6.09.2009

စစ်မျက်နှာသစ် ဖွင့်ဖို့လိုပြီလား


၉ ဇွန် ၂၀၀၉
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တွေ အား လုံးအနေနဲ့ အလေးအနက်ထား စဉ်းစားဆုံးဖြတ်ကာ နအဖအား စုပေါင်းဆန့်ကျင်ကြဖို့ ဆက်လက်တင်ပြလိုပါတယ်။

နအဖက အဆိုပြုထားတဲ့ WE (War Establishment) ဖွဲ့စည်းပုံအရ နယ်ခြားစောင့်တပ်ရဲ့ ဖွဲ့စည်းပုံအင်အား အရာရှိ (၁၈) ယောက်နဲ့ အခြားအဆင့် (၃၀၈) ယောက်၊ စုစုပေါင်း (၃၂၆) ယောက်ဟာ နအဖဖွဲ့စည်းပုံ (ကဖ၇၀စ၉၆) အရ နအဖ တပ်ရင်းတရင်း အင်အားဖြစ်တဲ့ အရာရှိ (၃၀) ယောက်နဲ့ အခြားအဆင့် (၇၈၆) ယောက်၊ စုစုပေါင်း (၈၁၆) ယောက်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အင်အားနှစ်ဆကျော် ကွာနေပါတယ်။ ဒီလိုအင်အား ကွာဟ ထားတာဟာ ဘယ်လိုသဘောလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

နယ်ခြားစောင့်တပ်ရဲ့ တပ်ရင်းမှူးအဆင့်ဟာ ဗိုလ်မှူးသာဖြစ်ပြီး နအဖ တပ်ရင်းမှူး တယောက်ရဲ့ အဆင့်ကတော့ ဒု-ဗိုလ်မှူးကြီး ဖြစ်နေလို့ အစည်းအဝေးမှာ ယှဉ်တက်ရင်တောင် နအဖ တပ်ရင်းမှူးကို အလေးပြု အရိုအသေပေး ပြီးမှ တက်ရောက် ရမှာဖြစ်လို့ အပစ်ရပ်တွေကို နှိမ့်ချထားတဲ့သဘောလို့ မြင်မိပါတယ်။

စစ်တပ်မှာ ဒု-ဗိုလ်မှူးကြီးအဆင့်ကို very important person (VIP) အရာရှိကြီး အဆင့်လို့ သတ်မှတ်ထားပြီး Commanding Officer (CO) လို့ ခေါ်ကြပါတယ်။ ဒု-ဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်မှူးအဆင့်ဟာ ဆောင်းနေတဲ့ ဦးထုပ် ကအစ အနေအထား လုံးဝကွာခြားသွားကာ ဒု-ဗိုလ်မှူးကြီး ဦးထုပ်မှာ ပန်းခက်တခွေ သီးခြားထပ်မံ ထည့်ထားပါတယ်။ လေးလပတ်အစည်းအဝေးခန်းမမှာ ထိုင်ခုံနေရာချရင် ဒု-ဗိုလ်မှူးကြီး ထိုင်တဲ့ ထိုင်ခုံဟာ ထိပ်နားမှာရှိပြီး ဗိုလ်မှူးထိုင်ခုံဆိုရင်တော့ နောက်နားမှာ ဖြစ်ပါတယ်။

ပိုဆိုးတာက နယ်ခြားစောင့်တပ် တတပ်ထဲမှာပဲ တပ်မှူးက ဗိုလ်မှူး၊ ဒု-တပ်မှူးကလည်း ဗိုလ်မှူး၊ နအဖရဲ့ အရာရှိကလည်း ဗိုလ်မှူးဖြစ်နေလို့ အဲဒီလို အဆင့်တူထားတာဟာလည်း ပြဿနာရှိနိုင်ပါတယ်။

အဲဒီဗိုလ်မှူး (၃) ဦးဟာ တဦးနဲ့ တဦး ရာထူးအရ ကွာခြားနေပေမယ့် အဆင့်တူနေတာကြောင့် ပြသာနာရှိပြီး ခြေရာ တိုင်းနိုင်ပါတယ်။ အုပ်ချုပ်ရာမှာလည်း ခက်ခဲနိုင်ပါတယ်။ စစ်ဆင်ရေးစနစ်မှာ အမိန့်စနစ်နဲ့သွားလို့ ပြဿနာမရှိ သော်လည်း စစ်ရေး/စစ်ထောက်၊ အုပ်ချုပ်ရေးကိစ္စနဲ့ စီမံခန့်ခွဲရေးကိစ္စတွေကို စီမံ ဆောင်ရွက် ရာမှာတော့ ထိပ်တိုက်တွေ့ရမယ့် အလားအလာရှိပါတယ်။

နအဖဘက်က တာဝန်ယူရမယ့် ရာထူးနေရာများမှာ ဗိုလ်မှူးဆိုရင် ဌာနချုပ်တပ်ခွဲမှူး၊ ဗိုလ်ကြီးဆိုရင် တပ်ရေး ဗိုလ်ကြီးနဲ့ တပ်ထောက်ဗိုလ်ကြီး ဖြစ်နေပြန်တာမို့ နယ်ခြားစောင့်တပ်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပိုင်း ဆိုင်ရာတွေကို နအဖဟာ နောက်ကွယ်က ချုပ်ကိုင်ထားပြီး ဖြစ်နေပြန်ပါတယ်။

အခြားအဆင့်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒု-အရာခံဗိုလ် (ရုံးအုပ်) နဲ့
ဒု-အရာခံဗိုလ် (တပ်ထောက်) တို့ဟာလည်း အဓိက ရုံးလုပ်ငန်း ပိုင်းဆိုင်ရာ ဖိုင်တွဲများနဲ့ တပ်ရဲ့ ထမင်းအိုးကြီးကို ထိန်းချုပ်ထားပါ တယ်။ ရုတ်တရက်ကြည့်ရင်တော့ တပ်ရဲ့ (လုပ်ပိုင်ခွင့်အာဏာ) Commander အားလုံးကို အပစ်ရပ်အဖွဲ့မှ အရာရှိအားလုံးက နေရာ ယူထား သော်လည်း အဲဒီအရာရှိတွေ ကောင်းနေတာကို ဆိုးသွား အောင်၊ အရေးယူခံရအောင် ကလောင်သွားနဲ့ ကော့နေအောင် နအဖအရာရှိတွေနဲ့ (ရုံးအုပ်)ဒု-အရာခံဗိုလ်တို့က မသိမသာ ဒုက္ခပေး လို့ရပါတယ်။ တနည်းပြော ရရင် ပညာပြလို့ရအောင် နေရာယူထားပြီး ဖြစ်ပါတယ်။

ဒု-အရာခံဗိုလ် (ရုံးအုပ်) ဆိုရင် စစ်သည်တဦးရဲ့ လစာခံစားခွင့်၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာ (Promotion Board)၊ သာမန်ခွင့်နဲ့ ရှောင် တခင်ခွင့်ဆိုင်ရာ ခံစားခွင့်များ၊ သင်တန်းတက်ရောက်ခွင့်၊ တပ် ပြောင်းခွင့် မှတ်ပုံတင်စာရင်း၊ နုတ်ထွက်ခွင့်၊ လုပ်သက်ကတ်နဲ့ ကိုယ်ရေးရာဇ၀င်မှတ်တမ်း စတာတွေကို ချုပ်ကိုင်ထားရပါတယ်။

ဒု-အရာခံဗိုလ် (တပ်ထောက်) ဆိုရင် သာမန်ရိက္ခာ၊ အပိုဆောင်းရိက္ခာ၊ တိုက်ခိုက်ရေးရိက္ခာ၊ စစ်လက်နက် ပစ္စည်း၊ စစ်ဝတ်ပစ္စည်း၊ မော်တော်ယာဉ်၊ စစ်ဆင်ရေး (ပေါ်တာ) ၀န်ထမ်းရိက္ခာ၊ အိမ်ထောင်သည် ၀န်ထမ်းရိက္ခာ၊ အဆောက်အဦနဲ့ ပရိဘောဂ စတာတွေကို ကိုင်ထားရပါတယ်။

နယ်ခြားစောင့်တပ်အနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ့်နယ်မြေအတွင်းသာ စောင့်ရမယ် ဆိုပေမယ့် နောက်တန်း မိသားစုနှင့် မလွဲမသွေခွာရမယ့် နယ်မြေရှင်းလင်းရေး လှည့်ကင်းထွက်တဲ့အခါမျိုးမှာ နောက်တန်း အိမ်ထောင် သည် လိုင်းအားလုံးနဲ့ ဂတ်ကင်း၊ လက်နက်တိုက် စတာတွေကို နအဖတပ်မှ အရာရှိ (၃) ဦးနဲ့ အခြား အဆင့် များက ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

နအဖက အပစ်ရပ်အဖွဲ့တွေရဲ့ လစာ၊ ရိက္ခာခံစားခွင့်များကို ဖြေရှင်းပေးသည်မှာ ရေရှည်ရပ်တည်ရေးအတွက် မှန်ကန်ကောင်းမွန်သော်လည်း လုပ်ထုံးလုပ်နည်းနဲ့ ပြဋ္ဌာန်းချက်ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်းပေးသင့်သလို တိုင်းရင်းသားများကလည်း ကျေညက်အောင် လေ့လာမေးမြန်းသင့်ပါတယ်။

အရေးကြီးဆုံး ပြဿနာမှာ အပစ်ရပ်အဖွဲ့များအား တပ်ရင်းအဆင့်သာ အသိအမှတ်ပြုပြီး အင်အားကြီးမားတဲ့ တပ်မဟာဖွဲ့စည်းခွင့်နဲ့ အထက်အရာရှိကြီးမှ စစ်ဦးစီးချုပ်အဆင့်များကိုတော့ နအဖက ဘယ်လိုနေရာမှာ ထားပေးမယ်ဆိုတာကို မရှင်းမလင်းဖြစ်နေပါတယ်။ အင်အားကို အဆမတန် လျှော့ချပြီးမှ ဖွဲ့စည်း ခွင့်ပြု တာဟာလည်း နိုင့်ထက်စီးနင်း ဖြိုခွင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်အောက်ထဲသို့ သွတ်သွင်းမယ်ဆိုရင် မူလကတည်း က အပစ်ရပ်ခေါင်းဆောင်တွေက ၀င်ရောက် စွက်ဖက်ခွင့်မရှိတာကြောင့် အပစ်ရပ် ရဲဘော်တိုင်းရင်းသားတွေအနေနဲ့ အဖေနှစ်ယောက်ပေါ်လာပြီး ကြားညှပ်ကြရမယ့်အရေး မြင်ယောင်မိ ပါသေးတယ်။

ဆိုလိုတာက အပစ်ရပ်အဖွဲ့တွေမှာ အောက်ခြေအပိုင်းကိုသာ အင်အားအဆမတန် လျှော့ယူပြီး အထက်ပိုင်းကိုတော့ တပ်ကို မကွပ်ကဲခိုင်းတော့ဘဲ အရပ်ဝတ်လဲခိုင်းကာ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်ခိုင်းမယ့် သဘောဖြစ်နေပြန် ပါတယ်။

ဒီလိုဆိုရင် အပစ်ရပ်တပ်တွေရဲ့ ခေါင်းနဲ့ ကိုယ်ထည်ကို ထက်ခြမ်းခွဲပစ်လိုက်သလို ဖြစ်နေတာမို့ အထူး သတိပြုသင့် ပါတယ်။ ကိုယ်ထည်ကိုလည်း လှုပ်လို့မရအောင် နောက်ကွယ်မှ ထောက်ထားနိုင်အောင် နအဖ စစ်တပ်က ကိုင်ထားတဲ့သဘော တွေ့ရပါတယ်။

အပစ်ရပ်တပ်တွေကို နယ်ခြားစောင့်တပ်လို့ ခေါ်ဝေါ်သုံးစွဲပုံကလည်း ကျဉ်းမြောင်းလှပြီး စကားစု ဝေါဟာရ အဓိပ္ပာယ် အရ နယ်စပ်မှာပဲထားပြီး ပြည်မသို့ ပေးမ၀င်တဲ့ သဘောဖြစ်ပါတယ်။ ပြည်မသို့ ပေးမ၀င်ရင် ကိုယ့်တိုင်းရင်းသားတွေ အရေးကို ဘယ်လို ဆောင်ရွက်နိုင်တော့မလဲဆိုတာ တိုင်းရင်းသားတွေအနေနဲ့ လုံးဝသဘောပေါက်ဖို့ လိုပါတယ်။

ပြည်မနဲ့ ဆက်စပ်နေတဲ့ အပစ်ရပ်တပ်တွေကို ပြန်လည်နေရာချထားမယ်ဆိုလို့ ပြည်မနဲ့ ကပ်လျက် နေရာတွေမှာတော့ အခြေချခွင့်မပြုတော့ဘဲ နယ်စွန်နယ်ဖျားကို မောင်းထုတ်မယ့် သဘောမျိုးဟာ ဝေးလေကောင်းလေဆိုတဲ့ အဓိပ္ပာယ် ထွက်နေပြန်ပါတယ်။ နယ်ခြားစောင့်တပ်ကို အခြားဒေသသို့ စေလွှတ်ခြင်း မပြုဘဲ မိမိနယ်တွင်သာ စောင့်ရန်လို့ သတ်မှတ်ပါရှိလေရာ ချုပ်ကိုင်လိုတဲ့ သဘောမျိုးဖြစ်ပါတယ်။

တပ်ရင်းထဲမှာရှိတဲ့ ရာထူး၊ အဆင့်သတ်မှတ်မှုအတိုင်း အပစ်ရပ်ငြိမ်းအဖွဲ့တွေက သတ်မှတ်ရန် ဆိုတာဟာလည်း နအဖစစ်တပ်မှ ၀င်လာတဲ့ အခြားအဆင့် ဆရာကြီးများ (၂၇) ဦးနှင့် ပြဿနာတက်လာနိုင်ပြီး လူမျိုးစွဲ၊ တပ်စွဲ၊ သူ့လူကိုယ့်လူ ထားရှိနေဦးမှာမို့ သဟဇာတ မဖြစ်နိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေကို အပြီးတိုင် ၀ါးမြိုဖြိုခွင်းမယ့် နအဖရဲ့  နည်းပရိယာယ်အား သိမြင်နိုင်ဖို့ အတွက် အပစ်ရပ်အဖွဲ့တွေအားလုံး ယခုတင်ပြခဲ့တဲ့ အချက်အလက်တွေကို သေသေချာချာ စဉ်းစားသုံးသပ်ကြည့်ကြဖို့ အကြံပြုလိုပါတယ်။ တဆက်တည်းမှာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်အောင် ဖော်ဆောင်ရင်း နအဖအား တောင်းဆိုတိုက်ပွဲ ၀င်သင့်ပါ ကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။

No comments:

Post a Comment