8.18.2009

ဆန္ဒပြ အလုပ်သမားများအား ဖမ်းဆီး

သြဂုတ် ၁၈

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဘန်စာခူ ရပ်ကွက် နိုင်ထောင်လမ်းတွင်ရှိသော SSS.M.P ဘန်ကလို ဆောက်လုပ်ရေး ကုမ္ပဏီမှ မြန်မာအလုပ်သမားများက ယနေ့ နံနက်တွင် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆန္ဒပြခဲ့သဖြင့် လုပ်ငန်းရှင်က ထိုင်းရဲများကို ခေါ်၍ ဖမ်းဆီးခိုင်းခဲ့သည်။
မြန်မာ အလုပ်သမား တစ်ရာကျော်ရှိသော အဆိုပါ လုပ်ငန်းခွင်မှ မြန်မာပန်းရံအလုပ်သမားများက ယမန်နေ့ ညနေက စုပေါင်း တိုင်ပင်ထားခဲ့ကြပြီး ယနေ့ နံနက်တွင် အလုပ်မဆင်းပဲ နေထိုင်ရာ အလုပ်သမားတန်းလျားတွင် ဆန္ဒပြ နေခဲ့ ကြသည်။
ရှစ်နာရီကျော်တွင် လုပ်ငန်းရှင်ကိုယ်တိုင် ရောက်ရှိလာပြီး အလုပ်မဆင်းသည့် အကြောင်းရင်းကို မေးမြန်း ခဲ့သည်။ အလုပ်သမားများက မိမိတို့ အနေအထားများကို တင်ပြခဲ့သော်လည်း လုပ်ငန်းရှင်က ရဲကိုခေါ်၍ ဖမ်းဆီခိုင်းခဲ့သဖြင့် မြန်မာအလုပ်သမား ၉၀ကျော် ဖမ်းဆီးခံခဲ့ရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် အမျိုးသမီး၁၅ဦးလည်း ပါဝင်သည်။ ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူ ကိုမိုးက “ကျနော်တို့ အလုပ် သမားတွေကို သူဌေးက ဘဏ်ချီ စာရွက်လည်း ထုတ်မပေးတော့ ကျနော်တို့ မှာ စားစရာမရှိဘူး။ ပြီးတော့ အလုပ်က ပြန်လာရင် ရေမချိုးရဘူး။ မီးဆိုလည်း အချိန်နဲ့ ပဲပေးတယ်။ အဆိုးဆုံးက နေထိုင်မကောင်းရင် ဆေးရုံ လည်း လိုက်ပို့ မပေးဘူး ။ကျနော်တို့ ထောင်ကျနေသလိုပဲ။ လုပ်အားခဆိုတာလည်း ပေးချင်သလို ပေးတယ်။ ပြန်လာရင် ရေမချိုးရတာ တော်တော် ဆိုးပါတယ်''ဟုပြောပြခဲ့သည်။ အလုပ်သမား တစ်ရာကျော်ရှိသော အဆိုပါ အလုပ်ခွင်တွင် အလုပ်သမားအားလုံးမှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ် လုပ်ထားပြီးဖြစ်သော်လည်း ဆေးရုံ ကဒ်နှင့် ဘတ်လုပ် စာရွက်စာတမ်း အားလုံးကို အလုပ်သမားများ ကိုင်ဆောင်ထားခွင့် မရှိကြောင်း ပြောပြသည်။

ဘတ်လုပ်ခအတွက် အလုပ်သမားတစ်ဦးစီ ဘတ်ငွေ ၂၄၁၀စီ ဖြတ်ထားပြီးဖြစ်သည်။ နေ့ လည် ၁၂နာရီခန့် တွင် ဖမ်းဆီးထားသော အလုပ်သမားအချို့ ကို ပြန်လည်းလွှတ်ပေးခဲ့သော်လည်း အလုပ်သမား ၁၃ဦးနှင့် အမျိုးသမီး အလုပ်သမ ၅ဦး(ပေါင်း၁၈ဦး)တို့ကို ဆက်လက် ဖမ်းဆီး ထားလိုက်သည်။
ထိုသူများကို လ၀ကအချုပ်သို့ ပို့ ဆောင်ရန် ပြင်ဆင်နေကြောင်းနှင့် ၄င်းအလုပ်သမားများ အတွက် လိုအပ်သော အခက်အခဲများကို ကူညီဆောင်ရွက်နေသော ဖန်ငအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ ဦးထူးချစ်က“တောမော(့ခေါ်)လ၀ကကို ကျနော်တို့ အဖွဲ့ အလုပ်သမားဥပဒေ တာဝန်ရှိတဲ့ ထိုင်းဝန်ထမ်း တစ်ယောက် သွားနေတယ်။ ခုကျန်နေတဲ့လူတွေကို ခုလ၀ကပို့မလို့ ကားပေါ်ကို တင်နေပြီ။ ရွေ့ပြောင်း အလုပ်သမား တွေထဲမှာ အဓိက အခွင့်အရေး ချိုးဖေါက်အခံရဆုံး လူတွေက ပန်းရံ အလုပ်သမားတွေလို့ ပြောလို့ ရတယ်။ နေ့ တိုင်း ကျနော်တို့  ကြားနေရတယ်။ သူတို့ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ပွဲဝင်ကြတာ၊ ကျနော်တို့ ထိုင်းတောင်ပိုင်းမှာတော့ ပထမဆုံးပဲ ဖြစ်တယ်။ ကျနော်တို့  သူတို့ လုပ်ရပ်ကို လေးစားတယ်။ နောက် သူတို့ တွေ နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်။ သူတို့ တွေ ကိုယ့်အကျိုးစီးပွား အတွက် မှန်မှန်ကန်ကန် တိုက်ပွဲဝင် ကြတာကို ကျနော်တို့ ဂုဏ်ယူတယ်။ အဓိက ကျနော် ပြောချင်တာက၊ အလုပ်သမား အခွင့်အရေး တွေကို ဥပဒေကြောင်းအရ ကူညီပေးနေတယ်ဆိုတဲ့ အဖွဲ့ အစည်းတွေ ကလည်း ထိထိရောက်ရောက် စွမ်းစွမ်း တမံ ကူညီဆောင်ရွက် ပေးသင့်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်''ဟု ပြောသည်။

အလုပ်သမားများ အလုပ်မဆင်းရခြင်းမှာ စားစရာမရှိ ရေမရှိ၊ မီးမရှိသဖြင့် ဖြေရှင်းပေးရန် လုပ်ငန်းရှင် သူဌေးအား တောင်းဆိုခဲ့ကြသော်လည်း သူဌေးက ကားလမ်းမပေါ်တွင် အလုပ်သမားများကို ထိုင်ခိုင်း ထားခဲ့သည်။ မကြာမီ ရဲကားတစ်စီး ရောက်ရှိလာပြီး ဘန်ကလို ဆောက်လုပ်ရာသို့  အလုပ်သမားများ အသွားအပြန် စီးနေသော ကားကြီး၂စီးဖြင့် အလုပ်သမားများကို တံတားကြီး ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အလုပ်သမားခေါင်းဆောင် ကိုစိန်ထွန်းက ကားပေါ်အတက်တွင် လက်မကို ထောင်ပြသဖြင့် ရိုက်နှက် ခံခဲ့ရသည်။

အဆိုပါ အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြပွဲကို ဦးဆောင်သူ နောက်တစ်ဦးဖြစ်သော ကိုအမိုင်နှင့် ဇနီးဖြစ်သူ မသန်းအေးတို့ တွင် ၃လသားအရွယ် ကလေးငယ် တစ်ယောက်ရှိသည်။ ကိုယ်ဝန် ၆လရှိပြီးဖြစ်သော မိခင်လောင်း မ၀တုတ်မှာလည်း ထိုင်းဘာသာစကားဖြင့် အလုပ်သမားများကိုယ်စား စကားပြောခဲ့သည်။ အဆိုပါ ဦးဆောင်သူများကို နယ်စပ်ကို ပြန်ပို့ပေးရန် လုပ်ငန်းရှင်က ထိုင်းရဲများကို ပြောဆိုခဲ့သည်။

ပြီးခဲ့သော သြဂုတ် ၁၆ ရက် တနင်္ဂနွေနေ့ ကထိုင်းအလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနက ထိုင်းတွင် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံခြားသား အလုပ်သမား ခြောက်သိန်း သုံးသောင်းကျော်တို့သည် ထိုင်းအလုပ်သမားများနည်းတူ အလုပ်သမားဆိုင်ရာ အခွင့်အရေးများ တန်းတူ ခံစားရမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များက အလုပ်သမားအခွင့်အရေး တစ်စုံတစ်ခု ချိုးဖေါက်လာပါကလည်း ဥပဒေကြောင်းအရ တန်းတူ အကျိုး ခံစားစေရမည် ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

အဆိုပါကြေညာချက်မှာ ထိုင်းအစိုးရ၏ ပထမဦးဆုံး နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ တန်းတူခွင့် ရရှိနိုင်ကြောင်း ပြောကြားခြင်းဖြစ်သည်။ သို့ ရာတွင် အစိုးရ၏ ကြေညာချက်မှ မည်မျှအထိ ထိရောက်မှု ရှိမည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုနေကြသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment