4.05.2009

အမှန်တရား ဂျာနယ် အတွဲ(၁)အမှတ်(၂ )ဖြန့်ချီ

အမှန်တရားဂျာနယ် အယ်ဒီတာ့ အာဘော်
“မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ”


၂၀၀၉ ခုနှစ် အစပိုင်းကတည်းက ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့တွင် “တိုင်းပြည်နှင့် လူမျိုးအတွက် ပြတ်ပြတ် သားသား ဆောင်ရွက်ကြ” ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်တခုကို ဆိုင်းဘုတ်တင် ချိတ်ဆွဲထားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က မူလချိတ်ဆွဲထားသည့် ဆိုင်းဘုတ်၏ အပေါ်ဘက်တွင် “တိုင်းပြည်နှင့် လူမျိုးကို တစ်ခါမျှတစ်ပါတ် မရိုက်ခဲ့” ဟူသော စာတန်းတခုကို ဗိုလ်ချုပ်၏ ဓါတ်ပှုံနှင့် အတူ ချိတ်ဆွဲထားခဲ့ ပြန်သည်။

တရားမျှတမှုကင်းမဲ့စွာ နေအိမ်အကျယ်ချုပ်ကျခံနေရသော ကျွန်တော်တို့၏ လူထုခေါင်းဆောင်သည် သူမပေး လိုသော Message နှစ်ခုကို ဖေါ်ထုတ်ပြခဲ့သည်ဟု ဆိုရပါမည်။

ပထမ Messageသည် အတိုက်အခံများ အားလုံး၊ ပြည်သူလူထုတရပ်လုံးနှင့် မျိုးချစ်တပ်မတော်သား အားလုံးကို တိုင်းပြည် အကျိုးအတွက် နှောင့်နှေးတွေဝေခြင်း မရှိပဲ ပြတ်သားစွာ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရန် သုမ တတ်နိုင်သောနည်းဖြင့် ဦးဆောင်မှု ပေးခဲ့ခြင်းဖြစ်ပြီး၊ နှောင့်နှေးတွေဝေနေရန် မည်သည့် အကြောင်းမျှ မရှိတော့ကြောင်း မီးစိမ်းပြခဲ့ခြင်းဖြစ်သည်။

ဒုတိယ Message သည် နအဖတို့၏ လုပ်ကိုင်ဆောင်ရွက်နေမှု အပေါ် သူမ အယုံအကြည် မရှိတော့ကြောင်း ဖေါ်ပြလိုက်ခြင်း ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုး အပေါ် မည့်သည့် အခါမှ တပါတ်ရိုက် လှည့်စား လိမ်လည်ခဲ့ခြင်း မရှိခဲ့သည့် အချက်ကို အထွေအထူးလုပ်၍ ပြောနေစရာမရှိ၊ ဘာကြောင့် ထိုအချက် ကို ဖေါ်ထုတ်နေရသနည်း ဆိုလျှင် ထိုသို့ လုပ်နေသူများ ရှိနေသည်ကို ထုတ်ပြောလို၍သာ ဖြစ်သည်။

နအဖတို့သည် အလိမ်အညာ အခြေခံဥပဒေနှင့် အတုအယောင် ရွေးကောက်ပွဲတို့ဖြင့် တိုင်းပြည်ကို တပါတ် ရိုက်ကာ ထပ်မံ၍ ကျွန်ဇာတ်သွင်းတော့မည် ဖြစ်ကြောင်း မီးမောင်းထိုးပြ လိုက်ခြင်းသာ ဖြစ်ပေသည်။

သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း သူ၏မွေးနေ့ပွဲ တွေ့ဆုံမေးမြန်းခန်းတခုတွင် “ကြောက်ရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ပါ”ဟု ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော စကားတခွန်းကို ကိုးကား၍ မကြောက် တရားကို ဟောခဲ့သည်။

အကြံအစည် ရှိရှိဖြင့် ရက်စက်မှုကမ်းကုန်စွာ နအဖတို့၏ ဖိနှိပ် ဆောင်ရွက်ခဲ့မှုများကြောင့် အကြောက်တရား သည် လူထုတို့၏ နှလုံးသားကို စူးနင့်နေစေခဲ့ပြီဟု သူမြင်သိခဲ့သည့် အချက်ကို ထုတ်ဖေါ်ပြောပြခဲ့ခြင်းသာ ဖြစ်သည်။

ထိုအကြောက်တရား အတားအဆီး တို့ကို ရိုက်ချိုးဖျက်ဆီးနိုင်မည်မှာ လက်တွေ့လူထုတိုက်ပွဲသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ အလေးအနက် ယုံကြည်ပါသည်။ လမ်းပေါ်တက်၍ ဆန္ဒ ဖေါ်ထုတ်မှသာ လူထုတိုက်ပွဲဟု ခေါ်ဆိုနိုင်သည် မဟုတ်ပါ။

ထို့ကြောင့် နအဖတို့ ဖိန့်ဖိန့်တုန် ကြောက်ရွံ့ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် တိုက်ပွဲဝင်ခဲ့ဘူးသည့် “မတရားတဲ့ အမိန်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုသည့် တိုက်ပွဲဝင် ဆောင်ပုဒ်လို လူတိုင်း လူတိုင်း မိမိတို့ တတ်နိုင်သည့် အတိုင်းအတာဖြင့် ဖီဆန် တိုက်ပွဲဝင်ကြရမည်ဖြစ်သလို အတိုက်အခံ အင်အားစုများကလည်း လူထုတိုက်ပွဲ မဟာဗျူဟာ နည်းဗျူဟာများကို လက်တွေ့ဖေါ်ထုတ် အကောင်အထည် ဖေါ်ကြရန် အချိန်တန်ပြီ ဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။

အွန်လိုင်းမှဖတ်ရှုရန်
အမှန်တရားဂျာနယ် အတွဲ(၁) အမှတ်(၂)

No comments:

Post a Comment