5.22.2009

မြို့မေတ္တာ ခံယူမယ့်သား

E-mail Print
ရုက္ခစိုးကြီး အင်းစိန်ထောင် အနီးတွင် ရောက်နေသည်။ လုံခြုံရေး အကြီးအကျယ် ချထားသဖြင့် ရုက္ခစိုးကြီး အံ့အား သင့်နေသည်။ ဘာတွေ ဖြစ်နေသလဲ၊ လက်နက် မစွန့်ချင်သည့် အပစ်ရပ် အဖွဲ့တွေ ရန်ကုန်ကို လာသိမ်းမယ့် သတင်း ရလို့ ကြိုတင် ပြင်ဆင်နေသလား ဟု တွေးမိသည်။

လမ်းပေါ်တွင် ကားများ ရှင်းနေသည်။ ဓာတ်ဆီ ချွေတာသည့် သဘောဖြင့် ကားမမောင်းရသည့်နေ့ဟု သတ်မှတ် ထားခြင်းလည်း ဖြစ်နိုင်သည်ဟု တွက်ဆနေမိခိုက် လုံထိန်း အပြည့် တင်ဆောင်လာသော ထရပ်ကားတစီးက ရုက္ခစိုးကြီး ဘေးမှ ဝေါခနဲ ဖြတ်မောင်းသွားသဖြင့် ကမန်းကတန်း ရှောင်လိုက်ရသည်။

ထိုအခိုက် သစ်ပင်ရိပ်တွင် ထိုင်နေသူများထဲမှ လူငယ် ၂ ယောက်က သူ့ကို လှမ်းခေါ်သဖြင့် သူတို့ထံ လျှောက် သွားလိုက်သည်။ ဖိုးရှုပ် နှင့် ကြွက်စုတ်တို့ ဖြစ်နေလေသည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ၊ မင်းတို့လည်း ဒီရောက်နေကြတာကိုး။ ဘာလုပ်နေကြတာလဲ၊ ဘတ်စ်ကား စောင့်နေတာလား။

ကြွက်စုတ်။ ။ ရှူး တိုးတိုး၊ ကျနော်တို့ ဒီကို ဒိုင်လျှို ရောက်နေကြတာ။ ဒီနေရာကို ဘတ်စ်ကား လာလို့ ရမလားဗျ။ လမ်းတွေ ပိတ်ထားတာ မတွေ့ဘူးလား။ ကားတွေ လူတွေမပြောနဲ့၊ ကြောင်တကောင်တောင် ဝင်ဖို့ မလွယ်ဘူး။

ရုက္ခစိုး။ ။ (အံ့အားသင့်နေသော မျက်နှာဖြင့်) မင်းတို့က ဒီနေရာကို ဘယ်လို ရောက်လာတာလဲ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် ကျနော်က ကိုယ်မဖျောက်တတ်ပေမယ့် ဒီလောက်တော့ အပျော့ပေါ့ဗျာ။ လမ်းပိတ်ထားတဲ့ နေရာမှာ ပိတ်မိနေတဲ့ နိုင်ငံရေးသမားတွေကို တုတ်နဲ့ ရိုက်မယ် နှက်မယ်ဆိုပြီး ကျနော် ဟန်ရေးပြလိုက်တာ၊ ကျနော့်ကို စွမ်းအားရှင် အဖွဲ့ကလို့ ထင်သွားတော့ ဝင်ရထွက်ရ မခက်တော့ဘူးပေါ့ဗျာ၊ မပိုင်ဘူးလားဗျ … ဟဲဟဲဟဲ။

ကြွက်စုတ်။ ။ ဟန်ရေးပြစရာမလိုပါဘူးကွာ၊ မင်းရဲ့ ဥပဓိရုပ်နဲ့တင် လုံလောက်ပါပြီ။

သူ၏ ဥပဓိရုပ်ကို ထိခိုက်လာသဖြင့် ဖိုးရှုပ်က ကြွက်စုတ်ကို တချက် လှမ်းကန်လိုက်သည်။

ရုက္ခစိုး။ ။ ကဲ ကဲ … တော်ကြတော့၊ တော်ကြတော့ ။ ဟိတ်ကောင် … ကြွက်စုတ် မင်းကရော ဘယ်လို ရောက်လာသလဲ ဒီကို၊ သူ့လိုပဲ ဟန်ရေးပြခဲ့တာပဲလား။

ကြွက်စုတ်။ ။ ဟို အမေရိကန် တောင်မှ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ခဲရာ ခဲဆစ် ဝင်နိုင်သေးတာပဲ၊ ကျနော်က ဒီနေရာကို ရောက်လာတာ ဘာထူးဆန်းလို့လဲ၊ ပြီးတော့ အင်းစိန် ဆိုတာ ကျနော့်နယ်မြေဗျ။

ရုက္ခစိုး။ ။ မေးမိတာ မှားပါတယ်ကွာ။ ဒါနဲ့ … လမ်းတွေ ပိတ်၊ လုံခြုံရေးတွေ ချပြီး ဘာအရူးထနေကြတာလဲ။

ဖိုးရှုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ် ပေးထားတာလေ။ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က မလုံခြုံတော့ အင်းစိန်ထောင်ထဲ ထည့်ထားရတယ်၊ သေချာအောင် ရဲတွေ ဘာတွေ ချထားပေးတာပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်၏အိမ်သို့ အမေရိကန်တဦး သွားရောက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း စသဖြင့် ဖိုးရှုပ် နှင့် ကြွက်စုတ်တို့က လတ်တလော ဖြစ်ပျက်နေသည်များကို ဦးရုက္ခစိုး သိရှိရန် ရှင်းပြလိုက်သည်။

ရုက္ခစိုး။ ။ ဟာ … တယ်လည်း အကြံပိုင်တဲ့ ငရွှေပါလားကွ။ ဒီအတိုင်းဆို ဒီကောင်ကြီးက မြန်မာ့သမိုင်းမှာ ကလိမ် ကကျစ် အကျဆုံး ပုဂ္ဂိုလ် ဆိုတဲ့ ဘွဲ့ကို ရတော့မှာပဲ။ အင်း … အိမ်ကို လူတယောက်လာလို့ အိမ်ရှင်ကို ထောင်ထဲထည့်တယ် ဆိုတော့ ဒီအမှုက စိတ်ဝင်စားစရာပဲ။ ဒီနေ့ ရုံးချိန်းက ဘာတွေ ထူးထူးခြားခြား ရှိသေးလဲ။

ကြွက်စုတ်။ ။ ဒီနေ့တော့ မထူးဘူး။

ရုက္ခစိုး။ ။ ဒီနေ့ မထူးဘူး ဆိုတော့ ဘယ်နေ့က ထူးလို့လဲ။

ကြွက်စုတ်။ ။ အင်း … ပထမနေ့ကတော့ ထူးတယ်၊ တရားခွင်ကိုနာရီ ဝက် နောက်ကျပြီးမှ ဖွင့်တယ် တဲ့။ တရားသူကြီးက ကျမ်းစာ မေ့ကျန်ခဲ့တာကြောင့် အိမ်ပြန်ယူနေရလို့ နောက်ကျသွားတာလို့ သိရတယ်။

ရုက္ခစိုး။ ။ ဟိုက် … ရှာလဘတ်ရည်၊ မှတ်ဖွယ်မှတ်ရာတွေချည်းပါလား ကွယ်တို့။ အရေးကြီးတဲ့ ပစ္စည်းမှ မေ့ရတယ်လို့။

ထိုအခိုက် ရှေ့နေကြီးများ အင်းစိန်ထောင်ဝင်းအတွင်းသို့ ဝင်သွားသည်ကို လှမ်းတွေ့ရလေသည်။

ရုက္ခစိုး။ ။ ဟို အရပ်ရှည်ရှည်၊ ဆံပင်ဖြူဖြူနဲ့ ရှေ့နေကြီးက ဘယ်သူလဲ။

ဖိုးရှုပ်။ ။ အဲဒါ ရှေ့နေကြီး ဦးကြည်ဝင်း တဲ့။ မိုက်တယ်နော်၊ ဆံပင်ကို နောက်မှာ စုပြီး ချည်ထားတာ။ ဒီဆံပင် ပုံစံ ခေတ်စားလာနိုင်တယ်။

ကြွက်စုတ်။ ။ ခေတ်စားတာက နောက်မှ၊ တော်ကြာ ဒီဆံပင်ပုံစံကြောင့် တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုပြီး ရှေ့နေကြီးကိုပါ ထောင်ချနေဦးမယ်။

ရုက္ခစိုး။ ။ ရှေ့နေ ဦးအောင်သိန်းဆိုတာ ဟိုတယောက်လား။

ကြွက်စုတ်။ ။ အဲဒါ ဦးအောင်သိန်း မဟုတ်ဘူး၊ ဦးအောင်သိန်းက ခြေထောက် ရိုက်ချိုးခံထားရတယ်။

ရုက္ခစိုး။ ။ သြော် … ခြေထောက် ရိုက်ချိုးခံရတော့ ဘယ်လာနိုင်တော့မလဲ။

ထိုသို့ ပြောနေခိုက် သံတမန်များ ရောက်ရှိလာပြီး ထောင်ဝင်းအတွင်းသို့ ဝင်သွားကြသည်။

ရုက္ခစိုး။ ။ သံတမန်တွေကို ဝင်ခွင့်ပေးတယ် ဆိုတော့ အကြံပိုင်တဲ့ ငရွှေက တော်ပြီးရင်း တော်နေပြီဟေ့။ အရမ်းကို ကစားတတ်နေပါလား။ နိုင်ငံတကာကို ဘယ်လိုချော့သိပ်ရမယ်ဆိုတာ ကျွမ်းကျင်အဆင့် ရောက်နေပြီ။

ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ်၊ ဦးရုက္ခစိုးပြောတာ မင်း ကြားတယ်နော်၊ သန်းရွှေကြီးက ကျွမ်းကျင် အဆင့် ရောက်နေပြီ တဲ့။ မင်းတို့ သတင်းထောက်တွေ သတိထားပေတော့၊ ဒီကောင်ကြီးတွေကို ညံ့ဖျင်းတဲ့အစိုးရ၊ တလွှဲစီမံတယ် mismanagement ဘာညာ ဆိုပြီး မရေးကြနဲ့တော့။

ကြွက်စုတ်က သတင်းထောက် ဖိုးရှုပ်ကို နှိပ်ကွပ်နေစဉ်မှာပင် ဂျာနယ်တိုက် ၅ ခုမှ သတင်းထောက်များ အင်းစိန် ထောင်ဝင်း အတွင်းသို့ ချီတက် သွားကြသည်။

ကြွက်စုတ်။ ။ ဟာ … ဟေ့ကောင် ဖိုးရှုပ်၊ ဟိုမှာ … ဟိုမှာ … သတင်းထောက်တွေ အထဲ ဝင်ကုန်ပြီ၊ မင်းလည်း သတင်းထောက်ပဲ လိုက်သွားပါလားကွ။

ဖိုးရှုပ်။ ။ အဲဒါ ခေါင်းခေါက်ပြီး ဖိတ်တာကွ။ သွားချင်တိုင်း သွားလို့မရဘူး။ ဂျာနယ်တိုင်းကို ဖိတ်တာမှ မဟုတ်တာ။ ငါတို့ ဒေဝါလီ ဆိုရင် ဖိတ်ဖို့ ဝေးသေး။ ဖိတ်လည်း မသွားရဲပါဘူး၊ သွားရင် ငါ့ကို ဆွဲစေ့မှာပေါ့။

ကြွက်စုတ်။ ။ အင်း … ဟုတ်သားပဲ။ ဟာ … သွားတဲ့အထဲမှာ “အသံ” ဂျာနယ်လည်း မပါပါလားကွ၊ အဲဒီဂျာနယ်လည်း ဖိတ်သင့် ဖိတ်ထိုက်တဲ့ အစုထဲမှာ ရှိတယ် မဟုတ်ဘူးလား။

ရုက္ခစိုး။ ။ ငါ့ကို သတင်းထောက် သဝေထိုး ပြောဖူးတယ်၊ အသံဂျာနယ်ကို တတိယအုပ်စုက ကိုင်ထားတာတဲ့။ အုပ်စု မတူလို့ အဖိတ်မခံရတာ ဖြစ်မှာပေါ့ကွာ။

ဖိုးရှုပ်။ ။ မသွားရလည်း ဝမ်းမနည်းပါဘူးဗျာ။ ဒေါ်စုကို အင်တာဗျူးလို့ ရမှာမှ မဟုတ်တာ။ ဒီလူတွေ သတင်း ရေးရင်လည်း သန်းရွှေကြီး စိတ်ကြိုက် ရေးပေးရမယ့် သတင်းတွေ ဖြစ်လိမ့်မယ်။

ထိုအချိန်တွင် သူတို့၏ စကားဝိုင်းအနီး ဆိုက်ကားတစီး ချဉ်းကပ်လာသည်။

ဖိုးရှုပ်။ ။ ဟေ့ စကားပြော ဆင်ခြင်တော့ဟေ့။ ဟိုမှာ လာနေတဲ့ ဆိုက်ကား တွေ့တယ် မဟုတ်လား။ အဲဒါ ဆိုက်ကားသမား အစစ်မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က အရာရှိကွ။

ကြွက်စုတ်။ ။ မဆင်ခြင်နိုင်ဘူးကွာ၊ သတ္တိရှိလို့ ဒီထောင်ရှေ့ကို လာခဲ့တာ။ စောစောက စကား ပြန်ဆက်ရရင် လွတ်လွတ်လပ်လပ် ရေးချင်သလား ဘလော့တခု လုပ်ထားပေါ့ကွ။ ကိုမိုးသီးဇူလိုင်ရဲ့ ဘလော့မှာ ဒီကနေ့ ရန်ကုန်ကလူတွေ လိုင်းကားတစီးကို မီးရှို့ဖို့၊ ပြီးတော့ လူတိုင်းလူတိုင်း မှန်တချုပ်ကို ရိုက်ခွဲဖြစ်အောင် ရိုက်ခွဲကြဖို့ တိုက်တွန်းထားတာ မတွေ့ဘူးလား။

ဖိုးရှုပ်။ ။ အင်း … ငါ့မှာတော့ ပေါက်ခွဲစရာ ဆိုလို့ အနီးစပ်ဆုံး ပုလင်းပဲ ခွဲစရာရှိတယ်။ ဒါပေမယ့် ဖင်ကပ်ကလေး ကျန်တာ မော့ပြီးမှ ခွဲတော့မယ်။

ထိုအချိန်တွင် သူတို့ အနားရောက်လာသော ဆိုက်ကားဆရာ ထောက်လှမ်းရေး အရာရှိက စကားဝိုင်းအတွင်းသို့ ဝင်၍ ပြောလေသည်။ “လူတွေကတော့ အခု မပေါက်ကွဲလည်း မကြာခင် ပေါက်ကွဲတော့မှာပါ” ဟု ဆို၏။

ဖိုးရှုပ်။ ။ (ရုပ်တည်ဖြင့်) ခင်ဗျားက ဘယ်လို သိတာလဲ။

ဆိုက်ကားဆရာ။ ။ ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျား သိပါတယ် သတင်းထောက်ကြီးရယ်။

သူ၏ စကားအဆုံးတွင် ဖိုးရှုပ်၏ ဆံပင်များ ထောင်သွားသည်။

ဆိုက်ကားဆရာ။ ။ အေးရာအေးကြောင်းပေါ့ဗျာ၊ မစိုးရိမ်ပါနဲ့။ ခင်ဗျားကို ကျုပ် မသိသလို နေပါ့မယ်။ ခင်ဗျား တွေ့တဲ့အတိုင်း ကျုပ်က သရုပ်ဆောင် ကောင်းပါတယ်ဗျ။ သရုပ်ဆောင်ဆိုလို့ ပြောရဦးမယ်၊ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အတွက် ဇာတ်ညွှန်းရေးပြီးသား တဲ့။ သံတမန်တွေကိုတောင် သူက သရုပ်ဆောင် လုပ်ခိုင်းဦးမှာ။

ရုက္ခစိုး။ ။ ဟိတ်ကောင် … ဟုတ်ပါ့မလားကွ၊ ဒါ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။

ဆိုက်ကားဆရာ။ ။ ဦးရုက္ခစိုးကလည်း ရိုးပါ့ဗျာ၊ ဒီအနှစ် ၂ဝ လုံး သန်းရွှေကြီး ရိုက်ခဲ့တဲ့ ကားတွေ နည်းသလားဗျ။ အားလုံး ဘုမသိ ဘမသိ မင်းသားမင်းသမီးတွေ ဖြစ်ကုန်ပြီ။

ဆိုက်ကားဆရာ၏ စကားကို နားထောင်ပြီး ကြွက်စုတ်က တောက် တချက် ခေါက်လိုက်သည်။

ကြွက်စုတ်။ ။ တောက် … စိတ်ကူးပေါက်ရာ လျှောက်လုပ်တဲ့ သန်းရွှေကြီးကို ဖမ်းပြီး အင်းစိန်ထောင်ထဲ ထည့်ထားရမှာကွ။ ခင်ဗျားတို့ မစဉ်းစားမိကြဘူးလား။

ဆိုက်ကားဆရာ။ ။ ကျုပ်ကတော့ စဉ်းစားမိပါတယ်။ ကျုပ်ဆရာရဲ့ ဆရာတွေကလည်း ဒါတွေကို သိပါတယ်။

ဖိုးရှုပ်။ ။ လုပ်စမ်းပါဦး၊ ခင်ဗျားရဲ့ ဆရာ့ဆရာတွေက ဘယ်လို သိတာလဲ။

ဆိုက်ကားဆရာ။ ။ တပ်ချုပ်ကြီးနားမှာ နေတဲ့သူတွေ အားလုံးကတော့ တပ်ချုပ်ကြီးကိုရော သူ့သမီး သူ့သားတွေကို လက်အုပ် ချီပြီး ပြာပြာသလဲ ဝိုင်းဖားကြပေမယ့် ကွယ်ရာမှာ ပက်ပက် စက်စက် ဆဲကြတာ တစက်ကလေးမှ ရစရာ မရှိဘူး တဲ့။

ဖိုးရှုပ်။ ။ ပြောစမ်းပါဦး ဆဲပုံ ဆဲနည်းလေး။

ဆိုက်ကားဆရာ။ ။ သန်းရွှေမိသားစုက f&*%?m+@x#s#!@$< ၊ ပြီးတော့ ဒီသမီးတော်တွေက f#!@$<5&*%? w+@x#a ဘာညာ ဆိုပြီး ပက်ပက် စက်စက် ဆဲကြသတဲ့။

ဆိုက်ကားဆရာ အရာရှိ၏ စကားကြောင့် ရုက္ခစိုး၊ ဖိုးရှုပ် နှင့် ကြွက်စုတ် တို့ သုံးဦးသား ကျေနပ်သွားလေသည်။

No comments:

Post a Comment