9.14.2009

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်တဲ့ နယ်စပ်ဒေသ

ရဲဘော်ဖိုးသံချောင်း

၁၄ စက်တင်ဘာ ၂၀၀၉

ပြီးခဲ့တဲ့ကိုးကန့်အရေးအခင်းမှာ နအဖစစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ်ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေးခြိမ်းခြောက်လိုက်တာ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ အိမ်နီးနားချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများကိုလည်း ကြားလိုက်ကြရဲ့မဟုတ် လားလို့ မေးနေတဲ့အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့အထိ လုပ်လိုက်တာဟာ သူတို့စီစဉ်တဲ့ နယ်ခြားစောင့် တပ်အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်းတခုတည်းကြောင့်ပြောရင် နအဖစကားကို အလွယ်နဲ့ ယုံကြည်ရာကျပါလိမ့်မယ်။ တကယ်က ဒီနေ့အပစ်ရပ်အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြားအဖွဲ့အစည်း ကြီးငယ်တွေ မနည်းရှိနေပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံကိစ္စဟာလည်း တော်တော်ရယ်စရာကောင်းတဲ့ အကြောင်း ပြချက်ဖြစ် ပါတယ်။ တရုတ်ဗမာနယ်စပ်က တချို့ငြိမ်းအဖွဲ့အစည်းတွေမှာ လက်နက်ခဲယမ်းထုတ်လုပ်တဲ့ စက်ရုံ ငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ်ဆိုတာကို နအဖ မသိတာမဟုတ်ပါဘူး။ အဲဒီအဖွဲ့အစည်းတွေကလည်း ဗြောင်သာထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကိုကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့်အချက်တခုက နဝတနဲ့ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေးဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်းမစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘော တူညီချက် မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်လိုက်ပြီးမှ မူးယစ် ဆေးဝါး ထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစား အရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာအသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံပြုထားသလို ထောက်လှမ်းရေးအပါ စစ်တပ်တချို့ဟာလည်း ဒီလုပ် ငန်းတွေကိုမှီပြီး ဝင်ငွေကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစု ဝင်ပြီး နောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ် ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖစစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသားခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ် ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေ တုန်း ကရော၊ အခုဖြိုခွဲတိုက်ခိုက်တဲ့အခါမှာရော နအဖစစ်အစိုးရဟာ လားရှိုးမှာ မူးယစ်ဆေးဝါးရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာကမသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ်ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် တမင်ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာကျွေးမယ်လို့ ဖော်ပြလိုက်တာဖြစ်သလို သူတို့ရဲ့ နောက်လိုက် သဗ္ဗနံပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့်အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့ နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ်တိုက်ပေး လိုက်တာ လည်းဖြစ်ပါတယ်။

ဒီကိစ္စကို အခုလို တတိုင်းပြည်လုံး နိုင်ငံရေးနဲ့ဆက်စပ်လိုက်တော့ ထပ်တွေ့ရတဲ့အချက်တခုက ဒီကိစ္စ ဖြစ်ပေါ်တဲ့အချိန်ကာလ ပါပဲ။ ယက်တောကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ထပ်ချတာတွေ ပြီးစီးသွားတဲ့ နောက်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ တပြိုင် နက်တည်းမဖြစ်ဘူးဆိုတာ သတိပြုရပါမယ်။ ကြပ်ပြေးက ဒါရိုက်တာ စီစဉ်ညွှန်ကြားနေတဲ့အတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ ပြည်မတလှည့်၊ ပြည်နယ် တလှည့်၊ လက်နက်မကိုင်သူတွေတလှည့်၊ လက်နက်ကိုင်သူတွေ တလှည့် တလှည့်စီ သွေးတိုးစမ်းနေတာရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာ သေသေချာချာ စဉ်းစားသင့်ပါ တယ်။ တပါတည်းမှာ နောက်ခြေလှမ်းရဲ့ ပစ်ကွင်းဟာ ဘာဖြစ်မလဲဆိုတာလည်း တွေးတောသင့်ပါတယ်။ ဝဖြစ်မလား၊ မုန်းလား ဖြစ်မလားဆိုပြီး လွယ်လွယ်စဉ်းစားလို့ မဖြစ်ပါဘူး။ နအဖဟာ ထင်မထားတဲ့ပစ်မှတ်တွေ ဖော်ထုတ်တတ်တယ် ဆိုတာကို သတိပြုရပါမယ်။

သေချာတာကတော့ သူတို့အနေနဲ့ ဒီနေရာ၊ ဒီအဆင့်မှာတင် ရပ်ထားလို့မရပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့ လမ်းပြမြေပုံအတွက် ခလုတ်ကန်သင်းမှန်သမျှကို ရှင်းရပါတော့မယ်။ အနုနည်းနဲ့ရရင်ရ၊ မရရင် ဦးဖုန်ကြားရှင်တို့ကိုလုပ်သလို အကြမ်းနည်းနဲ့ ရှင်းပါလိမ့်မည်။ ရွေးကောက်ပွဲဆိုတာ အာဏာ ပြဿနာဖြစ်ပါတယ်။ နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့ ပတ်သက်ရင် နည်းနည်းမှ ဟန်မဆောင်ဘူးဆိုတာ အားလုံးသိကြပြီးသားပါ။

အခု သူတို့ဟာ ဝနဲ့မိုင်းလားကို မတိုက်ဘူးလို့ပြောတယ်။ ဒါပေမယ့် သံချပ်ကာကားများအပါအဝင် အင်မတန် များပြားတဲ့တပ် ပေါင်းစုံကို အဲဒီဒေသတွေကို လာဆိုင်ထားတယ်။ ခြိမ်းခြောက်ထားတယ်။ ပြန်မဆုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ရာမှာ ဆိုင်းငံ့တနှစ်ခွဲလို့ လုပ်ထားလိုက်တာနဲ့ တူလိုက်လေလို့ တွေးမိတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း နအဖတပ်တွေက အားဖြည့်နေရာယူပြီးဖြစ်နေတယ်။ ဒီလိုအနေအထားကိုမြင်ရတော့ တကယ်လို့သာ တတိုင်းပြည်လုံးမှာ လှုပ်ရှားမှုကြီးတခုခု ပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် နအဖဘက်ကနေ လူထုဖိနှိပ်ရေးလှုပ်ရှားမှုကြီးတခုလုပ်ခဲ့ရင် နအဖအစိုးရဟာ သူတို့တပ်တွေကို ဒီလိုပဲ ချထားမှာ၊ ငြိမ်းအဖွဲ့တွေကို ရင်ဆိုင် ထိန်းချုပ်ထားမှာပဲလို့ တွေးမိစရာဖြစ်နေတယ်။ နအဖအစိုးရ အနေနဲ့ မုန်းလားနဲ့ဝကို မတိုက်ဘူးလို့ ပြောတယ်ဆိုတာကို နအဖရဲ့သတင်းစာတွေ၊ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြားတို့ကနေ မဖော်ပြဘူးဆိုတဲ့ အချက်ဟာလည်း သတိထားစရာပါ။ သူတို့ဘက်က ဒါကို တရားဝင်ကတိအာမခံချက် မဖြစ်အောင် တမင်လုပ်ထားတဲ့သဘောလို့ ယူဆစရာ ဖြစ်နေပါတယ်။ တဖက်မှာကျတော့လည်း “ဝတို့၊ မုန်းလားတို့ကိုသာတိုက်ရင် “လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေသုံးမယ်” လို့ တရားမဝင်ပြောဆို သတင်းလွှင့်နေပါတယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးကို ပြန်ကြည့်လိုက်တော့လည်း နအဖဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာလည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်” ဆိုတဲ့ လိပ်ခဲတည်း လည်း အနေအထားပဲ ထိန်းသိမ်းထားတာပါ။ အချိန်မရွေးချေမှုန်းပစ်မယ့် ခြိမ်းခြောက်မှုကို စစ်အစိုးရက တရားဝင် ထုတ်မပြောပေမယ့် လူတိုင်းခံစားမိနေပါတယ်။
နအဖစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုနဲ့ အတိုက်အခံအမျိုးမျိုးကို ‘ကုတ်ပေါ်ဓားဝဲ’ အနေအထားမျိုး တောက်လျှောက် ဖြစ်နေအောင် တဖက်မှာဖန်တီးထားပြီး တဖက်မှာ သူတို့ကိုယ်တိုင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နယ်ဆင်းစည်းရုံး တာတွေအပါ ခြေလှမ်းအမျိုးမျိုးကို ကြိတ်လှမ်းနေကြပါတယ်။ ပြည်တွင်းနိုင်ငံရေးကို အဓိကထားတယ်ဆိုရင် နအဖရဲ့ ခြေလှမ်းတွေကို မျက်ခြည်မပြတ်စောင့်ကြည့်တာ၊ ဖော်ထုတ်တာ၊ ဆန့်ကျင်တာတွေ တောက်လျှောက်လုပ်နေရမှာပါ။

ကိုးကန့်အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်သဘောထားက ဘယ်လို၊ အမေရိကန်သဘောထားက ဘယ်လို၊ အာဆီယံသဘော ထားက ဘယ်လိုဆိုတာတွေ တွက်နေလို့ ခရီးမပေါက်ပါဘူး။ နအဖရဲ့ သဘောထားက ဘယ်လို၊ နအဖရဲ့အကြံအစည်က ဘယ်လို၊ ဒါကြောင့် ငါတို့ကဘယ်လိုဆိုတာမျိုးကို တိတိပပစဉ်းစားရ၊ ပြင်ဆင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။


No comments:

Post a Comment