8.27.2009

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမရှေ့နေများ တွေ့ဆုံခဲ့

နေအိမ် အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ရှေ့နေများနှင့် ယနေ့ နေ့လည် ၁၂ နာရီ မှ နေ့လည် ၂နာရီ ၃၅အထိ တွေ့ဆုံ ခွင့်ရခဲ့ပါတယ်။ သူမရဲ့ရှေ့နေတဦးအပြင် NLD ရဲ့ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်တဲ့ ဦးဥာဏ်ဝင်းက သူတို့ ရှေ့နေ၄ဦးလုံး တွေ့ဆုံခွင့် ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် သုံးနှစ်ချထားတဲ့ အမှုအတွက် လာမယ့် တနင်္လာနေ့မှာ တရားရုံးချုပ်ကို အယူခံတင်သွင်းမှာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ထိုပြစ်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အမိန့်နဲ့ ၁နှစ်ခွဲသို့ ပြောင်းလဲပေးခဲ့ပြီးနောက် အင်းယားကန်စောင်းက သူမရဲ့အိမ်မှာ ပြန်လည်နေထိုင်စေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စီရင်ချက်ချပြီး နောက်တရက်ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ သူမရဲ့ ရှေ့နေတွေကို အဲဒီ အင်းယားကန်စောင်းက အိမ်မှာတွေ့ ဆုံစဉ်ကတည်းက သူမအပေါ်ချမှတ်တဲ့ စီရင်ချက်အပေါ် ကျေနပ်မှု မရှိတဲ့ အကြောင်းပြောဆိုခဲ့ပြီး ရှေ့နေများကို အယူခံအတွက် ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပါသည်။
အဲဒီ ပြစ်ဒဏ် လျှော့ပေါ့မှု အမိန့်ထဲမှာ သူမဟာ လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ရှိကြောင်းပါခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ် မေလ ၃၀ရက် ထပ်မံ ထိမ်းသိမ်းခံခဲ့ ရစဉ်ကတည်းက ၆နှစ်ကျော် ကျမ်းမာရေးစောင့်ရှောက် ကုသမှု ပြုလုပ်ပေးခဲ့တဲ့ သူမရဲ့ သမားတော် ဒေါက်တာမျိုးဝင်းနှင့် ပြသခွင့်ကို တောင်းဆိုခဲ့သော်လည်း ယခုအချိန် အထိ အကြောင်းပြန်ကြားခြင်း မရှိသေးဟုလည်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
ထိုသို့ နှစ်နာရီ ခွဲကျော် တွေ့ဆုံခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဆီနိတ်တာ မစ္စတာဂျင်ဝက်၏ ဆောင်းပါးပါ မြန်မာနိုင်ငံ အပေါ်စီးပွါးရေး ပိတ်ဆို့ထားမှု အကြောင်း ရေးသားချက်များနှင့် ပါတ်သက်၍ သူမဟာ လွန်ခဲ့သော ၁၅ နှစ် ကတည်းက ဒီကိစ္စတွေကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာဖို့ နအဖ ခေါင်းဆောင်များကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ကြောင်းကိုလည်း ဦးဥာဏ်ဝင်းက ပြောပြသွားပါတယ်။
ပြည်တွင်းသတင်းထောက်တဦး(ရွှေဝါရောင်သတင်းလွှာ)

No comments:

Post a Comment