ဇူလိုင် ၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘန်ဘော် ငါးသေတ္တာစက်ရုံ နယ်မြေအတွင်း မြန်မာ အလုပ် သမားများ စုပေါင်း၍ တတိယအကြိမ်မြောက် ၀ါဆို သင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ဘုရား အနေကဇာ တင်ပွဲကို ကျင်းပခဲ့ကြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချူလာလောင်ကွန်းတက္ကသိုလ်တွင် မြန်မာ နိုင်ငံအနှံ့မှ ကြွရောက် ပညာ သင်ကြား နေကြသော မြန်မာ ရဟန်း သံဃာ အပါး ၆၀ ကျော်တို့ ကို ပင့်ဖိတ်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူတစ်ဦး ဖြစ်သူ ကိုလှစိုးက “ထိုင်းနိုင်ငံမှာ လာရောက် ပညာ သင်နေကြတဲ့ မြန်မာစာ သင်သား သံဃာတွေအတွက် သာသနာ့အကျိုး ရည်မျှော်ပြီး ကျင်းပ ကြတာဖြစ်ပါတယ်။
ဒီလို သံဃာတော်တွေ အများကြီးပင့်ဖိတ်ပြီး တစုတဝေးတည်း ဖူးမျှော်ခွင့် ရတာကို ကျနော်တို့ ပီတိဖြစ်ပါတယ်။ ကျနော်တို့  ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ရထားတဲ့ ချွေးနှဲစာထဲက အခုလို စုပေါင်း အလှူ လုပ်ကြတာဟာ တတိယ အကြိမ်ဖြစ်ပါတယ်” ဟုပြောသည်။ အဆိုပါ အလှူပွဲအတွက် ခန့် မှန်း ကုန်ကျငွေမှာ ဘတ်ငွေ တစ်သိန်းခွဲခန့် ရှိမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
ဘန်ကောက်မြို့ ဝတ်တစ်လုံး ကျောင်းထိုင် ပဓါန ဆရာတော် ကိုယ်တိုင် ကြွရောက် ချီးမြှင့် သည်။ အဆိုပါ ထိုင်းဆရာတော်ကြီးမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ကြွရောက် လာကြ သော မြန်မာစာသင်သား သံဃာ အပါး၅၀ ကျော် ကို ကျောင်းတွင် လက်ခံ နေထိုင် သီတင်းသုံးခွင့် ပြုထားသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ကြွရောက်လာ သော မြန်မာသံဃာတော်များ မိန့်ကြား ချက်အရ သိရသည်။
ယခင်နှစ်များက ဤနေရာတွင် ယခုကဲ့ သို့  ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ဃန်း ဆက်ကပ် လှူဒါန်း ပွဲများ ကျင်းပခဲ့ကြ သော်လည်း နီးစပ်ရာ သံဃာငါးပါး ဆယ်ပါးတို့ ဖြင့်သာ ကျင်းပ နိုင်ခဲ့ပြီး ယခုကဲ့သို့ သာံင်္တော် အရေအတွက် မြောက်များစွာ ပင့်နိုင်ခြင်းမရှိခဲ့ပေ။
အလှူပွဲကို နံနက် ၈နာရီမှစ၍ စတင်ကျင်းပခဲ့ပြီး ကြွရောက်လာသူများကို ရေခဲမုန့်၊ ကြံဆံဟင်းခါးနှင့် အချိုရည် အမျိုးမျိုး မုန့်အမျိုးမျိုးတို့ ကို ကျွေးမွေး ခဲ့သည်။ နေ့လည်ပိုင်းတွင် သင်္ဃန်းများ ဆက်ကပ်လှူဒါန်းပြီး တရားနာ ရေစက်ချကာ မွန်းလွဲ ၁နာရီကျော်တွင် ဆွမ်းဆန်စိမ်း လောင်းလှူကြပြီး ၂နာရီကျော်ခန့်တွင် မြန်မာ အလုပ်သမားများ၏ စုပေါင်းအလှူမင်္ဂလာမှာ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
ဘန်ကောက်မြို့ အနီး မဟာချိုင်နယ်မြေ ၀တ်ကန်ဖါ၊ ၀တ်ဟုန်၊ ဆေးပေါင်း၊ ၀က်ပုပ် ကျောင်းတို့ တွင်လည်း မြန်မာများ တပိုင်တနိုင် ၀ါဆိုအလှူများ ပြုလုပ်ကြကြောင်း သတင်း ရရှိသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။