7.31.2009

“အာလူး” “ခေါင်းဖြူ” နဲ့ ထပ်ရွှေ့လိုက်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း

E-mail Print
ပုံမှန်သောကြာနေ့ ဆိုရင် ပိတ်လေ့မရှိတဲ့ အင်းစိန်မြို့မဈေးကြီးနဲ့ လေဟာပြင်ဈေးကြီး နှစ်ခုစလုံးမှာ ဆိုင်ခန်း တွေ ပိတ်ထားပြီး လူသူမရှိ ခြောက်ကပ်နေတယ်။

ဆိုက်ကားတွေ၊ ဈေးသည်တွေ၊ လိုင်းကားတွေ၊ ဈေးဝယ်သူတွေနဲ့ ပြည့်နှက်ပြီး ယောက်ယက်ခတ်နေလေ့ရှိတဲ့ အင်းစိန်ဈေးရှေ့ လှိုင်မြစ် ကားလမ်းမကြီးပေါ်မှာလည်း အပြာရောင်ယူနီဖောင်းဝတ် ရဲတွေကသာ နေရာယူ ထားပြီး လူသူကင်းရှင်းနေပါတယ်။

နံနက် ၈ နာရီကျော်သာရှိသေးပေမယ့် အင်းစိန်မြို့နယ်တစ်ခုလုံးမှာ ညသန်းခေါင်ယံ အချိန်အလား တိတ်ဆိတ် ငြိမ်သက်နေတယ်။ သံဆူးကြိုးတွေ၊ သေနတ်ကိုင်ထားတဲ့ရဲတွေ၊ စကားပြောစက် ကိုင်ထားတဲ့ အရပ်ဝတ် ရဲတွေကသာ လှိုင်မြစ်ကားလမ်းမကြီးပေါ်မှာ လှုပ်ရှားသွားလာနေတယ်။ အင်းစိန်ထောင်အနီး နားမှာရှိတဲ့ လမ်းမ ကြီးတွေနဲ့ လမ်းသွယ်အားလုံးကို ရဲတွေကပိတ်ထားတယ်။

လမ်းပိတ်ထားလို့ သွားဖို့လာဖို့ ခက်ခဲနေတဲ့ အင်းစိန်ဒေသခံတွေက ညည်းညူ နေကြတယ်။

“တောက်၊ လူတွေကို တော်တော် ဒုက္ခရောက်အောင်လုပ်တယ်” ဆိုတဲ့ စကားသံကတော့ ဈေးခြင်း ကိုင်ထားတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတဦးဆီက ထွက်ပေါ်လာတာပါ။

အင်းစိန်ထောင်နားကို သွားလို့ရတဲ့ အဓိကလမ်းဖြစ်တဲ့ အင်းစိန်ခုံးကျော် တံတားပေါ်မှာ အပြာရောင်ဝတ်ရဲသား ၂၀ လောက်က နေရာယူထားပြီး လာသမျှ လူတွေကို မောင်းထုတ် နေတယ်။

ပုခုံးပေါ်မှာ ကြယ်နှစ်ပွင့်တင်ထားတဲ့၊ အပြာရောင် ယူနီဖောင်းကို စမတ်ကျကျ ၀တ်ဆင်ထားတဲ့ ရဲအရာရှိက လာသမျှလူကို ခက်ထန်တဲ့ လေသံနဲ့ “လမ်းပိတ်ထားတယ်။ သွားလို့မရဘူး။ တခြားလမ်းကသွား” ဆိုပြီး မောင်း ထုတ်တယ်။

နံနက် ၉ နာရီ ၁၅ မိနစ်ကျော်ကျော်လောက်မှာ ဗီယက်နမ်၊ အမေရိကန် စတဲ့ အလံတွေ လွှင့်ထူထားတဲ့ သံရုံး ကားတွေ အင်းစိန်ခုံးကျော်တံတားပေါ်ကနေ တစီးပြီး တစီးဖြတ်သန်းလာကြပြီ။

ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမယ့်နောက်ဆုံးနေ့မှာ အင်အားပြဖို့၊ ထောက်ခံကြောင်း ပြသဖို့ ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်၊ ပြည်သူတွေက အင်းစိန်ခုံးကျော်တံတားပေါ်ကနေ ဖြတ်သန်း ခွင့် မပေးလို့ အင်းစိန်ပန်းခြံရှေ့၊ ရွှေပြည်သာကားဂိတ်နဲ့ မထသ ၅၀ လိုင်းကားဂိတ် အနီးမှာ လာရောက်စုဝေး နေကြ တယ်။

နံနက် ၉ နာရီ ခွဲ ကျော်ချိန်အထိ ထောက်ခံအားပေးတဲ့သူတွေ တဖွဲဖွဲလာရောက်နေကြတာကို တွေ့ရတယ်။ အင်းစိန်ပန်းခြံရှေ့နားမှာတော့ စွမ်းအားရှင်တွေ၊ အရပ်ဝတ်ရဲတွေက နေရာအပြည့် ယူထားပြီး ဓာတ်ပုံ ကင်မရာ တွေ တဖျပ်ဖျပ် ရိုက်ယူနေကြတယ်။

ရဲတွေအချင်းချင်းသတင်းပို့နေသံက အင်းစိန်ပန်းခြံရှေ့မှာ လွှမ်းမိုးနေတယ်။ ရဲ တယောက်က “အာလူးတွေ ၈၀ လောက်ရှိတယ်” ဆိုပြီး စကားပြောစက်က တဆင့် ပြောနေတာကြားရတယ်။

“အာလူး” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပြည်သူတွေ၊ NLD အဖွဲ့ဝင် တွေကို ရည်ညွှန်း ပြောဆိုတာပါ။

၁၀ နာရီ ကျော်ချိန်မှာတော့ “အာလူးတွေတလုံးပြီး တလုံးလှိမ့်နေတယ်။ အင်အားစုတယ်” ဆိုပြီး ရဲအချင်းချင်း စကားပြောစက်က တဆင့် သတင်းပေးပို့သံတွေ ဆူညံနေပြီ။ အဲဒီနောက်မှာတော့ အင်းစိန်ဆေးရုံနား ကနေ လက်နက်အပြည့်အစုံနဲ့ လုံထိန်းရဲတွေ အပြည့် တင်ဆောင်ထားတဲ့ ရဲကား ၁၀ စီးလောက် အရေးပေါ် မီးလုံးတွေ ဖွင့်ပြီး အင်းစိန်ပန်းခြံရှေ့နားကို ရောက်ရှိ လာပါတယ်။

ရဲတွေ၊ အရပ်ဝတ်ရဲတွေ၊ စွမ်းအားရှင်တွေ အမြောက်အမြား၊ သေနတ်ကိုင်ဆောင်ထားတဲ့ လုံထိန်းရဲတွေ မြောက်မြားစွာဟာ အပ်တိုတချောင်းတောင် ကိုင်ဆောင် ထားခြင်းမရှိတဲ့ သာမန်ပြည်သူ တွေနဲ့ NLD အဖွဲ့ဝင် တွေကို ၀ိုင်းရံထားကြတယ်။

လမ်းတွေဘယ်လိုပိတ်၊ လုံခြုံရေးတွေ ဘယ်လောက် တင်းကျပ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေကတော့ ရတဲ့နေရာမှာ စုဝေးပြီး သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြသနေကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ အရေအတွက်က တရာလောက်ရှိပြီး ထောက်ခံ အားပေးသူ တွေကို စောင့်ကြည့်နေကြတဲ့ လူစုလူဝေးကလည်း တရာကျော်လောက် ရှိပါမယ်။

ဒိုင်နာကား အမြောက်အမြားနဲ့ စွမ်အားရှင် ရာပေါင်းများစွာကလည်း တဖြည်းဖြည်း စုဝေးလာကြပြီ။ စွမ်းအားရှင် တယောက်ရဲ့လက်ထဲမှာ ၀ါးထမ်းပိုးတခု ကိုင်ထားတာတွေ့ရတယ်။ သူက အင်းစိန်ပန်းခြံရှေ့ မှာရပ်ထားတဲ့ စွမ်းအားရှင်တွေကို သယ်ယူပို့ဆောင်ရေး လုပ်လေ့ရှိတဲ့ ၈ဃ/ ၈၄၇၂ နံပါတ် တပ် စက်မှုဇုန် ထုတ် လိုက်ထရပ် ကားနားမှာ ရပ်နေတယ်။

အခြေအနေကတော့ ဆက်လက်တင်းမာနေဆဲပဲ။ လိုင်းကားတွေပေါ်က ပြည်သူတွေကလည်း ရဲတွေ ၀ိုင်းရံ ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံအားပေးသူ လူအုပ်ကို သနားကရုဏာ သက်တဲ့ မျက်လုံးတွေနဲ့ လှမ်းမျှော်ကြည့်နေကြတာ တွေ့ရတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမှာပါပဲဗျာ။ ဘာမှထူးလာမှာမဟုတ်ပါဘူး။ ဒီကောင်တွေကို တိုက်မှ ပဲရမှာဗျ” လို့ အင်းစိန်ပန်းခြံအနီး ကားဂိတ်နားမှာ လိုင်းကားစောင့်နေတဲ့ လူကြီးပိုင်းအရွယ် အမျိုးသား နှစ်ယောက် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပြောဆိုနေကြတယ်။

ကားဂိတ်မှာရှိနေတဲ့ အရပ်ဝတ်ရဲလို့ ယူဆရသူ တဦးက အဲဒီအမျိုးသား နှစ်ဦးကို ကွက်ကြည့်၊ ကွက်ကြည့် လုပ်နေတယ်။

အင်းစိန်ထောင်နား၊ အင်းစိန်ဈေးရှေ့နားကို နံနက် ၇ နာရီလောက် ကတည်းက ရောက်နေတဲ့ NLD အဖွဲ့ဝင် ၁၀ ယောက်လောက် ပိတ်မိနေတယ်လို့ အင်းစိန်၊ မျိုးချစ်လမ်းမှာ နေတဲ့ ဒေသခံ တဦးက ပြောတယ်။

နံနက် ၁၀ နာရီ ၃၀ မိနစ် “ခေါင်းဖြူ၊ ခေါင်းဖြူ လာနေတယ်” ဆိုတဲ့ စကားပြောစက် က အသံတွေ ထွက်ပေါ် လာတဲ့ အချိန်မှာတော့ အင်းစိန်ပန်းခြံရှေ့မှာရှိတဲ့ စွမ်းအားရှင်တွေ၊ အရပ်ဝတ်ရဲတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။

“ခေါင်းဖြူ” ဆိုတာကတော့ တစ်ခေါင်းလုံးဖွေးဖွေး ဆွတ်ဖြူနေတဲ့ NLD ခေါင်းဆောင် ဦးဝင်းတင်ကို ဆိုလိုတာ ဖြစ်ပြီး လာရောက်စုဝေးနေတဲ့ သူတွေဆီကို ဆိုက်ကားတစ်စီးနဲ့ ရောက်လာတာပါ။

ဦးဝင်းတင်ရောက်တာနဲ့ စစ်အစိုးရဘက်တော်သား ဓာတ်ပုံ ကင်မရာ၊ ဗီဒီယိုကင်မရာသမားတွေက နိုင်ငံကျော် ရုပ်ရှင်မင်းသား တဦး ရောက်လာသလို ရုတ်ရုတ်သဲသဲ မှတ်တမ်းတင်ကြတယ်။

ဦးဝင်းတင်ရောက်ရှိပြီး သုံးမိနစ်ခန့်အကြာမှာ စုဝေးနေတဲ့ NLD အဖွဲ့ဝင်တွေ၊ ပြည်သူတွေ စတင်ပြီး လူစုခွဲဖို့ ပြင်ဆင်ပါတော့တယ်။

အင်္ကျီအဖြူ၊ ယောထဘီ ၀တ်ဆင်ထားတဲ့ အသက် ၇၀ နီးပါးအရွယ် အဘွားအိုတဦးကတော့ မထသ ၄၅ လိုင်းကားပေါ်က လူတွေကို “၁၁ ရက်နေ့ကို ရုံးချိန်း ထပ်ရွှေ့လိုက်ပြန်ပြီ” လို့ ရှင်းပြနေပါတယ်။

No comments:

Post a Comment