9.27.2009

သံဃာ့တပ်ပေါင်းစုက သံဃာသတ်သည့်ကံ နအဖ ထိုက်မည်မုချ ဟုပြောဆို

Photobucket


စက်တင်ဘာ ၂၆

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ကျင်းပစဉ် သံဃာ့ တပ်ပေါင်းစု ခေါင်းဆောင် အသျှင် ဦးတေဇက သံဃာ့တော်များကို သတ်ဖြတ်နှိပ်စက်သည့် ကံအား နအဖနှင့် အပေါင်းပါတို့ ခံရမည်ဖြစ်ကြောင်း မိန့်တော်မူလိုက်သည်။

ဘန်ကောက်အခြေစိုက် သံဃာ့တပ်ပေါင်းစုနှင့် မြန်မာ့ဒီမိုကရက်တစ် နက်ဝဘ် အဖွဲ့တို့ စုပေါင်းအင်အား ငါးဆယ်ခန့်တို့ ရွှေဝါရောင် တော်လှန်ရေး၂နှစ်မြောက် နှစ်ပတ်လည်နေ့ ကို ဘန်ကောက်မြို့မြန်မာသံရုံး ရှေ့တွင် ၂နာရီခန့် ကျင်းပခဲ့ကြသည်။

သံဃာ့တပ်ပေါင်းစုဦးဆောင်ဆရာတော် အသျှင်ဦးတေဇက“နအဖနဲ့အပေါင်းပါတွေဟာ ဘုရားသားတော် ရဟန်းတော်တွေကို သတ်ဖြတ်နှိပ်စက် ထောင်ချ လုပ်လိုက်တဲ့ကံကို ဒီနေ့အထိ ပြန်လည် မတောင်းပန်သေးဘူး။ သူတို့တင်မကဘူး သားစဉ်မြေးဆက် သံဃာသတ်တဲ့ ကံကြီးထိုက်လာပါလိမ့်မယ် စောင့်ကြည့်နေကြပါ ပြီးတော့ သံဃာကိုသတ်တဲ့ လူသတ်သမား စစ်အာဏာရှင်တွေဟာ ခွေးလောက်မှ အသိတရား မရှိတဲ့သူတွေဖြစ်တယ်။ ဒီလိုခွေးအဆင့်ရှိတဲ့ သူတွေကို လူထဲကို သွင်းပြီး ခေါ်နေကြတဲ့ နိုင်ငံကြီးတွေဟာ ခွေးကိုက်ခံရလို့ရှိရင် ကိုက်တဲ့ခွေး မှာအပြစ်မရှိပဲ၊ ခွေးကို လူတောထဲကို ခေါ်သွင်းတဲ့လူမှာပဲ တာဝန်ရှိတယ်လို့ ဦးဇင်းပြောချင်တယ်” ဟု မိန့်တော်မူသည်။

ဆန္ဒပြပွှဲကို ရှေ့ဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဖတ်ပူဇော်ပြီး ဖွင့်လှစ်ခဲ့ပြီးနောက် အရပ်ဆယ်မျက်နှာ မေတ္တာပို့သကြပြီး စတိတ်မင့်ကို ဖတ်ကြားကြသည်။ စတိတ်မင့်ဖတ်သူ သံဃာ့ဦးသျှောင်အဖွဲ့မှ အသျှင်ကဏ္ဍလ က “အရင် ၂၀၀၇တုန်းကလို မေတ္တာလာပို့တာ မဟုတ်ဘူး။ သစ္စာဓိဌာန် လာပြုတာဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြည်သူတွေ ငတ်မွတ် ဒုက္ခရောက်လွန်းလို့ သံဃာတော်တွေက မေတ္တာပို့တာကို ရိုက်နှက်သတ်ဖြတ်ပြီး သံဃာတုတွေလို့ နအဖ က၀ါဒဖြန့်တယ်။ အဲဒီလို ဖမ်းဆီးထောင်ချထားတဲ့ သံဃာတွေဟာ ဘုရားသားတော် သံဃာအစစ်တွေဖြစ်တယ်။ ပြည်သူတွေဟာ နအဖ အစိုးရ လက်အောက်မှာ ဆင်းရဲနေတာ တကယ်မှန်တယ်။ အဲဒီလို ဆင်း၇ဲကြပ်တည်းနေတဲ့ ဘ၀တွေက လွတ်မြောက်ချင်ကြတာလဲ တကယ်မှန်တယ်၊

ဤမှန်သော သစ္စာစကားတွေကြောင့် နအဖ အာဏာပိုင်တွေ လက်အောက်က လွတ်မြောက်ပါစေလို့ ဦးပဇင်းတို့ သစ္စာဓိဌာန် ပြုတဲ့ပွဲပါ”ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ကျောင်းသားအဖွဲ့ဝင်တစ်ဦးက ခေါင်းတုံးပြီး သင်္ကန်းစည်းပြီး သံဃာတော်ပုံသရုပ်ဆောင်ပြီး အခြား စစ်သား ယူနီဖေါင်းဝတ်စုံဖြင့် သုံးဦးတို့က တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ဟန် သရုပ်ဖေါ်ပြသခဲ့ကြသည်။ မြန်မာရဟန်း အာဇာနည်တို့ နှစ်ပတ်လည် နေရက်ဖြစ်သဖြင့် နိုင်ငံတကာ သတင်းဌာနပေါင်းစုံမှ လာရောက် သတင်းယူခဲ့ကြသည်။ ထိုင်းအာဏာပိုင်နှင့် လုံခြုံရေး တာဝန်ရှိသူများက ဆန္ဒပြပွဲသို့ လာရောက်သတင်းယူသော မြန်မာသတင်းထောက်များကို တစ်ဦးချင်း ဓါတ်ပုံရိုက်ခြင်း၊ သတင်းထောက်ကဒ်ကို တောင်းယူကြည့်ရှုခြင်း များအပြင် ဓါတ်ပုံနှင့် ဗွီဒီယို ရိုက်ကူးနေစဉ် လက်တို့၍ အကြိမ်ကြိမ် မေးမြန်းနေသဖြင့် သတင်းထောက်များ အလုပ်ပျက်ပြီး စိတ်ညစ်ခဲ့ကြရကြောင်း သိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment