5.06.2009

အင်တာနက် မိစ္ဆာစာရများ

E-mail Print

“ဂျောက်ဂျက် .. ဂျောက်ဂျက် .. ဂျောက်ဂျက်”

“ဒေါက် .. ဒေါက် .. ဒေါက်”

“ဒေါ့ .. ဒေါ့ .. ဒေါ့”

ဖိုးရှုပ်၏ ပခုံးကိုကျော်ပြီး ဦးရုက္ခစိုးကြည့်လိုက်ရာ အီးမေးလ် မက်ဆေ့ခ်ျများ အပြန်အလှန် ရေးနေသည်ကို တွေ့လိုက်ရသည်။ အုပ်စု အီးမေးလ်ထဲတွင် ဝင်လာသမျှ ဆဲစာများကို ဖိုးရှုပ်က အနိုင်မခံ အရှုံးမပေးသော စိတ်ဖြင့် ဆိုင်တာမဆိုင်တာ မသိဘဲ ပြန်ဆဲနေသည်။

“Mother … F ^*%$#”

“S #@+*”

“Go to hell”

“သေချင်းဆိုး ..”

“ကာလနာ ..”

“ခွေးသူခိုး ..”

ရုက္ခစိုး။ ဟေ့ကောင် ဖိုးရှုပ်၊ မင်းက အီးမေးလ်ထဲမှာ အကြီးအကျုယ် ဆဲနေပါလားကွ။

ဖိုးရှုပ်။ ။ ကျနော်လည်း တနေ့တနေ့ အုပ်စုလိုက် အီးမေးလ်တွေ တက်တက်ကြည့်ပြီး တော်တော်ကို ဆဲတတ်လာပြီ ဦးရုက္ခစိုးရ။ ဗမာလိုတောင် မဆဲတော့ဘူး။ ဘိုလိုပဲ ဆဲတော့တယ် …။ အဆင့်မြင့်လာတဲ့ သဘောပေါ့ ..။ S #$@!^&*&^%….။ ကမ္ဘာမှာ ဗမာကွ .. အသားကုန် ဆဲပြလိုက်မယ် .. (ပြောရင်းက လက်ခမောင်းထခတ်သည်)

ရုက္ခစိုး။ ။ မင်းတို့ အုပ်စု အီးမေးလ် ဆိုတာကြီးကလည်း ..။ မျက်စိမချမ်းသာစရာ ကောင်းလိုက်တာကွာ .. မှန်း .. ဘယ်သူက ဘယ်သူ့ကို ဆဲနေတာလဲ။

ဖိုးရှုပ်။ ။ ဒါကတော့ ကြုံရာကျပန်း .. ဆဲချင်တဲ့သူကို ဆဲနေတာပဲလေ။ ချိုကုတ်ဒူးကြီးကိုဆဲတယ်၊ မြန်မာ့ အရေး ကျွမ်းကျင်သူတွေကို ဆဲတယ်၊ ရိုဟင်ဂျာတွေကို ဆဲတယ်၊ အဆဲခံရသူဘက်က နာတဲ့သူတွေက ဆဲတဲ့သူ ဘယ်သူလည်း သေချာမသိဘဲ ပြန်ဆဲတယ် .. အဲဒီမှာ ကျနော်ကလည်း အပျင်းပြေသဘော ဝင်ဆဲတယ် .. ဟဲဟဲ ..။ ဦးရုက္ခစိုးကော ဆဲပါဦးလား။

ရုက္ခစိုး။ ။ (စိတ်ဓာတ်ကျတယ် ဆိုသော မျက်နှာပေးနှင့်) အေး အေး ကောင်းတာပေါ့ကွာ .. မင်းတို့တတွေ အပြန်အလှန် ဆဲနေ .. အဲလေယောင်လို့ .. ရေးနေတာတွေကို လူတွေက စောင့်ဖတ်ပြီး စိတ်ပျက်နေကြတာ။ မင်းတို့ဟာကလည်း ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပြီ။ နေပါဦး .. မင်းတို့က ဘာဖြစ်လို့ ဘိုလိုတွေ ဆဲနေရတာလဲ။

ဖိုးရှုပ်။ ။ ဒါကတော့ ဦးရုက္ခစိုးရာ .. ဆဲတာတောင် အင်တာနေရှင်နယ် ဖြစ်မှ သူများကို အမီလိုက်နိုင်မှာပေါ့။ ဘယ်ဟာမှ မမီတဲ့အတူတူ ဒီတခုတော့ အမီလိုက်မှ ဖြစ်မယ်ဆိုပြီး ဘိုလိုဆဲတာ။ ကျနော်ကတော့ ဘာပဲဖြစ်ဖြစ် ဘိုလိုဆဲနိုင်တာကို ဂုဏ်ယူတယ်။

ဦးရုက္ခစိုး ကြည့်နေဆဲမှာပင် ဆဲပုံဆဲနည်း အမျိုးမျိုး မရိုးရအောင် ဝင်လာမစဲ တသည်းသည်း ဖြစ်နေသည်။

ရုက္ခစိုး။ ။ ကောင်းပါ့ကွာ .. ကိုယ့်အချင်းချင်းလည်းဆဲ ..၊ ရိုဟင်ဂျာကိုလည်း ဆဲ…၊ ကွန်မြူနစ်နဲ့ ပြည်ချစ်ကလည်း အပြန်အလှန်ဆဲ ..။ ဒီလို သဲသဲ မဲမဲ ဖြစ်နေတဲ့အချိန်မှာ မြန်မာ့အရေးလှုပ်ရှားမှ မုန့်စားရမယ့် မြန်မာမဟုတ်တဲ့ သူတွေက အပြင်နဲ့ အထဲနဲ့ ဝေဖန်ကြ၊ လေကန်ကြ ..။ မြန်မာ့ ဒီမိုကရေစီအရေးကို ကြီးကြီး ကျယ်ကျယ် ဆွေးနွေးကြ .. ၊ ပြီးတော့ မင်းတို့ ဘိုလို မတောက်တခေါက် ဆဲနေတာကို သဘောကျပြီး ထိုင်ရယ် နေကြတာ။ မြင်ရကြားရသမျှ တခုမှ အမြီး အမောက်မတည့် ပါလားဟေ့။

ဖိုးရှုပ်က ခေါင်းကုတ်လိုက်ပြီး … ကီးဘုတ်ကိုသာ အသဲအမဲ ဆက်ရိုက်နေလေသည်။ ဂျောက်ဂျက် .. ဂျောက်ဂျက် .. ဂျောက်ဂျက် … =+%#@&**&%$

ဖိုးရှုပ်။ ။ အကောင့်တွေကို ဖြုတ်ပေးဖို့တောင် ပြောနေပြီ ရုက္ခစိုးကြီးရ။ ဆဲတာမှ ပယ်ပယ်နယ်နယ် ပြစ်ပြစ်နှစ်နှစ်ကို ဆဲနေကြတာ။ ကျနော့်အကောင့်လည်း ပိတ်ရင်ကောင်းမလား မသိဘူး .. ပြန်ဆဲလို့ မနိုင်တော့ ဘူးဗျ ..။

ရုက္ခစိုး။ ။ အေး .. ဟိုတလောကတောင် ချိုကုတ်ဒူးကြီးသန်းရွှေက အီးမေးလ်တွေ ဖောက်ဖတ်ဖို့၊ အထင်အမြင်မှားအောင် ရေးဖို့၊ သားဖို့ .. စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖို့၊ ညွှန်ကြားလိုက်ပြီ ကြားတယ်။ ဒါဆိုရင် ဦးသန်းရွှေကြီး အောင်မြင်နေတယ် ဆိုရမှာပေါ့လေ။

ဖိုးရှုပ်။ ။ ဒီ သင်္ချိုင်းစောင့် ဘီလူးကြီးကတော့ ဒါမျိုးမှာ ထက်တယ် ပြောရမယ်။ နာဂစ် နှစ်ပတ်လည်ကျတော့ သူက မေ့ချင်ယောင် ဆောင်နေပြီးတော့ ..။

ဂျောက်ဂျက် .. ဂျောက်ဂျက် .. ဂျောက်ဂျက် ..

M …@#%^ F …^%$& Go to hell …*&^%s@!

Don’t send me anymore ..

ရုက္ခစိုး။ ။ ဒါကတော့ မင်းတို့ လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှု အောက်တန်းကျ နေပြီဆိုတာကို ပြတာပဲကွ .. ။ သန်းရွှေတို့ အောက်တန်းကျသလို အင်တာနက်ကို မုဒိန်းကျင့်နေတဲ့ အင်တာနက် သရဲတွေလည်း စိတ်ဓာတ် အောက်တန်းကျတာပဲ။ ဒါကြောင့် မင်းတို့ကို ဒီမိုကရေစီနဲ့ မတန်ဘူးလို့ သိမ်းကြုံးပြီး ပြောနေတာ။ မင်းတို့အားလုံး အင်တာနက် မိစ္ဆာစာရတွေ ဖြစ်ကုန်ပြီ ..။ ခက်တာပဲကွာ။ ငရဲမင်းဆီရောက်ရင်တောင် ဘယ်လို အရေးယူရမယ် သိတော့မယ် မထင်ဘူး။

ဖိုးရှုပ်။ ။ (အထင်ကြီးသွားသော မျက်နှာပေးဖြင့်) ဦးရုက္ခစိုးကြီးက စိတ်ဓာတ်ယဉ်ကျေးမှုတွေ ဘာတွေ ပြောနေပြီဆိုတော့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ စကော်လာကြီး Gustaaf Houtman ကို သိနေပုံရတယ် ..။ သူ့ကို အီးမေးလ်ပို့ပြီး မြန်မာတွေ စိတ်ဓာတ်သေးသိမ်ကြောင်း မှတ်လောက် သားလောက်အောင် ဆောင်းပါး တပုဒ်လောက် ရေးပြီး ဆုံးမပါလို့ ပြောလိုက်ပါဦး။

ရုက္ခစိုး။ ။ အေး .. အေး … ဆုံးမရင်လည်း မြန်မြန် ဆုံးမမှ တော်ကာကျမယ် …။ ကြာရင် မြန်မာတွေ အဆဲသန်ပုံ အကြောင်း ကျမ်းတွေ ဘာတွေ ပြုစုကုန်မှ ဒုက္ခ။ ငါကတော့ ဥပုသ်စောင့်ထားလို့ အီးမေးလ်တွေ ဘာတွေ ကြည့်ပြီး အကုသိုလ် မပွားချင်ဘူးကွာ (ပြောရင်း လက်ထဲမှ စိတ်ပုတီးကို တဂျောက်ဂျောက် စိပ်နေသည်) အင်း .. အနိစ္စ၊ ဒုက္ခ၊ အနတ္တ …။ ဖြစ်ပြီးရင်ပျက် .. ပျက်ရင် အဟောင်းဆိုင်ပို့ .. ဟာ .. ငါတောင် ယောင်ကုန်ပြီ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြီးကလည်း .. ဥပုသ်စောင့်ထားရင် ဝေးဝေးသွားနေမှပေါ့။ ကျနော်ကတော့ ဆဲမှာပဲ (ပြောရင်း သီချင်းထဆိုလိုက်သေးသည်) ဆဲမှာပဲ .. ဆဲမှာပဲ ငါ့ကိုလာမတားနဲ့ ..။ ဆဲမှာပဲ .. ဆဲမှာပဲ .. ဒန့်တန်တန် ဒန့်တန် ..။

ရုက္ခစိုး။ ။ အေး .. ပြောမရလည်း ဆဲကွာ .. ။ မင်းတို့က အင်တာနက်မှာ ဗမာအချင်းချင်း လှည့်ပတ် ဆဲနေကြ ..။ အထဲမှာ မင်းတို့အဘ ချိုကုတ်ဒူးကြီးက စပါးတောင်လိုပုံပြီး တိုင်းပြည်မှာ ရိက္ခာဖူလုံပါတယ်လို့ မစားရဝမခန်း ကြွားခန်းဖွင့်နေပြီ။ ပြည်သူလူထုကတော့ ငတ်နေပြီ .. ခက်တယ် .. ခက်တယ် .. ။ အင်း ငါ့ဘာသာ ရုက္ခစိုးကျင့် ရုက္ခစိုးကြံ ကြံပြီး ညောင်ပင်မှာ နေတာပဲ ကောင်းပါတယ်လေ ..။

ဖိုးရှုပ်။ ။ (စာတဂျောက်ဂျောက် ရိုက်ရင်း ပါးစပ်မှလည်း ပွစိပွစိ လုပ်နေသည်) သန်းရွှေကို Zero sum လုပ်လို့မရမယ့်တူတူ ကိုယ့်အချင်းချင်း အပြတ်ရှင်းကြတာပေါ့ကွာ။ လာထား .. စင်ပေါ်က အောက်ကို ဆွဲချ .. ပတ်မကြီးဓားနဲ့ထိုး … ထိုး …။

ထိုစဉ် ဖိုးရှုပ်ထံမှ “ဟိုက်” ဆိုသော အာမေဋိတ် သံကြီး ထွက်လာရာ ဦးရုက္ခစိုး၏ နှုတ်ခမ်းမွှေးပင် ထောင် သွားသည်။

ဖိုးရှုပ်။ ။ (မန်ကျီးသီးတဝက် ထန်းလျက်တဝက်မျက်နှာထားနှင့်) ဦးရုက္ခစိုးရေ .. ဒီမှာ ဦးရုက္ခစိုးကို အီးမေးလ်ကနေ ပယ်ပယ်နယ်နယ် သယ်နေပြီဗျို့ .. ဟီဟိ .. ။

ရုက္ခစိုး။ ။ (ထောင်းခနဲ ထွက်သွားသော ဒေါသကို ဥပုသ်ဆိုသော အသိနှင့် ထိန်းချုပ်ရင်း) ဘာလဲ .. ဘာလဲ .. ဘာတွေ ရေးထားလဲ ..။

ဖိုးရှုပ်။ ။ ရုက္ခစိုးလေး ဂျီမေးလ် နတ်ကွန်း ကနေ ပို့ထားတာဗျ ..။

ရုက္ခစိုး။ ။ ဟေ့ .. ဒါ ရုက္ခစိုး အတုပဲဖြစ်ရမယ်။ ရုက္ခစိုးလေး ဆိုတာမရှိဘူးကွ။ ဂျီမေးနတ်ကွန်းတဲ့ .. မကြားဖူးပါဘူးကွာ ..။ ဒေါ့ကွန်းပဲ ရှိတဲ့ဟာကို။ ဒါအတုကွ အတု.. (ဒေါသတကြီးအော်လိုက်ရာ ဖိုးရှုပ်ပင်လန့်သွားသည်)

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြီးလည်း ဗိုင်းရပ်စ်တွေ ကူးကုန်ပြီ .. ဆင်ခြင် .. ဆင်ခြင် .. ။ လက်ထဲမှာလည်း စိတ်ပုတီးကြီးနဲ့။

ရုက္ခစိုး။ ။ ဟေ့ကောင် .. သေချင်းဆိုး .. မင်းဘိုးအေ ရုက္ခစိုးကို နောက်စရာလား ဟမ် .. ဖတ်ပြစမ်း၊ ဖတ်ပြစမ်း … (ပြောရင်းက လက်ထဲမှ စိတ်ပုတီးကို စားပွဲပေါ်တင်လိုက်ပြီး ခါးတောင်းကျိုက်လိုက်သည်)

ဖိုးရှုပ်။ ။ ပန်းနုရောင် နီကြောင်ကြောင် ရုက္ခစိုးတဲ့ဗျား ခေါင်းစဉ်က .. “အမောင်တောင်မှန်း မြောက်မှန်း မသိ၊ ညောင်ပင်မှာမနေ၊ တေလေ ရုက္ခစိုးဟာ အလေလိုက်ပြီး မဲဆောက်သွားလိုက်၊ @#$%$#@ တွေနဲ့ ပေါင်းလိုက်၊ သူများ မကောင်း ကြောင်း ကိုယ်ကောင်းကြောင်းတွေ လျှောက်ပြောနေသည့်အတွက် #^&*#@ သာ ထင်ကြောင်း ဦးစွာပထမ နိဒါန်းပျိုးလိုက် ရပါသည်”

ရုက္ခစိုး။ ။ (မျက်နှာကြီး နီသွားပြီး) %&*^$#+*^#@! @#%^$&*(*()P&^^% .. သေချင်းဆိုးတွေ .. ကာလနာတွေ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက ဒီလိုဆိုတော့လည်း အင်တာနက်ပေါ်မှာ မြန်မာတွေ အချင်းချင်း ဆဲသလို ကောင်းကောင်း ဆဲတတ်သားပဲ ဟဲဟဲဟဲ။ သတိထားဦးနော် ဥပုသ်ကြီးနဲ့ဆို ..။

ရုက္ခစိုး။ ။ ဆက်ဖတ်စမ်း .. ဆက်ဖတ်စမ်း။ တောက် ..။

ဖိုးရှုပ်။ ။ အရင်က ရဲနီ (ဧရာဝတီက သတင်းအယ်ဒီတာ မဟုတ်ပါ) %^4$#*& ရုက္ခစိုးကြီးက အခုတော့ $#%^ ဝီစကီလေး တမြမြနဲ့ *&^^%*(&$#@ မော်လဒိုက်ကို သွားလိုက်၊ ကာရာအိုကေ ဆိုလိုက်၊ အပျိုမ လေးတွေကို မထိတထိ ပြောလိုက်နဲ့ … ဘဝမေ့နေပြီ ဖြစ်တဲ့အကြောင်း .. %$#^$@@!$$%**^& တို့ သိရအောင် ကြော်ငြာမောင်း ခတ်လိုက်ရပါ ကြောင်း …၊ ဆဲချင်လွန်း၍ ဆဲခြင်း မဟုတ်ကြောင်း၊ လူ့အခွင့်အရေး Right တခု အနေနှင့် မဖြစ်မနေ ဆဲရခြင်းသာ ဖြစ်ကြောင်း ..။ ပုံ .. ရုက္ခစိုးလေး၏ ဆဲရေးဆိုခွင့်ရှိသူ။

ရုက္ခစိုး။ ။ ငါလခွမ်းမှပဲ ပေါက်ကရတွေ လျှောက်ရေးထားတယ်။ ငါ .. $#%^&%$#^&@! .. အဲ့ဒီ သောက်ကောင်ကို မေးလ် ပြန်ပို့စမ်း .. ခုပို့ .. ဖိုးရှုပ် ..။ လုပ်စမ်းပါကွာ .. ကြာတယ် .. ငါ့ဘာသာပို့မယ် (ပြောပြောဆိုဆို ဖိုးရှုပ်ကို အတင်းတွန်းချပြီး ကွန်ပျူတာရှေ့တွင် ဝင်ထိုင်လိုက်သည်)

ဂျောက်ဂျက် .. ဂျောက်ဂျက် .. ဂျောက်ဂျက် ..

ဒေါက်.. ဒေါက် .. ဒေါက် .. ဒေါ့ ဒေါ့ ဒေါ့

Mother .. F ..

S @$%^*$#@!&^&

ဖိုးရှုပ်။ ။ ဦးရုက္ခစိုး လွန်မယ်နော် လွန်မယ်။ ဦးပုသ်ကြီးနဲ့ဆို .. ။

ရုက္ခစိုး။ ။ @#$#@@$%p^s%&*@#!

ဖိုးရှုပ်။ ။ အင်တာနက် မိစ္တာစာရတွေဆို ..။

ရုက္ခစိုး။ ။ သို့ ^%&*@#! ရုက္ခစိုးလေး .. @#$#@@$%p^s%&*@#! ပဲကွ။ I am pissed …..။

“ဟိုက် ဥပုသ်ကျိုးပဟ .. သေစမ်း”

No comments:

Post a Comment