင် လည်နေရသည်။ ထိုအစဉ်အလာကို ဘယ်ကဲ့သို့ ချိုးဖျက်ကြပါမည်
နည်း။ အမှန်တကယ် စဉ်းစားကြည့်မည်ဆို လျှင်တိုင်းပြည်၏ကံကြမ္မာကို ခြယ်လှယ် နေသူ များမှာ ဆယ်ဂဏန်းမျှသောအရေအတွက်သာ ရှိသည်။ ထိုဆယ်ဂဏန်း ထဲတွင်မှ ဆုံးဖြတ် ချက် ပေးနိုင်သောသူသည် သုံးလေးဦးမျှသာ။ ကျန်သူများသည် ထိုသူများ၏ အတည် ပြုချက် မပါပဲ ဘာမှ လုပ်ရဲသူများမဟုတ်။
လူသန်း၅၀ကျော်ရှိသော တိုင်းပြည်တခုတွင် လူ လေးသန်းခန့်က ပြည်ပနိုင်ငံများတွင်
ရောက်နေရသည်။ အချို့က မိမိတို့ တကိုယ်ရေ တိုးတက်ကြီးပွါးရေး အတွက်၊ အချို့က အသက်အန္တရာယ်ဘေးကြောင့်၊ အချို့က အငတ်ဘေးကြောင့် ထွက်ပြေးလာကာ၊ အချို့က ပြည်တွင်းရှိ မိမိတို့ မိသားစုများ ရှင်သန် ရပ်တည်နိုင်ရန် အတွက် ကြိုးစားရုန်းကန် နေကြ ရသည်။
ပြည်တွင်းရှိ လူ၅၀သန်းခန့်တွင် ထိုဆယ် ဂဏန်း အနည်းငယ် မျှသော လူများနှင့် ပါတ်သက်ရာ ပါတ်သက်ကြောင်း မျှသာ ချမ်းသာ ကြွယ်ဝ ကြသည်။ သူတို့နှင့် ပါတ် သက် တော်စပ်မှု မရှိလျှင် သူတို့ မှလက်ခံ ကြည်ဖြူ စေရန် လာဘ်ထိုး ပဏ္ဍာ ဆက်ရသည်။ သို့မှသာ ရပ်တည်ခွင့်ရမည်။ ထိုသန်း၅၀ကျော်မျှသော လူတို့၏ ကံကြမ္မာ ကို လူသုံးလေးဦးမျှက ထင်သလို ခြယ်လှယ် နေသည်။
ထိုသို့ သူတို့ အနိုင်ကျင့် ဖိနှိပ်နိုင်စေရန် လူဦးရေ လေးသိန်းမျှရှိသော စစ်တပ်က ကျားကန်ပေးထားသည်။ အံသြစရာ ကောင်းသည်မှာ ထိုစစ်တပ်၏ အောက်ခြေ အဆင့် တပ်သား များသည်လည်း မြန်မာပြည်၏ အခြား အခြေခံ ပြည်သူလူထုများ၏ ဘဝနှင့် ဘာမှ ပိုမိုထူးမခြားနား။ ထိုစစ်အာဏာရှင်ကြီးများ၏အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုအတွက် အသက်ကိုပေး၍ ဆောင်ရွက်နေကြရ သော်လည်း သူတို့၏ မိသားစုများမှာ နောက်တန်းတွင် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။
ပို၍ ဆိုးရွား သည်မှာ ရဟန်း သံဃာများကို သတ်ဖြတ်သူများ၊ ကျောင်းသား ပြည်သူများကို နှိပ်စက် သတ်ဖြတ်သူများ အဖြစ် အများပြည်သူ၏ အမုန်းကို ခံယူရသေးသည်။ သူတို့၏ မိသားစု သားသမီးများသည် စစ်သား သားသမီး ဆိုသော အဖြစ်ကို လူကြားထဲ တွင်ပင် ထုတ်ဖော် မပြောရဲ။
ထိုသို့ဆိုလျှင် အရာရှိအဆင့် စစ်သားများကကော မည်သို့ အခြေအနေ ရှိပါမည်နည်း။ အချို့ အရာရှိ များသည် ယူနီဖောင်းလေး ကျော့နေအောင် ဝတ်၍ ဌာနကပေးသော ကားလေးစီး၊ ကိုယ်ပိုင်ကားလေး စီးကာ အ ဆင်ပြေနေသလို၊ အချို့အရာရှိများသည် ရှေ့တန်း စစ်မြေပြင် တွင် သေမင်းနှင့် ရင်ဆိုင်နေရသည်။ နောက်တန်းသို့ ရောက်ပြန်လျှင်လည်း ထိုအရာရှိ များလို စည်းစိမ်ခံခွင့်မရှိ၊ ကွာခြားချက်သည်ကား ကျောထောက် နောက်ခံပင် ဖြစ်သည်။
အမြဲစည်းစိမ် ခံနိုင်သော အရာရှိများမှာ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးကြီးများ၏ သား များ ဆွေမျိုးများ ဖြစ်၍ အမြဲ သေမင်းနှင့် စစ်ခင်းနေရသူ အရာရှိများမှာ ဝါဒ ဖြန့်ချီမှုများကို အဟုတ်ကြီး မှတ်၍ ဆွေမရှိ မျိုးမရှိနှင့် တပ်ထဲ ရောက်လာသူများ ဖြစ်သည်။
အရာရှိများ အဆင့်သည် နိမ့်သေးသည် ဆို လျှင် အရာရှိကြီးများ အဆင့်ကို လေ့လာ ကြည့်ကြ ရအောင်။ အရာရှိကြီးများ အဆင့်သည် ထိုစစ်အာဏာရှင်ကြီးများ ရပ်တည်မှု အတွက် အရေးကြီးသော ဒေါက်တိုင်ကြီးများ ဖြစ်လာသဖြင့် လူရိုသေရှင်ရိုသေ အခွင့်အ ရေးများတော့ ရရှိပေသည်။
သို့သော်ဒီမိုကရေစီအရေး အတိုက်အခံများ အရေးနှင့် မပါတ်သက် စေဦးတော့ ဘယ်အရာရှိကြီးသည် ဦးသန်းရွှေ၏ သမက်ဗိုလ်မှူး အဆင့်သာ ရှိသူကို အမိန့်ပေး စေခိုင်းရဲပါ သနည်း။
နိုင်ငံခြား စစ်သံရုံးများတွင် ပို့ထားသော၊ မြို့ ပေါ် နေရာကောင်းများတွင် ထားသော ဗိုလ် ချုပ်ကြီးများ၏ သားများအား ရှေ့တန်းသို့ အခြားအရာရှိများနည်းတူထွက်ရန် စေခိုင်းရဲ ပါသနည်း။
ယုတ်စွအဆုံး ဘယ်ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီး၊ ဘယ်ဒုဗိုလ်မှူးကြီးကတော်သည် ဦးသန်းရွှေ သမီးအားသမီးတော်လေးဟုမခေါ်ပဲ နေရဲပါသလဲ။တာဝန်နှင့် မဆိုင်ပဲအနိုင်ကျင့် ခိုင်းစေ မှုများအတွက် ဘယ်သူက အငြိုငြင်ခံကာ မလုပ်ပဲ နေရဲပါသလဲ။ ခေါင်းဆောင်ကြီးဟု သူတို့ကိုယ် သူတို့ ပြောသည့်သူများ၏ သား သမီးမြေးများ၏လူု့ကျင့်ဝတ် ဖောက်ဖျက်မှုများ အနိုင်ကျင့်စော်ကားမှုများကို ဘယ်သူ က လူသိရှင်ကြား ဖွင့် ချရဲပါသလဲ။
အားနည်းသော ခိုကိုးရာမဲ့ ပြည်သူများ အပေါ်အနိုင်ကျင့်ဖိနှိပ်ခွင့်နှင့်အကျင့်ပျက် ခြစားခွင့် အချို့ကိုရရှိနေသော်လည်းထိုသူများ၏ ဇနီးမယား၊ သားသမီးများသည် ထိုခေါင်းဆောင် ကြီးများ မိသားစုများ၏ အိမ်တော်ပါ ကျွန်များနှင့် မခြား ပြန်လည် ဖိနှိပ်ခံ နေကြရသည်။ ထိုအခြေအနေ များဖြင့် နေရသည်နှင့် စာလျှင် ဇာတ်ထဲက ဝန်ကြီး၊ ပြဇာတ်ထဲက စစ်ဗိုလ်ကြီး လုပ်ရသည်ကမှ ပိုမိုဂုဏ်ရှိ ပါဦး မည်။
ထိုအခြေအနေ များအရ တကယ်တန်းတွင် မည်သူမှ ယခု အခြေအနေတွင် ကျေနပ်နေ ကြသည် မဟုတ်။ သို့ရာတွင် ထိုမကျေနပ်မှု များကို စစ်အာဏာရူး မှူးကြီး သန်းရွှေနှင့် သူ၏လက်ဝေခံများက အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်းအကြောက်တရား၊အငတ်ဘေး အသိပညာ ချို့တဲ့မှု တို့ဖြင့် ထိန်းချုပ်ထားသည်။
ထို့ကြောင့်လူအားလုံးသည် မိမိတို့ကိုယ်တိုင် မဆောင်ရွက်နိုင်ကြသည့် အခါ ဦးဆောင် ဦးရွက်ပြုမည့် ခေါင်းဆောင်ကို မျှော်လင့်ကြသည်။ ထိုအခါ ထိုစစ်ခေါင်းဆောင်တို့က ထို ခေါင်းဆောင်များကို ဖမ်းဆီး၍ ၆၅နှစ် နှစ်၁၀၀ စသော ထောင်ဒဏ်များကို ချပြ၍ အကြောက် တရားဆီ ရောက်အောင် ပို့ ဆောင်ပြန်သည်။ သံသရာ တပါတ် ပြန်လည်ပြန် တော့သည်။
အမှန်မှာမူ လူတိုင်းသည် မိမိတို့ ကြမ္မာကို မိမိတို့သာ ဖန်တီ်းကြသည်။မိမိတို့ မိသားစု ဘဝကိုမိမိတို့တည်ဆောက်ကြသည်။ထိုနေရာတွင်မူ မည်သူ၏ ခြယ်လှယ် ဦးဆောင်မှု ကိုမျှ မတောင်းဆိုကြပါ။ ဆိုလိုသည်မှာ မိမိ၏ မိသားစု ဘဝကို ဖန်တီ်းရာ နေရာ၌ မည့်သည့် ခေါင်းဆောင်ကိုမျှ မမျှော်ကြ။ အခွင့်အလမ်း အပြောင်းအလဲ ရှိလျှင်ရှိသလို မိမိတို့ ဆုံးဖြတ် ချက်ဖြင့် မိမိတို့ လှုပ်ရှား ဆောင်ရွက်သည်။
ထို့သို့ဆိုလျှင်ယခု တိုင်းပြည်အရေး ဆိုသည် ကကော။ တိုင်းပြည်အရေး ဆိုသည်နှင့် စကား လုံးက ကျယ်ပြန့်၍ တွန့်ဆုတ်သွားကာ မိမိကိုယ်တိုင်ပင် ဦးဆောင် နိုင်သည် ဆိုသော အသိသည် ပျောက်ကွယ် သွား သည်။ အမှန်မှာမူ တိုင်းပြည် အရေးသည် လည်း မိမိတို့ ဘဝအရေးပင် ဖြစ်ပြီး ထိုတိုင်းပြည် တိုးတက်ပြောင်းလဲ ခြင်းသည် မိမိတို့ ဘဝ တိုးတက် ပြောင်းလဲ ခြင်းသာ ဖြစ်ပေ၍ သူတပါး လာရောက်ဦးဆောင်မှ မိမိ တို့ဘဝ ပြောင်းလဲ ရမည့်အခြေအနေကိုစောင့်သင့်ပါသလော သို့ မိမိတို့ဘာသာ တတ်စွမ်းသည့် အရည်အချင်း ဖြင့် ဦးဆောင်မည်လော ဆိုသော အချက်ကို လူတိုင်း အလေးအနက် စဉ်းစားကြရန် လိုပါ သည်။
သူကြီးမရှိတော့၍ မိမိတို့ ရွာကို ဓားပြ တိုက်လာသည့် အခါ မိမိတို့ဘာသာ စုပေါင်း ကာကွယ်ရမည်။ သူကြီးကိုယ်တိုင် ဓားပြဖြစ် နေလျှင်လည်း မိမိတို့ဘာသာ စုပေါင်း တွန်းလှန် ရမည်။ ခိုင်မာသော ဦးဆောင်မှု ရှိလျှင် ညီညာစွာ စုပေါင်းဝန်းရံရမည်။ ဦးဆောင်မည့်သူ မရှိ လျှင်လည်း မိမိတို့ ဘာသာ စုပေါင်း ဦးဆောင်ရပေမည်။ မိမိတို့ ကံကြမ္မာ ကို မိမိတို့ ဘာသာ ဖန်တီ်းရန် မိမိတို့သည် သာမန်အရပ်သား တဦးဖြစ်စေ၊ ဝန်ထမ်း တ ဦးဖြစ်စေ၊ တပ်မတော်သား တဦးပင် ဖြစ်စေ၊ကျောင်းသား လူငယ်တဦးပင် ဖြစ်စေ မိမိ ကိုယ်ကို ဦးဆောင်နိုင် သလို အများကို ဦးဆောင် သူလည်း ဖြစ်လာနိုင်ပါသည်။
အရေးတကြီး ဆောင်ရွက်ရန်တခုမှာ ဘာမှန်းမသိ ကြောက်နေရသည့် စစ်ဏာရှင် လူအ နည်းငယ် က ကာရံ ထားသော အကြောက်တရား တံတိုင်းကြီးကို စနစ်တကျ ချိုးဖျက်နိုင်ရန်နှင့်၊ အခွင့်အလမ်း အခြေအနေ အပေါ်မူ တည်၍ မိမိတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် မိမိတို့ကိုယ်တိုင် ခေါင်းဆောင်အဖြစ် ပြတ်သားစွာ အကောင်အထည်ဖေါ် ဆောင်ရွက် သွားကြ ရန်သာ ဖြစ်ပါသည်။
No comments:
Post a Comment