9.17.2009

ရန်ကုန်မြို့ နေရာအချို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါး

မနေ့ည သန်းခေါင်ယံ အချိန်ခန့်က ရန်ကုန်မြို့နေရာ ၅နေရာခန့်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွါးခဲ့သည်ဟု သိရပါသည်။ လူအသွားအလာ မရှိသော သန်းခေါင်ယံနှင့် သန်းခေါင်ကျော် အချိန်များတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်၍ သေပျောက် ထိခိုက်မှုများ မရှိခဲ့ဟု လည်းသိရပါသည်။
ရဲသတင်းရပ်ကွက်မှ ပြောဆိုချက်အရ သန်းခေါင်မတိုင်ခင် အချိန်က လှိုင်သာယာ မြို့နယ်တွင် ဗုံး၅လုံးနှင့် ရွှေပေါက္ကံ မြို့နယ်တွင် သန်းခေါင်ကျော်နောက်ပိုင်း တလုံး စုစုပေါင်း ၆လုံး ပေါက်ကွဲခဲ့ကြောင်းသိရပါသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုံ ၃ အကွက်အမှတ် ၁၉၄၄ A တွင် ည၁၁နာရီ ၅၅ က၄င်း ၊၁၂နာရီ ၅၂ တွင် မင်းမဟာသိဒ္ဓိလမ်းရှိ Fine Men သစ်ဆိုင် အနီးတွင် တလုံး၊ ၁နာရီ ၃၀က ကယ်ဆယ်ရေးပစ္စည်းဂိုထောင် အနီးတွင် တလုံး၊ ၁၂နာရီ ၅၂တွင် စက်မှုဇုံ၃ နဝဒေးရပ်ကွက်ရှိ တိုကျိုပိုက် ခြံစည်းရိုးအနီးတွင် တလုံး၊ အကွက်၁၉၄၄ B ခြံစည်းရိုး အနီးတွင် ည၁၁နာရီ ၁၅မိနစ်က တစ်လုံး ပေါက်ကွဲခဲ့ပြီး ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် တလုံးပေါက်ကွဲခဲ့ကြောင်း သိရပါသည်။
ထိုရဲသတင်း ရပ်ကွက်ကပင် မနက်ဖြန်သည် စစ်အာဏာသိမ်းခဲ့သည့် ၂၁ နှစ်မြောက်နေ့ဖြစ်သည့် အတွက် ထိုသို့ ဖေါက်ခွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနေရာတွင် ဖေါက်ခွဲရေးသင်တန်း တက်ခဲ့သူများက လုပ်ဆောင် ခြင်း ဖြစ်ကြောင်း တူညီစွာ ပြောဆိုခဲ့ပါသည်။
အရပ်ဘက် သတင်းရပ်ကွက်များကမူ ထိုလုပ်ဆောင်ချက်သည် လတ်တလော မတရားဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများကို ဖေါက်ခွဲရေးသမား ဆိုင်းဘုတ်ကပ်ရန် ၊ ထိုင်းနိုင်ငံ အစိုးရကို ဖိအားပေး၍ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများကို အကျပ်အတည်း ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ယခုအချိန်သည် သံဃာ့ အဖွဲ့အစည်းများက သပိတ်မှောက်ကံဆောင်ကြရန် နှိုးဆော်နေချိန် ဖြစ်ရာ မသင်္ကာသူများ အားလုံးကို ဖမ်းဆီးနိုင်ရန် အတွက် အကြောင်းပြချက်ရစေရန် အာဏာပိုင်များက ဖေါက်ခွဲခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment