5.22.2009

ဘန်ကောက်မြို့ ယူအင်ရုံးရှေ့ တွင် မြန်မာသံဃာတော်များနှင့် မြန်မာ့ဒီမိုကရက်တစ် ကွန်ယက် အဖွဲ့တို့ စုပေါင်း ဆန္ဒပြ


Photobucket
Photobucket



မေ ၂၂

ထိုင်းနိုင်ငံဘန်ကောက်မြို ရှိ ကုလသမဂ္ဂမဟာမင်းကြီးရုံးရှေ့တွင် ဘန်ကောက်အခြေစိုက် စာသင်သား မြန်မာ ရဟန်းတော်များနှင့် မြန်မာ့ဒီမိုကရက်တစ် ကွန်ယက်အဖွဲ့တို့ စုပေါင်းဆန္ဒပြခဲ့ကြသည်

ဆန္ဒပြပွဲတွင် မေတ္တာပို့ပရိတ်ရွတ်ဖတ်ခြင်း၊ ကြွေးကြော်ဆန္ဒပြခြင်းများအပြင် ပူးပေါင်းအဖွဲ့များမှ ကိုယ်စားလှယ် များအား မဟာမင်းကြီးက အရာရှိနှစ်ဦးက ယူအင်ရုံးခန်းတွင်းသို့ ၀င်ရောက်ခွင့်ပြုပြီး လက်ခံ တွေ့ဆုံခဲ့သည်။

စုစုပေါင်း အင်အား ငါးဆယ်ခန့်တို့သည် ယနေ့မွန်းတည့် ၁နာရီမှ စတင်ပြီး ၁နာရီကျော်ကြာ ထုတ်ဖေါ် ဆန္ဒပြ ခဲ့ကြသည်။

ဆန္ဒပြပွဲကို နမောတဿ သုံးကြိမ်ရွတ်ဖတ် ပူဇော်ပြီး မေတ္တာသုတ်တော်ကို သံဃာတော်များက ရွတ်ဖတ်ပူဇော် ကြပြီးနောက် တောင်းဆိုချက်များကို မြန်မာ၊ အင်္ဂလိပ်၂ဘာသာဖြင့် ဖတ်ကြားကြသည်။

အရှင်ဦးတေဇက “ကုလသမ၈္ဂအတွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းအနေဖြင့် ၀င်ရောက် ဖြေရှင်းပေးဖို့ ဦးဇင်းတို့ လာရောက်တိုက်တွန်းရတာ ဖြစ်ပါတယ်။ လုပ်ပါ။ ပြင်ပါလို့ ပြောနေရုံနဲ့ မလုံ လောက်တော့ဘူး၊ ထိရောက်တဲ့ ဖြေရှင်းမှုမျိုးနဲ့ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်''ဟု မိန့်တော်မူပါသည်။

ထို့နောက် ကွန်ယက်အဖွဲ့များမှ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအသင်း ကိုယ်စား ဦးမျိုးနိုင်၊ ပြည်ပရောက် အမျိုးသား ကျောင်းသားများ အဖွဲ့မှ အတွင်းရေးမှူး(၁) ဦးအောင်သန်းဦးနှင့် ဘန်ကောက် အခြေစိုက် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ထိုင်းဌာနခွဲ)မှ ဦး ခိုင်အံ့မောင်တို့က ယူအင်ရုံးထဲတွင် နာရီဝက်ခန့် ၀င်ရောက် ဆွေးနွေး ခဲ့ကြ သည်။

ဆန္ဒပြတောင်းဆိုသူများ၏ သဘောထား တောင်းဆိုချက်များကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ နိုင်ငံတကာဆက်ဆံရေး ဌာနမှူး ဦးမျိုးနိုင်က အင်္ဂလိပ်ဘာသာ စကားဖြင့် ယူအင်အရာရှိအား ရှင်းလင်းပြောကြားခဲ့သည်။

ဦးမျိုးနိုင်က “မတရားအမှုဆင် ဖမ်းဆီးပြီးတော့ ထောင်ဒဏ်ဆက်လက် ကျခံနိုင်ဖွယ် ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။ ပြီးတော့ အရှင်ဂမ္ဘီရ၊ ကိုမင်းကိုယ်နိုင်တို့ ကိုဇာဂနာ တို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးပါ။ အဓီကထား ပြောခဲ့တာကတော့ ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ်က ထုတ်ပြန်ထားတဲ့ အထဲမှာပါတဲ့ ၁၉၉၀ပြည့် သြဂုတ်လ ၁၄ ရက်နေ့မှာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဖြစ်တဲ့ ရခိုင်မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းကို စစ်တွေ အကျဉ်းထောင်တွင်းမှာ နအဖအစိုးရက အဆိပ်ဆေးထိုး၍ သတ်ဖြတ်ခဲ့တယ် ဆိုတာရယ်၊ ယခုလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အဲလိုမျိုး မလုပ်လို့ မဆိုနိုင်ဘူးလေ။ ပြီးတော့ စစ်သားတွေ ရာချီပြီး စောင့်နေတာ ဒေါ်စုအိမ်နားကို ခွင့်ပြုချက်မရှိရင် တယောက်မှ ကပ်လို့မရအောင် လုံခြုံရေုးယူထားတာ။ ဒါတွေကို ဖေါ်ထုတ် စစ်ဆေးပြီးတော့ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပါလို့ ကျနော် ပြောခဲ့ပါတယ်'' ယူအင်ရုံးထဲသို့ ကိုယ်စားလှယ်များ ၀င်ရောက်သွားချိန်တွင် ရုံးရှေ့ တွင် ရှိနေကြသော သံဃာတော်များနှင့် လှုပ်ရှား တက်ကြွသူများက မိုးရွာထဲတွင် “ဒီမိုကရေစီရရှိရေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ကုလသမဂ္ဂ ၀င်ရောက် ဖြေရှင်းပေးရေး'' တို့ကို အော်ဟစ် ကြွေးကြော် နေခဲ့ကြသည်။

ရခိုင်ဒီမိုကရေစီအဖွဲချုပ် ထိုင်းဥက္ကဌ ဦးခိုင်အံ့မောင်က “ဒေါ်စုကို ပြန်မလွှတ်မချင်း ကျနော်တို့ လုပ်နိုင်တဲ့ အလုပ်တွေကို အမြဲလုပ်နေတယ်၊ ဘာအကျိုးသက်ရောက်နိုင်လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခွန်အားဖြစ်စေတယ်၊ နိုင်ငံတကာကလူတွေ ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေ ကို သိစေတယ် ဘာပဲပြောပြော ဒီနေ့ယူအင် အရာရှိ ကြီးတွေကို ပြောပြရှင်းပြနိုင်ခဲ့တာ ကျနော်တို့ တော်တော် ကျေနပ်တယ်''ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာသံရုံးရှေ့ တွင် အကျဉ်းထောင်ပုံထဲတွင် မြန်မာဝတ်စုံကို ၀တ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ (AI)မှ ကိုးရီးယားနိုင်ငံသူ Jeon Soojin က “ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတွေ ချစ်ခင်လေးစားကြသလို ကျမတို့ လည်း အထူးလေးစားပါတယ်။ မြန်မာနိုင်ငံအတွက် သာမက တကမ္ဘာလုံးကပါ လေးစားကြတဲ့သူပါ၊ တိုင်းပြည်ကောင်းစားစေလိုတဲ့ စေတနာနဲ့ လုပ်ကိုင်တတ်တဲ့ သူမကို ခုလို အမှုဆင်ပြီး ထောင်ချအုံးမယ် ဆိုရင်တော့ ဒီလောက် မိုက်မဲတဲ့ အစိုးရဆိုတာ ကမ္ဘာမှာ ရှိတော့မှာ မဟုတ်တော့ဘူး၊ ကျမတို့ မြန်မာပြည်သူတွေ ခံစားနေရတာကို အထူးကိုယ်ချင်းစာပါတယ်''ဟု ပြောသည်။

လာမည့်တနင်္ဂနွေနေ့တွင်လည်း အဆိုပါ ကွန်ယက်အဖွဲ့ က သံဃာတော်များနှင့် ပေါင်းစည်းပြီး ဘန်ကောက် အခြေစိုက် ရုရှားသံရုံးနှင့် တရုတ် သံရုံးရှေ့ တို့တွင် သွားရောက် ဆန္ဒပြကြဦးမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါကွန်ယက်အဖွဲ့တွင် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ (ONSOB) ရခိုင်ဒီမိုကရေစီအဖွဲ့ (ALD) ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း (BAT)နှင့် မြန်မာဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးအဖွဲတို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့  ဖြစ်သည်။

No comments:

Post a Comment