ဖိုးရှုပ်။ ။ ဘာလဲကွာ ဆိုင်းမဆင့်ဗုံမဆင့် ..။ ရုံးမှာ ကိုဂေါ်ကြီးအလစ် ခဏထွက်လာတဲ့ ဟာကို။
ကြွက်စုတ်။ ။ ကိုဂေါ်ကြီးအလစ် .. မင်းက ဘာလာလုပ်တာလဲ။
ဖိုးရှုပ်။ ။ မင်းအခန်းမှာ ချက်တင်ထိုင်ပြီး ကောင်မလေးနဲ့ ပွားမယ်လေ။
ကြွက်စုတ်။ ။ အောင်မာ ဟေ့ကောင်၊ ငါ့ကွန်ပျူတာက ချက်တင်ထိုင်ပွားဖို့ မဟုတ်ဘူးကွ ..။
ဖိုးရှုပ်။ ။ ချက်တင်ထိုင် ပွားဖို့မဟုတ်ရင် ဘာလုပ်ဖို့လဲ။
ကြွက်စုတ်။ ။ တော်လှန်ရေးလုပ်ဖို့၊ နိုင်ငံရေးလုပ်ဖို့၊ တိုက်ပွဲဝင်ဖို့ကွ ..။
ဖိုးရှုပ်။ ။ ထားပါတော့ကွာ .. ဒါဆိုလည်း မပွားတော့ပါဘူး။ ပြောပါဦး၊ ဘာတွေအခြေအနေ မကောင်းတာလဲ။
ကြွက်စုတ်။ ။ ချင်းမိုင်မှာ ဖမ်းနေတယ်လေ။ နိုင်ငံရေးအဖွဲ့အစည်းတွေကို ဝင်ဖမ်းနေတာ မင်းမကြားဘူးလား။
ဖိုးရှုပ်။ ။ ကြားသားပဲ၊ ဒါကတော့ကွာ .. နားညည်းတယ်ဆိုပြီး တိုင်တဲ့သူက တိုင်တော့ ဖမ်းတဲ့သူကလည်း ဖမ်းမှာပေါ့။
ကြွက်စုတ်။ ။ ငါတို့လည်း တခါတလေ မူးပြီးသောင်းကျန်းတာလေး၊ ဆူမိတာလေး ရှိတယ်လေကွာ။ အဲဒီလို လုပ်မိလို့ တိုင်ရင် ငါတို့လည်း ဖမ်းခံရမှာပေါ့။
ဖိုးရှုပ်။ ။ အဲဒီတော့ မင်းက ဘာလုပ်ချင်လို့လဲ။
ကြွက်စုတ်။ ။ ရန်ကုန်ပြန်ရင် ကောင်းမလားလို့။
ဖိုးရှုပ်။ ။ ဘာ .. ရန်ကုန်ပြန်ပြီး ဘာလုပ်မှာလဲ။
ကြွက်စုတ်။ ။ နိုင်ငံရေး ပါတီလေးဘာလေးထောင်မယ်လေကွာ။ ခု ပါတီတွေ ထောင်နေကြပြီ .. မကြားဘူးလား။
ဖိုးရှုပ်။ ။ အရူးက ထပြန်ပြီကွာ .. ပါတီမထောင်ခင် .. မင်းကိုဖမ်းရင် ဘယ်လိုလုပ်မလဲ။
ကြွက်စုတ်။ ။ မဖမ်းပါဘူးကွ၊ ဟိုရောက်တော့လည်း စကားရောဖောရောနဲ့ ဒီဘက်က လူတွေ အကြောင်း နည်းနည်းပါးပါး သားပုတ်လေလွင့် လျှောက်ပြောမှာပေါ့။ ဒီကလူတွေကို စိတ်ကုန်လို့ပါ ဆိုပြီး ရောမှာပေါ့၊ အရေးကြီးတာ ပါတီထောင်ခွင့်ရဖို့ပဲကွ။
“အင်း ဒီနိုင်ငံရေးရူးနဲ့တော့ ပြောလို့လည်းရမှာမဟုတ်ဘူး” ဟု ဖိုးရှုပ်စိတ်ထဲက တွေးလိုက်သည်။
ဖိုးရှုပ်။ ။ ပါတီထောင်မှာတော့ ဟုတ်ပါပြီ။ မင်းရဲ့ ပါတီမှာ ဘယ်သူတွေပါမှာလဲ။
ကြွက်စုတ်။ ။ လောလောဆယ်တော့ ၃ ယောက်ရှိနေပြီ။
ဖိုးရှုပ်။ ။ ဘယ်သူတွေလဲကွ။
ကြွက်စုတ်။ ။ ငါရယ်၊ မင်းရယ်၊ ဦးရုက္ခစိုးရယ် ..။ တကယ်လို့ စည်းရုံးတာ အဆင်ပြေရင် ရန်ကုန်က ကွမ်းယာရောင်းတဲ့ တာတေ့ကိုပါထည့်မယ်။
ဖိုးရှုပ်။ ။ မင်းဟာကလည်းကွာ၊ ငါနဲ့ ဦးရုက္ခစိုးက ပါမယ်ပြောလို့လား။
ကြွက်စုတ်။ ။ ဒီလိုပဲ လျာထားရတာပေါ့။ ခဏပါကွာ .. ငါအာဏာရရင် မင်းကို ပြန်ကြားရေးဝန်ကြီး ခန့်ပါ့မယ်။
ဖိုးရှုပ်။ ။ (စိတ်ထဲမှ - ဒီအရူးနဲ့တော့ ငါလိုက်မထိမ်းရင် ပေါက်ကရတွေ ဖြစ်ကုန်တော့မယ်) မင်းဘာသာ လုပ်ချင်တာသာ လုပ်တော့ ကြွက်စုတ်ရေ .. ဒါနဲ့ မင်းက ဘယ်တော့ပြန်မှာလဲ။
ကြွက်စုတ်။ ။ အခုပဲလေ .. အခုပြန်မှဖြစ်မှာပေါ့၊ ဘယ်သူမှမသိအောင် ခုလို ရုတ်တရက် ထပြန်လိုက် မယ်။ ကဲလာ သွားမယ်။
ပြောပြောဆိုဆို ပစ္စည်းများကို ကောက်သိမ်းကာ ဖိုးရှုပ်လက်ကို အတင်းဆွဲခေါ်သွားသဖြင့် ဖိုးရှုပ် ကန့်လန့် .. ကန့်လန့်နှင့် မရုန်းနိုင်ဘဲ လိုက်ပါသွားရလေတော့သည်။ စာမျက်နှာအခက်အခဲကြောင့် ထို ၂ ဦး၏ ပြည်တော်ပြန် ခရီးစဉ်ကို အပြည့်အစုံ မဖော်ပြနိုင်ခြင်းအား သည်းခံပါလေ ..။ သူတို့ ၂ ဦး ပြည်တော်ပြန် ခရီးစဉ်မှာ အခက်အခဲမရှိ လွယ်ကူချောမော လှသည်တော့မဟုတ်။ သူတို့ထက် အိုင်ဒီယာဦးကာ ပြန်နှင့်၍ ထောက်လှမ်းရေးကို လက်တို့မည့်သူများ မမြင်အောင် ပုန်းလျှိုး ကွယ်လျှိုး ပြန်ရသောကြောင့် .. သူများ ခြံစည်းရိုး ခွေးတိုးပေါက်များမှ တိုး၍ တသွယ်၊ အိမ်နောက်ဖေး လမ်းကြား၊ ရေအိမ်များကြားမှ ဖြတ်လျှောက်၍ တနည်း လျှို့ဝှက်သည်းဖိုဆန်ဆန် ရန်ကုန်ရောက်လာကြခြင်း ဖြစ်သည်။
ကြွက်စုတ်။ ။ ကဲဖိုးရှုပ်၊ သတင်းစာရှင်းလင်းပွဲ အရင်လုပ်ရအောင်၊ မင်းက သတင်းထောက်ဆိုတော့ ရန်ကုန်က သတင်းသမားတွေကို ခေါ်ကွာ ..။
ပါတီထောင်ဖို့အတွက် တက်ကြွနေသည့် ကြွက်စုတ်ကို ဂရုမစိုက်အားဘဲ ဖိုးရှုပ် တနေရာသို့ စူးစိုက် ကြည့်နေသည်။
ဖိုးရှုပ်။ ။ ဟာ .. ဟေ့ ကြွက်စုတ်၊ ဟိုမှာ .. ဟိုမှာ .. ဦးရုက္ခစိုးကြီး မဟုတ်လား။
ကြွက်စုတ်။ ။ ဟုတ်ပါ့ကွာ .. သူ့နောက်မှာ ကွမ်းယာရောင်းတဲ့ တာတေပါလား။
ကြွက်စုတ်က ဦးရုက္ခစိုးကြီးကို အော်ခေါ်လိုက်ရာ ဦးရုက္ခစိုး သူတို့နားသို့ စွေ့ခနဲ ရောက်လာသည်။
ရုက္ခစိုး။ ။ မင်းတို့လည်း ရန်ကုန်ရောက်နေကြပါလား။ ဘာလာလုပ်ကြတာလဲကွ။
ကြွက်စုတ်။ ။ နေပါဦး .. ဦးရုက္ခစိုးအရင်ပြောပါ။ ဦးရုက္ခစိုးက ဘာလာလုပ်တာလဲ။
ရုက္ခစိုး။ ။ ငါလား .. ပါတီ လာထောင်တာလေကွာ .. ။ ဟောဒီ တာတေ့ကိုတောင် စည်းရုံးရေးမှူး ခန့်လိုက်ပြီ။
ကြွက်စုတ်။ ။ ဟာ .. ကျနော်တို့လည်း ပါတီလာထောင်တာပဲလေ ..။ ဦးရုက္ခစိုးကို ကျနော့်ပါတီထဲ ပါခိုင်းမလို့ .. ပြီးတော့ တာတေ့ကိုပါ စည်းရုံးမလို့ ..။
ရုက္ခစိုး။ ။ မင်း နောက်ကျသွားပြီ ကြွက်စုတ်ရဲ့ .. ငါတို့က နှစ်ယောက်နဲ့ တပါတီ ထောင်လိုက်ပြီ။ ပြောလိုက်လေ တာတေ။
ဦးရုက္ခစိုးက ကွမ်းယာသည် တာတေ့ကို တံတောင်နှင့် တွတ်လိုက်ရာ တာတေက ရင်ဘတ်ကိုကော့၍ လည်ချောင်း ရှင်းလိုက်သည်။
တာတေ။ ။ ဒီလို ရှိတယ်နော အားကို့။ ချွန်ဒေါ်တို့ ပါတီကို ထောက်ခံရင် ကွမ်းယာ တသောင်းဖိုးတိတိ အလကားဝေမယ်၊ နောက်ပြီး ချွန်ဒေါ်တို့က ဒီမိုကလေးစီး ရဖို့ အပြင်းအထန်ကြိုးစားမယ်။ ဒီမိုကလေးစီးနော် .. ချွန်ဒေါ်တို့ ချက်ချင်းမရနိုင်ဘူးနော်၊ ကိစ္စမရှိဘူး အားကို့ ..။ နောက် တဖြည်းဖြည်းရမယ်၊ စိတ်ရှည်ပါ။ ချွန်ဒေါ်တို့ ပါတီသာ အနိုင်ရကြည့် တိုင်းပြည်ချမ်းသာဝပြောဖို့ အပြင်းအထန် လုပ်ပေးမယ်။ ဒီစစ်အစိုးရနဲ့ ဒီမိုကလေးစီး ချက်ချင်းပေးပါ ဘယ်လိုလုပ်ရမလဲ အားကို့ ..။ မလွယ်ဘူးလေ .. အဲဒီတော့ ချွန်ဒေါ်တို့က ရသလောက်လေး ယူထားမယ် .. ပြီးမှ ကိုယ်လိုချင်တာကို တဖြည်းဖြည်း ချဲ့ယူရမယ်။ ဟုတ်တယ်နော် အဘ။
တာတေက ကြွက်စုတ်တို့ဘက်ကြည့်ကာ ပြောရင်း ဦးရုက္ခစိုးဘက်သို့ လှည့်ကာ ထောက်ခံချက် တောင်းလိုက် သေးသည်။
ဖိုးရှုပ်။ ။ ခင်ဗျားတို့က ပါတီတွေ စွတ်ထောင်နေကြ .. ၊ ဦးဝင်းတင်ကတော့ ရွေးကောက်ပွဲ မဝင်ရေးဘဲ နော်၊ အဓိကကျတဲ့ အတိုက်အခံ ပါတီတခုလုံးကို လျစ်လျူရှုကြမလို့လား။
ရုက္ခစိုး။ ။ ဟာ .. ဦးဝင်းတင်ကသာ မဝင်ရေး လုပ်နေတာ၊ သူ့ပါတီထဲမှာတောင် တချို့က ဝင်ဖို့ ပြင်နေကြပြီ မဟုတ်ဘူးလား။ တချို့ဆို ဟိုဘက်က ဆိုင်းသံဗုံသံ ပေးတာနဲ့ ခါးတောင်းကျိုက်ပြီး လိုက်ကြမယ် ဖြစ်နေတာ။ တော်ကြာ ဝင်ရမလို မဝင်ရမလိုနဲ့ ဘာလုပ်ရမှန်းမသိဘဲ ကျန်ခဲ့မှာစိုးလို့ စိတ်ချရအောင် .. အဲ အဲ ခေတ်မီအောင်လည်း ပါတာပေါ့ကွာ .. အဲဒါ ပါတီတခု ထောင်ထားမလို့ .. မင်းတို့ကော ဝင်မလား၊ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးပေါ့ကွာ။
ကြွက်စုတ်။ ။ ဟာ ကျနော်လည်း တပါတီထောင်မယ်ဗျာ .. ။ ဖိုးရှုပ်ဆိုတဲ့ကောင် မပါလည်း တယောက်တည်း တပါတီပဲ။
ဖိုးရှုပ်။ ။ ငါကတော့ ရွေးကောက်ပွဲ မဝင်ရေးဘဲဟေ့။
တာတေ။ ။ ဟာ ခင်ဗျားတို့ဟာကလည်း လူသုံးယောက်မှာနော် … ၂ ယောက်က တယောက်ကို တပါတီနှုန်းနဲ့ ၂ ပါတီ၊ ကျန်တဲ့ တယောက်က ရွေးကောက်ပွဲ မဝင်ရေး ဘယ်လိုတုန်းဗျ။ တကယ်ဆို ခင်ဗျားတို့ ၃ ယောက်က အစက တဖွဲ့တည်း မဟုတ်လား။
ရုက္ခစိုး။ ။ ဟုတ်တယ်လေ … တဖွဲ့တည်းပဲ … ။ ဒါပေမယ့် ပါတီလည်း များချင်တယ် .. ဒီကြားထဲ ရွေးကောက်ပွဲ လုံးဝမဝင်တဲ့သူလည်း ပါချင်တယ်ဆိုတော့ သုံးယောက်က တခုစီအတွက် ပရောက်စီ (Proxy) လုပ်လိုက်တာ။ မင်းလည်း ပရောက်စီလုပ်လေ တာတေ .. သုံးကိုယ်ခွဲလိုက် ပြီးရင် သုံးယောက်စလုံးနဲ့ ပူးပေါင်းလိုက်။
တာတေ။ ။ ဟာ အဘ၊ ဒါဆို ဒီးလိုလုပ်မယ် .. ချွန်ဒေါ်ရယ်၊ ချွန်ဒေါ့်မွိန်းမွရယ် ချွန်ဒေါ့်ယောက္ဖရယ် .. သုံးယောက်က အဘတို့ တယောက်စီအတွက် ပရောက်စီလုပ်မယ်။ ဒီးလောက်တော့ ကျွမ်းပါတယ် အဘရယ် .. ချွန်ဒေါ့်ကွမ်းယာဆိုင်တောင် ပရောက်စီလုပ်ထားတာ ဆိုင်ခွဲအများကြီးပဲရှိတယ်နော် …။
ဖိုးရှုပ်။ ။ အေးလုပ်ကြ .. လုပ်ကြ၊ ခုတော့ အားလုံးပရောက်စီ၊ တိုင်းရင်းသားအပစ်ရပ် အဖွဲ့တွေလည်း ပရောက်စီတွေလုပ်ပြီး .. ရွေးကောက်ပွဲဝင်ကြ၊ ဗိုလ်ချုပ်တွေလည်း ပရောက်စီလုပ်ပြီး ရွေးကောက်ပွဲ ဝင်ကြ တော့မယ်၊ ခေတ်မီသူတိုင်း ပရောက်စီလုပ်သည်လို့ ပြောရမလိုတောင် ဖြစ်နေပြီ။
ထိုစဉ် သူတို့နားသို့ လူတဦးချဉ်းကပ်လာသည်။ ထိုသူက ပုဆိုးဘိုသီဖတ်သီနှင့်၊ ခေါင်းစုတ်ဖွားနှင့် မျက်နှာက လည်း ကတ္တရာပုံးကို မိုးကြိုးပစ်ချထားသလို (မှောင်မည်း ရှုံ့တွနေတာကို သရုပ်ဖော်ခြင်းဖြစ်သည်)
ရုက္ခစိုး။ ။ ဟင် … ချိုကုပ်ဒူးကြီးပါလား၊ ဘာဖြစ်လာတာလဲ။ ယူနီဖောင်းနဲ့လည်း မဟုတ်ဘူး။ ဘာလဲ ပရောက်စီချိုကုပ်ဒူးကြီးလား။
ချိုကုပ်။ ။ မဟုတ်ရပါဘူးဗျာ … ဒီမှာ စိတ်ညစ်နေတာ။
ဖိုးရှုပ်။ ။ ဘာတွေ စိတ်ညစ်နေတာလဲဗျ။ ချိုကုပ်ဒူးကြီးက အားလုံး လုပ်ချင်တာ လုပ်နိုင်နေတာပဲဟာ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကန်စောင်းက အိမ်ထဲပြန်ထည့်ထားနိုင်တယ်၊ နိုင်ငံတကာကိုလည်း ခဏလောက်ပဲ ဖြစ်ဖြစ် ငြိမ်နေအောင် ထိန်းထားနိုင်တယ်။
ချိုကုပ်။ ။ မဟုတ်ဘူးနော်၊ စိတ်အရမ်းညစ်နေတယ်။
ပြောရင်းချိုကုပ်ဒူးကြီး ခေါင်းကို တဗျင်းဗျင်းကုတ်နေသည်။
ကြွက်စုတ်။ ။ ဟုတ်တယ်လေဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ခင်ဗျား စိတ်တိုင်းကျ လုပ်နိုင် တော့မယ် မဟုတ်လား။ ခုဆို တိုင်းရင်းသားတွေကလည်း ပါတီတွေထောင်ဖို့၊ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်နေကြပြီ၊ အတိုက်အခံပါတီကြီးတောင် ဝင်မယ့်သူ မဝင်မယ့်သူ ကွဲမလိုလို ဘာလိုလို ဖြစ်နေပြီ။ ဒါ ခင်ဗျား စွမ်းလို့ပေါ့ဗျ။
ချိုကုပ်။ ။ မဟုတ်ဘူး .. ခင်ဗျားတို့ အားလုံး မှားနေကြပြီ။ ခု ကျုပ်ဝဋ်လည်တော့မှာဗျ။ သိလား။
တာတေ။ ။ အား ဟုတ်တယ် … ဝဋ်ဆိုတာနော် လည်တတ်တယ်။ ချွန်ဒေါ် ကောင်းကောင်း နားလည်တယ် ပြောပါ။
ရုက္ခစိုး။ ။ အာ … ဒီကွမ်းယာသည်က တမှောင့် .. ဆိုစမ်းပါဦး။ ဘာတွေများ ဝဋ်လည်မှာ မို့လို့လဲ။
ချိုကုပ်။ ။ ကျုပ်မြေးဖိုးလောက်လန်းလေ။ အဲဒီကောင် လျှောက်သောင်းကျန်းပြီး လုပ်ချင်ရာ လုပ်နေတာ မနိုင်တော့ဘူး။ ဟိုးအရင် ဦးနေဝင်းမြေးတွေကို နှိပ်ကွပ်သလို ပြန် အလုပ်ခံရတော့မယ့်ကိန်း ဆိုက်နေပြီဗျ။
ကြွက်စုတ်။ ။ အာ .. မတူနိုင်ပါဘူး ချိုကုပ်ဒူးကြီးကလည်း။ ခင်ဗျားက ပိုစွမ်းပါတယ်ဗျာ။ ခင်ဗျား လုပ်ချင်တဲ့ ရွေးကောက်ပွဲသာ လုပ်လိုက် … အားလုံးပြီးသွားမှာပဲဟာ။
ချိုကုပ်။ ။ ဟာ … စိတ်ညစ်နေပါတယ် ဆိုမှဗျာ။ နေပါဦး … ခင်ဗျားတို့က ဘာလို့ တနေရာတည်းမှာ လာစု နေကြတာလဲ။ ဘာလုပ်နေတာလဲ။
ရုက္ခစိုး။ ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လေ။
ချိုကုပ်။ ။ ဘာ …
ကြွက်စုတ်။ ။ ဟုတ်တယ်လေ … ။ အားလုံးပြင်ဆင်နေကြပြီ၊ စီစဉ်နေကြပြီ။ အာဏာရရင် ဘာလုပ်ကြမယ်ဆိုတာတောင် စဉ်းစားပြီးပြီ။ လူတွေကို ချပြ … ပြ …
“ဟားဟားဟား ဟားဟားဟားဟားဟား” … ကြွက်စုတ်စကားအဆုံးတွင် ချိုကုပ်ဒူးကြီးက အူလှိုက် သည်းလှိုက် အော်ရယ်လိုက်သည်။
ချိုကုပ်။ ။ အူတက်လို့ သေတော့မယ်။ အရူးတွေ၊ အရူးတွေ၊ ခင်ဗျားတို့ အားလုံး အရူးတွေချည်းပဲ။ ဒီမှာ … အားလုံးနားထောင်။ ရွေးကောက်ပွဲလုပ်မယ်လို့ ခင်ဗျားတို့ကို ဘယ်သူပြောလဲ။ တကယ်တော့ အစီအစဉ် လုံးဝ …. လုံးဝ … မရှိဘူးဗျ။ အရူးတွေ၊ အရူးတွေ၊ နိုင်ငံရေးရူးတွေ … ဟားဟားဟား ဟားဟားဟားဟားဟား … တူနယ်တယ့်နယ်ဗျောင် … တယ်နယ် တူ့နယ် ဗျောင် … ။
ပြောချင်ရာပြော၍ ပါးစပ်ဆိုင်းတီးကာ ကွေးနေအောင်ကပြီး ထွက်သွားသော ချိုကုပ်ဒူးကြီးကို ကြည့်ကာ … ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ကြလေတော့သည်။
မှတ်ချက်။ ။ တကယ်တော့ အဆိုပါ ချိုကုပ်ဒူးကြီးမှာ ပရောက်စီ ချိုကုပ်ဒူးကြီးသာ ဖြစ်သည်။ သူက ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် တိုက်ပုံနှင့် ပုဆိုးဝတ်၍ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သွားမည် ဖြစ်သည်။ ယူနီဖောင်းဝတ် ချိုကုပ်ဒူးကြီးမှာကား နေပြည်တော် လိုဏ်ခေါင်းအတွင်း အိပ်ငိုက်နေသဖြင့် ထိုအဖြစ်အပျက် များကို ဘာမှမသိ လိုက်ရပေ။ ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
No comments:
Post a Comment