3.07.2009

၂၀၁၀ ရွေးကောက်ပွဲနှင့် အပစ်အခတ်ရပ်စဲရေး အဖွဲ့များ၏ ကံကြမ္မာ


မတ်လ(၆) ရက်၊ ၂၀၀၉

ဒီအပိုင်းမှာတော့ နအဖဟာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ ကိုယ်ကျိုးအသုံးချဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ နှမ်းဖြူးကာ ပံ့ပိုးမှု ဆောင်ရွက်ပေးခဲ့တယ်။ ရေရှည်မှာ နအဖဟာ တိုင်းရင်းသားတွေအပေါ် ပံ့ပိုးမှု မပေးနိုင်ပုံ၊ နအဖက UWSA ကို အသုံးချပုံ စတာတွေကို တင်ပြပါအုံးမယ်။ နအဖက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာန မဖွင့်လှစ်ခင် စစ်ရုံးမှ နတလ G1 ဒု-ဗိုလ်မှူးကြီး သိန်းဟန်ကို တာဝန်ပေးပြီး “နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ” အဖြစ် ဗိုလ်သန်းရွှေ ဦးစီးကာ ပထမတော့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ယောင်ပြ စတင်လုပ်ပေးပါတယ်။

နတလ G1 ပြုတ်သွားရာ ယခင်က ရမခတိုင်းမှူး ဗိုလ်မောင်သင့်အား နယ်စပ် စည်ပင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ပေးကာ သီးခြား ဖွင့်လှစ် ပြီးတဲ့အချိန်မှာ တိုင်းရင်းသားတွေကို ပံ့ပိုးပေးမှု အစီအစဉ်ဟာ တိုးတက် မလာဘဲ ပိုမိုဆုတ်ယုတ်လာခဲ့ပါတယ်။ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မောင်အေးကလည်း တိုင်းမှူးတွေကို အပစ်ရပ် တိုင်းရင်းသား အဖွဲ့ ကိစ္စဆိုရင် အားလုံးသိထားရမယ်ဆိုပြီး စွက်ဖက်ခိုင်းလို့ တပ်တွင်း အာဏာအားပြိုင် လွန်ဆွဲမှု ဖြစ်ပွားလာတာကြောင့် တိုင်းမှူးတွေရဲ့  ကွပ်ကဲမှုအောက်ကို နတလ ၀န်ထမ်းတွေ ရောက်ခဲ့ပါတယ်။

နတလ ၀န်ထမ်းတွေဟာ တိုင်းမှူး၊ ၀န်ကြီးနဲ့ ကကလှမ်းတို့အကြား ကြားညှပ်ရတဲ့အဖြစ်မျိုး ရောက်ရှိပြီး နယ်စပ် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးဟာ အိပ်မက်ပမာ ဖြစ်ခဲ့ရပါတယ်။ တိုင်းမှူးတွေကလည်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ပါ ဘတ်ဂျက် ငွေများကို အလွဲသုံးစား လုပ်ခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ထိထိရောက်ရောက် မလုပ်ပေးနိုင်တာ တွေ့ရပါတယ်။ ဥပမာ ကျောင်းနှင့် ဆေးရုံတို့ဆိုရင် သင်ထောက်ကူပစ္စည်း၊ ဆရာဝန်၊ ဆရာမ၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်ကိရိယာ၊ ကွန်ပျူတာ၊ မီးစက် ဘာဆိုဘာမှ မရှိဘဲ အဆောက်အဦသာ ဟန်ပြရှိတဲ့ အနေအထားဖြစ်နေရပါတယ်။ လုပ်ပိုင်ခွင့်တွေကို တိုင်းမှူး တွေက ချုပ်ကိုင်ထားတာလည်း ပါပါတယ်။

အပစ်ရပ်အဖွဲ့တွေက စစ်သည်အင်အားတွေရဲ့  စားဝတ်နေရေး၊ ရပ်တည်ရေး စတာတွေကို ဖြည့်စွက်ပေးဖို့ တောင်းဆိုပေမယ့် နအဖဟာ ကတိပျက်ခဲ့ပါတယ်။ ဘိန်းလုပ်ငန်း စွန့်လွှတ်ဖို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရန် နိုင်ငံတကာက ထောက်ပံ့တာကိုလည်း ထိရောက်အောင် နအဖဟာ အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ပါ။ ဒါကြောင့် တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေဟာ စားဝတ်နေရေးအတွက် ဘိန်းလုပ်ငန်းကို လုပ်ရတာမျိုးရှိပါတယ်။ နအဖကလည်း သူတို့အကျိုးစီးပွားနဲ့ အသုံးချဖို့အတွက် မသိဟန်ဆောင်ထားတာမျိုးလည်း ရှိပါတယ်။

ကိုးကန့်၊ “၀” တို့လိုမျိုး အပစ်ရပ် အဖွဲ့တွေဟာ မပခ၊ ရမခ၊ ရပခ၊ ရတခ၊ တြိဂံတိုင်းတို့မှ တိုင်းမှူးများနဲ့ ထိပ်ပိုင်း စစ်အာဏာရှင် မိသားစုတွေအထိ နည်းမျိုးစုံ ချဉ်းကပ် လာဘ်ထိုးပြီး ဘိန်း ကူးသန်းရောင်းဝယ်ခွင့် ကြိုးစား ရယူခဲ့ပါတယ်။ ရတခ ဧရိယာ၊ ရေးမြို့နယ် ပင်လယ်ကမ်းစပ်မှ နိုင်ငံတကာ ရေပြင်ကို ထွက်မယ့် စက်လှေ တစီးအား သတင်းရလို့ ရှာဖွေခြင်း မဟုတ်ဘဲ အမှုမဲ့ အမှတ်မဲ့ အကောက်လိုချင်လို့ ရဲက ရှာဖွေမိရာမှ ဒေါ်လာသန်း (၇၀) တန်ဖိုး ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းမိသွားပါတယ်။ အဲဒီ ဘိန်းတွေဟာ ရန်ကုန်၊ မန္တလေး မြန်မာပြည်မလမ်းအတိုင်း ဧရာဝတီမြစ်အတွင်း ရေကြောင်း၊ ကုန်းကြောင်း၊ ဂိတ်တွေကို ပေးကမ်းကာ ဖြတ်ကျော်လာတာ တွေ့ရပါတယ်။ ဘိန်းတွေ ဘယ်နှကြိမ် ထွက်သွားခဲ့တယ် ဆိုတာကိုတော့ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ထူးဆန်းတာကတော့ ဒီစက်လှေတွေဟာ ဖမ်းဆီးရမိတဲ့ ထိုင်းစက်လှေတွေဖြစ်ပြီး လေလံတင်တယ်ဆိုပေမယ့် ထိပ်ပိုင်းစစ်အာဏာရှင် ဗိုလ်မောင်အေးရဲ့  သမီးအပါအ၀င် စစ်အာဏာရှင် မိသားစုကသာ ပိုင်ဆိုင်သွားခြင်း ဖြစ်လို့ ဒီစက်လှေတွေကို “၀” နဲ့ ကိုးကန့် အဖွဲ့ထံ တန်ဖိုးကြီးကြီးရယူကာ ငှားရမ်းထားတာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူ သယ်တာကို သိမသိ ဆိုတာကိုတော့ ပိုင်ရှင်တွေသာ အသိဆုံးဖြစ်ပါတယ်။

ဆက်သွယ်ရေး ၀န်ကြီးဌာနမှာ GSM၊ Hand Phone ဒေါ်လာ သန်း (၁၀၀) ကန်ထရိုက်ကို ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းက ရရှိပေမယ့် ငွေမတတ်နိုင်လို့ (၈၀) ရာခိုင်နှုန်း ရှယ်ယာ ထည့်မယ့် UWSA “၀” ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်လာပါတယ်။ ဖုန်းဖိုးကို ပြည်သူတွေဆီမှာ တဦးလျှင် ကျပ် (၅) သိန်းစီ ကြိုတင်ကောက်ပြီး တော်တော်နဲ့ မလုပ်ဖြစ်တာရယ်၊ လုပ်ဖြစ်ပြန်တော့လည်း ဈေးကွက်ကို ချုပ်ကိုင်ချင်တဲ့ ဒေါ်ခင်စန္ဒာဝင်းက လောဘဇောတိုက်လာလို့ ရယ်ကြောင့် “၀” တွေက မကျေနပ်ကြရာမှ ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်ကျော်ဝင်းမှတဆင့် ဗိုလ်သန်းရွှေထံ တိုင်တောလို့ ပြဿနာဖြစ်ကာ ၀န်ကြီး ဗိုလ်ဝင်းတင်လည်း ပြုတ်သွားခဲ့ ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားတွေရဲ ငွေကြေးဆုံးရှုံးနစ်နာမှု ကြီးမားသွားခဲ့ပြီး စစ်အာဏာရှင်တွေ အချင်းချင်း လောဘဇောတိုက်မှုမှာ ကြားညှပ်ခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီကိစ္စအတွက် UWSA “၀” ခေါင်းဆောင်တွေဟာ ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်ကျော်ဝင်းကို ပေးကမ်းစည်းရုံးရတယ်လို့ သိရပါတယ်။

န၀တ တက်ခါစမှာ နိုင်ငံခြားငွေအပါအ၀င် သုံးစွဲငွေ အလုံအလောက် မရှိတာမို့ ဘိန်းစိုက်ပျိုးပြီး ရောင်းဝယ်ခွင့်တွေကို မသိချင်ယောင်ဆောင် ပေးလိုက်သလို အပစ်ရပ်အဖွဲ့ အချို့ရဲ့  တရားမ၀င် ငွေမဲများကို ငွေဖြူ အဖြစ် ဖန်တီးပေးကာ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိနေခဲ့ပြန်တယ်။

နအဖဟာ စစ်ရေးအင်အားကိုလည်း တိုးချဲ့ ချင်တာကြောင့် သူတို့ရဲ့  နိုင်ငံခြားငွေ နည်းပါးချိန်မှာ တရားမ၀င် ငွေမဲတွေပိုင်ထားတဲ့ အပစ်ရပ် အဖွဲ့တွေနဲ့ လျှို့ ဝှက်စွာ ပူးပေါင်းလှုပ်ရှားလာပါတယ်။

UWSA ခေါင်းဆောင်တဦးဖြစ်တဲ့ ဝေရှောက်ခန်းရဲ့  ဟုန်ပန်း ကုမ္ပဏီကို မိုင်းဆတ်၊ တာချီလိတ်နဲ့ ကျိုင်းတုံ ကားလမ်းမကြီးတွေ ဖောက်လုပ်ရေး ကန်ထရိုက် ပေးလာပါတယ်။ အလားတူ သံမဏိစက်ရုံလိုမျိုး စက်မှုလက်မှုလုပ်ငန်း ကန်ထရိုက်တွေ ပေးလိုက်ပြီး “၀” ခေါင်းဆောင်တွေက ဟုန်ပန်းကုမ္ပဏီ ထောင်ကာ စက်မှုလက်မှု ဟန်ပြလုပ်လာပါတယ်။

အဲဒီလုပ်ငန်းတွေနဲ့ ရေနက်ကွင်း စီမံကိန်းလိုမျိုး စီမံကိန်းတွေ အကြောင်းပြပြီး ဂျပန်နိုင်ငံလိုမျိုး နိုင်ငံတကာမှာ ရှိနေတဲ့ သူတို့ရဲ့  မူးယစ်ဆေးဝါး ရောင်းရတဲ့ငွေမဲများကို ငွေဖြူဖြစ်အောင် ဖန်တီးကာ ပြည်ပမှ ဘူဒိုဇာ ထွန်စက်တွေ၊ စက်ပစ္စည်းတွေ တင်သွင်းလာသလို တောင်ကိုရီးယားနှင့် ဒေ၀ူးကုမ္ပဏီမှ စီမံကိန်းပစ္စည်းတွေနဲ့ ရောပြီး စစ်တပ်အတွက် လက်နက်ခဲယမ်းပစ္စည်းများ ရောသွင်းလာလို့ တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်မှာ ပြဿနာတက်ခဲ့ရပါသေးတယ်။

စစ်အာဏာရှင်တွေဟာ စစ်တပ်သုံး ရဟတ်ယာဉ်ကဲ့သို့ အပိုပစ္စည်းများ တင်သွင်းဖို့ နိုင်ငံခြားငွေ ခက်ခဲချိန်မှာ “၀” တွေဆီက ပိုက်ဆံတောင်းစားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ခေတ်ပြိုင်ဝက်ဆိုဒ်မှာ ဖော်ပြချက်အရ ၂၀၀၈ ခုနှစ် ဇွန်လမှာ အမေရိကန် ကွန်ဂရက်သို့ နိုင်ငံခြားရေးရာ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဌာနခွဲမှ တင်သွင်းတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းရငွေ တန်ဖိုးမှာ ၁၉၉၀ ပြည့်နှစ်ကတည်းကပင် အမေရိကန် ဒေါ်လာသန်း (၉၀၀) ကျော်ရှိခဲ့ပြီး ယနေ့မှာတော့ ဒေါ်လာသန်း (၂,၀၀၀) ကျော်ရှိကြောင်း သိရပါတယ်။ UWSA အနေနဲ့ ဘိန်းဖြူတခုတည်း ရောင်းရငွေ တန်ဖိုးမှာ ၂၀၀၂ ခုနှစ်က အမေရိကန် ဒေါ်လာသန်း (၃၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် သုံးစွဲတဲ့ ငွေကြေးအများစုဟာ ဝေရှောက်ခန်း၊ ပေါက်ယူချမ်းတို့ရဲ့ ကိုယ်ပိုင်ငွေ ကြေးသာဖြစ်ပြီး “၀” အဖွဲ့အစည်းပိုင် ငွေကြေးမဟုတ်တာ တွေ့ရပါတယ်။

UWSA “၀” ခေါင်းဆောင်တွေရဲ့  စီးပွားရေးလုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတို့အပြင် သိမ်ကြီးဈေး အပေါ်ထပ်က နိုက်ကလပ်၊ အနှိပ်ခန်းတွေကအစ အနှံ့အပြား မြှုပ်နှံထား ရှိတာမို့ နအဖက သူတို့ကို ခြိမ်းခြောက် နိုင်တဲ့ အခြေအနေရှိပါတယ်။

“၀” ခေါင်းဆောင်တွေဟာ သေနတ်ကိုင်ပြီး မန္တလေးမြို့ တော်အထိ သွားလာခဲ့တဲ့ အကြိမ်များမှာ တိုင်းမှူးတွေနဲ့ ပြဿနာတက်ခဲ့ပြီး ဝေရှောက်ခန်းကို စိန်ဝင်း နာမည်နဲ့ မှတ်ပုံတင် နိုင်ငံသားကတ်တခု ကကလှမ်းက လုပ်ပေးရတဲ့အထိ ခြေလှမ်းကြဲခဲ့ပါတယ်။

ရန်ကုန် UWSA ကိုယ်စားလှယ် ကျော်စိန်ဆိုသူဟာလည်း ၀န်ကြီးတွေ ပါးစပ်ဟရင် ခွံ့ပေးရသူ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက သတင်းပေးလာတော့မှ ဇန်န၀ါရီလ (၂၅) ရက်နေ့မှာ ရန်ကုန် အေရှားဝေါပိုင် ဆိပ်ကမ်းမှာ ဘိန်းဖြူကီလိုဂရမ်များစွာကို ရန်ကုန် စင်ကာပူသွား “KOTA TEGET” ကုန်တင် သင်္ဘော ထွက်မယ့်ဆဲဆဲ မူးယစ်ဗဟိုက ဖမ်းမိသွားခဲ့ပါတယ်။

သတင်းကွင်းဆက် ဖော်ထုတ်ချက်အရ လှိုင်သာယာ FMI အိမ်ရာမှာ လိုက်လံရှာဖွေခဲ့ရာက ဘိန်းဖြူ ကီလိုဂရမ်ပေါင်း မြောက်မြားစွာကို ထပ်မံဖမ်းဆီးရခဲ့ပြန်ပါတယ်။ အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ကျော်စိန်ကို ဖမ်းထားပေမယ့် အိုက်ဟော့ကတော့ UWSA ဧရိယာအတွင်း ရှောင်တိမ်းပုန်းခိုနေကြောင်း သိရပါတယ်။

စားတုန်းက ပေါင်းစားပြီး ပေါ်တော့မှ အရေးယူဖမ်းဆီးလို့ “၀” တွေဟာ နအဖနဲ့ မကျေမလည် တင်းမာမှု ဖြစ်နေပါတယ်။ ပေါက်ယူချမ်းရဲ့ သမီးနဲ့ မရခင် ၁၉၉၃ ခုနှစ်ကတည်းက အိုက်ဟော့ဟာ မောင်းမောကုမ္ပဏီ၊ Tetkham ကုမ္ပဏီ၊ BME ကလပ်၊ ရန်ကုန်အဲယားဝေး လေကြောင်းနဲ့ ကျောက်မျက်၊ ဟိုတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းများပိုင်ဆိုင်မှု အကြောင်းပြကာ မူးယစ်ဆေးဝါး အကြီးအကျယ်လုပ်ကိုင်ခဲ့ပြီး ရမခတိုင်းမှူး အဆက်ဆက် ဘိန်းအကောက်ပေးကာ လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

နအဖက “၀” တွေကို လက်နက်ကိုင် စွန့်လွှတ်ဖို့ ဖိအားပေးနေခြင်းအား “၀” တို့ အနေနဲ့ မလိုက်လျောခဲ့ရင် မူးယစ်ဆေးဝါး အကြောင်းပြကာ “၀” ကို မုန်းတီးနေတဲ့ ဗိုလ်မောင်အေးက “ချ” ဖို့ ဟန်ရေးတပြင်ပြင် စစ်ပြင်လျက် ရှိနေပါတော့တယ်။

ဒါပေမယ့် နအဖဟာ ပိုက်ဆံမရှိလို့ “၀” တွေက တိတ်တိတ်ပုန်း ငွေမဲတွေနဲ့ ပိုက်ဆံ ချေးပေးလိုက်ရပြီး လက်နက်တွေ ခိုးသွင်းရတဲ့ ကိစ္စရယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တွေကိုယ်တိုင်တနည်းတဖုံ ပါဝင်ပတ်သက်နေတာရယ်ကို “၀” တွေက ဖော်ထုတ်လိုက်ရင်လည်း နိုင်ငံတကာ မျက်နှာစာမှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားမှာကို နအဖ အနေနဲ့ စိုးရိမ်ပူပန်နေရပါတယ်။ ဒါ့ကြောင့် နအဖအနေနဲ့ အခုချိန်မှာ စုပ်လဲစူး စားလဲရူး ဘ၀မျိုးကို ရင်ဆိုင်နေရပါတယ်။

ဒါဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ရည်ရွယ်ပြီး အာဏာရှင်စနစ်ကို မှားယွင်းစွာ တည်ဆောက်တဲ့အတွက် နအဖအနေနဲ့ အကျပ်အတည်း တွေ့နေရခြင်း ဖြစ်ပါတယ်။ နယ်စပ်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနဲ့ စားဝတ်နေရေး ချောင်လည်ရေးတို့အတွက် လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒကို နအဖဟာ မလွှဲမသွေ ပြောင်းလဲဖို့လိုပါတယ်။

၂၀၀၄- ၂၀၀၅ အမျိုးသားညီလာခံ ကျင်းပခဲ့စဉ် တိုင်းရင်းသားအဖွဲ့တွေ တင်ပြခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေကို နအဖက အထိုက်အလျောက် မလိုက်လျောသရွေ့  ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေအတွက် ကံကြမ္မာငင်မယ့် ရွေးကောက်ပွဲသာ ဖြစ်ပါကြောင်းနဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး နအဖရဲ့  ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

နောက်အပိုင်းမှာတော့ UWSA “၀” တွေကို နအဖက နိုင်ထက်စီးနင်းလုပ်ခဲ့ပုံ၊ နအဖဟာ UWSA နဲ့ MTA ဘိန်းဘုရင် ခွန်ဆာတို့အပေါ် နိုင်ငံရေးအမြတ်ထုတ် လှည့်စားအသုံးချသွားပုံတွေကို ဆက်လက်တင်ပြ သွားပါ အုံးမယ်။


No comments:

Post a Comment