10.27.2009

စဉ်းစားစရာဝေါဟာရနဲ့စံ

ရဲဘော်ဖိုးသံချောင်း

၂၇ အောက်တိုဘာ ၂၀၀၉

အခုနောက်ပိုင်း နအဖရဲ့ ဒီမိုကရေစီအောက်မှာ အပြောများလာ၊ မီဒီယာတွေထဲမှာ အတွေ့ရများလာတဲ့ နိုင်ငံရေး ဝေါဟာရ တွေထဲမှာ “စတိတ်စမင်း” (statesman) ဆိုတာလည်း ပါတယ်လို့ဆိုရပါမယ်။ ဒါကို ဒီတိုင်းပြည်မှာ စကားလုံးကြီးတွေနဲ့ထုတဲ့ အကျင့်က မပျောက်ကြသေးပဲကိုးလို့ မှတ်ချက်ချရုံနဲ့ မပြီးဘူး ထင်ပါတယ်။ ဒီစကားလုံး၊ ဒီဝေါဟာရကို ရှေ့တန်းတင် ပြောဆိုနေကြသူတွေရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ ဗမာပြည် နိုင်ငံရေး နောက်ခံနဲ့ ဟပ်ပြရမယ်လို့ ထင်ပါတယ်။

ဒီပညာရှိတွေဟာ ဒါနဲ့တူညီတဲ့ ဝေါဟာရမျိုး ဗမာစကားထဲမှာ မရှိဘူးဆိုပြီး (ဒီလို အရည်အချင်း ရှိတဲ့လူ ဗမာပြည်မှာမရှိဘူးလို့ မပြောရုံတမယ်) အင်္ဂလိပ် အဘိဓာန် ကြီးတွေ၊ နိုင်ငံခြားသားတွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုယ်လိုရာဆွဲပြီး အနက် ဖွင့်ပြကြပါတယ်။ သူတို့ထဲက တချို့ရဲ့အဆိုအရ ဒါဟာ “နိုင်ငံရေး ရေချိန် နိမ့်နေသေးတဲ့ ဗမာပြည်သားတွေ” ကို ပညာပေးတဲ့သဘော ဖြစ်ဟန်တူပါတယ်။ သူတို့ ရေးတာတွေထဲမှာ သတိထားမိတဲ့တချက်က သူတို့ပြောတဲ့ စတိတ်စမင်း ဆိုတာမျိုးကို ဗမာပြည်သား ထဲက တဦးတယောက်ကိုမှ ကိုးကားထောက်ပြတာ မတွေ့ရတာ ပါပဲ။ ဒီတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ဂျပန်ဖက်ဆစ်တွေကို တွန်းလှန် ဖယ်ရှားခဲ့တဲ့၊ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်ကိုဆင်နွှဲနေတဲ့၊ နှစ်ပေါင်း (၅ဝ) နီးပါး စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဒီနိုင်ငံမှာ စတိတ်စမင်းတယောက်မှ မရှိပါ ကလားလို့ တွေးယူရမလိုဖြစ်လာပါတယ်။

တကယ်ကျတော့ ဗိုလ်သန်းရွှေတို့ခေတ်မှာ ပေါ်ထွန်းလာတဲ့ ဂုရုများဟာ လက်ရှိအတိုက်အခံ နိုင်ငံရေး လုပ်နေသူတွေကို ရှုတ်ချတဲ့ သဘောနဲ့ ဒီလိုစံတခုတင်နေကြတာဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေးသမား တွေဟာ မီဒီယာအမျိုးမျိုးမှာ ဘယ်လိုပဲပွဲထွက် နေနေ၊ ဘာကြေညာချက်တွေထုတ်နေနေ တယောက်မှ စတိတ်စမင်း မဟုတ်ဘူးလို့ ဆိုချင်ကြတာပါ။ ဦးဝင်းတင်ကစလို့ ပြည်ပရောက်တွေအဆုံးကို သူတို့က နာမည် မတပ်ရုံ တမယ် စောင်းလို့တဖုံ၊ တည့်တည့်တမျိုး အပြစ်ရှာပြနေတာဖြစ်ပါတယ်။ အဲဒီလို အရေးအသားတွေ ထဲက ဆောင်းပါးတပုဒ်မှာ “လက်တွေ့မကျသော၊ စိတ်ကူးယဉ်ဝါဒနှင့် အလုပ်မဖြစ်သော အစစ်အမှန် ဝါဒတို့ကို ရှောင်ရှား နိုင်ရေးသည် စတိတ်စမင်း၏ အရည်အချင်းတပါးဖြစ်သည်” လို့ ရေထားပါတယ်။ ဆိုလိုတာက ရှင်းပါတယ်။ ဘယ်လိုပဲ ဝေ့ကာဝိုက်ကာရေးနေနေ၊ အပြီးသတ်တော့လည်း ဝှီးဖတ်ဆိုသလို ဒီဘူတာကိုပဲ ဆိုက်တာပါ။ နအဖစီစဉ်သမျှကို လက်မခံရင် လက်တွေ့မကျဘူး၊ စိတ်ကူးယဉ်ဝါဒဖြစ်တယ်လို့ဆိုပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတာပါပဲ။ ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံမှာ စတိတ်စမင်းဆိုသူဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ သဘောထား ရှိကိုရှိရမယ်လို့ ဆိုလိုက်တာပါ။

သူတို့ ဒီလိုပြောဆိုရေးသားနေတာတွေကို နအဖစစ်အစိုးရက သဘောကျမယ်ဆိုတာကတော့ ဘာမှ သံသယ ဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ရေးသူများဟာ သူတို့ရဲ့ရည်မှန်းချက်ကိုတော့ အရောက်သားလို့ အောက်မေ့ရ မှာပါ။ ဒါပေမယ့် ဒီနေရာမှာ သူတို့ကို မေးလိုက်ချင်စရာ တချက်ပေါ်လာပါတယ်။ အဲဒါက ဒီလိုဆိုရင် ဗိုလ်နေဝင်း-ဗိုလ်သန်းရွှေအပါ နိုင်ငံတကာထွက် လှုပ်ရှားနေကြတဲ့ ဗိုလ်သိန်းစိန်-ဗိုလ်ဉာဏ်ဝင်းတို့အလယ်၊ ပြုတ်သွားတဲ့ ဗိုလ်ခင်ညွန့်-ဗိုလ်စောမောင်အဆုံး ဘယ်သူတွေကိုများ စတိတ်စမင်းလို့ သတ်မှတ်လို့ရပါသလဲလို့။ ဒါကိုတော့ သူတို့က ဘယ်သူဖြင့် ဟုတ်တယ်၊ ဘယ်သူဖြင့် မဟုတ်ဘူးလို့ ပြောရဲမယ်မထင်ပါဘူး။ သူတို့ ခံစားနေရတဲ့ ဒီမိုကရေစီကလည်း အကန့်အသတ်ရှိနေတာကိုး။

ဒီလိုနဲ့ ဗမာပြည်မှာ ဘယ်သူ့ကိုများ စတိတ်စမင်းလို့ သတ်မှတ်နိုင်သလဲ ရာဇဝင်လှန်မှောက်၊ ဝက်ဘ်ဆိုက်တွေ ချောင်းပေါက်လို့ ဒေါင်းတောက်အောင် ရှာပစ်လိုက်တော့ နောက်ဆုံးမှာ “လား-လား၊ ငါနဲ့ငါပဲရှိတာကိုး” လို့ ဆိုချင်ကြတာနဲ့ တူနေပါတယ်။ သူတို့ရဲ့ရေးသားချက်တခုမှာလည်း “အသွင်ကူးပြောင်းနေသောကာလတွင် မည်သည့်အရာသည်တိုးတက် သည်၊ မည်သည့်အရာသည် ဖောက်ပြန်သည်ဆိုသောအချက်ကို စတိတ်စမင်းက ရွေးချယ်နိုင်ရမည်” လို့ ရေးထားပါတယ်။ ဆိုလိုတာ သူတို့လို စစ်အုပ်စုလုပ်နေတာတွေကို တိုးတက်တဲ့ အရာတွေ အဖြစ် ကြည့်မြင်နိုင်ရမယ်၊ အတိုက်အခံတွေ လုပ်နေတာတွေကို ဖောက်ပြန်တဲ့အရာတွေလို့ ကြည့်မြင်နိုင် ရမယ်လို့ ဆိုတာပါပဲ။ စတိတ်စမင်းဆိုတာရဲ့စံကို တင်ပြသလိုလိုနဲ့ နအဖရဲ့စံကို ပွဲထုတ် နေကြတာဖြစ်ပါတယ်။

သူတို့ပြောတဲ့ စတိတ်စမင်းဆိုတာက ပြည်ပမှာပဲရှိသလိုလို၊ ကစ်ဆင်းဂါးလို ဗီယက်နမ်လူမျိုး အသောင်းအသိန်းကို သတ်ဖြတ်ခဲ့ သူကိုပဲ စတိတ်စမင်းခေါ်ရမလိုလို၊ စတိတ်စမင်းဆိုတာ လူသူတော်လိုလို ညွှန်းကြပါတယ်။ သူတို့ခမျာ ဘာမှအငြင်းပွားဖွယ် မရှိတဲ့ ဗမာပြည်အတွက် လွတ်လပ်ရေး ရယူနိုင်အောင် လုပ်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်များကိုတောင် လက်ညှိုးထိုးမပြရဲပါဘူး။

စတိတ်စမင်းဆိုတဲ့ ဝေါဟာရဟာ အစောပိုင်းမှာရော၊ အခုနောက်ပိုင်းမှာပါ နိုင်ငံရေးလောကထဲမှာ တွင်ကျယ် နေတဲ့ မင်းညီမင်းသားတွေ၊ လူဂုဏ်တန်တွေအတွက် အသုံးပြုတဲ့ ဝေါဟာရတခုဖြစ်ပါတယ်။ အနောက်နိုင်ငံ မီဒီယာတွေနဲ့ ပါတီကြီးတွေက တခြားပါတီငယ်တွေ၊ အလုပ်သမားခေါင်းဆောင်လိုလူတွေ၊ အထူးသဖြင့် အတိုက်အခံ နိုင်ငံရေးသမားတွေကို နှာခေါင်းရှုံ့ရာမှာ ကိုယ့်လူကိုယ်အမွှန်းတင်ဖို့အတွက်၊ ငါမှတပါး လုပ်ဖို့ အတွက် သုံးတဲ့ဝေါဟာရလို ဖြစ်နေတယ်ဆိုတာကော သတိထားမိကြပါသလား။ လက်နက်ကိုင် တော်လှန်တဲ့ လူတွေကို စတိတ်စမင်း စာရင်းမသွင်းတာကို ပြန်စဉ်းစားကြည့်ပါ။ ဘက်လိုက်မှုအပြည့်ရှိတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အစိုးရဆန့်ကျင်သူတွေကို စတိတ်စမင်းလို့ခေါ်ကြ၊ ရေးကြသူတွေဟာ လက်ဝဲသမားတွေထဲကသာ များပါတယ်။ ကျန်တဲ့လူတွေက အသိအမှတ်မပြုချင်လှပါဘူး။ ဒါကြောင့် တချို့ကများဆိုရင် ဒီအသုံးအနှုန်းကို အင်္ဂလိပ် လူမျိုးတို့ရဲ့ (snobbery) ကိန်းကြီးခန်းကြီးဂိုက်ထုတ်မှု တမျိုးလို့တောင် ဆိုကြပါတယ်။

တဆက်တည်း ပြောစရာဖြစ်လာတာက ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ လိုအပ်နေတာက သူတို့ပြောတဲ့ စတိတ်စမင်းကြီးတွေလား ဆိုတာပါပဲ။ ဗမာပြည်ကြီး ဒီလိုပစ်စလက်ခတ်ဖြစ်နေတာကို စတိတ်စမင်းကြီးတွေကမှ ကယ်တင်နိုင်မှာလား၊ ဗမာပြည်သူတွေ ရာစုနှစ် တဝက်နီးပါး မျှော်လင့်တောင့်တနေတဲ့ ဗမာပြည်သစ်ကြီးကို စတိတ်စမင်းကြီးတွေကမှ တည်ဆောက်နိုင်မှာလား။ စတိတ်စမင်းတွေရဲ့ ပါးစပ်ကပြောတဲ့ ဒီမိုကရေစီကမှ ဒီမိုကရေစီ၊ လယ်သမားက ဒီမိုကရေစီစကားပြောတာကို မတန်မရာစကား ပြောတယ်လို့ ဆိုချင်တာလား။

ဗမာပြည်နိုင်ငံရေးမှာ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ လူငယ်တွေကို အဲဒီလိုသဏ္ဌာန်ဆန်တဲ့ကိစ္စတွေမှာ စီးပါ နစ်မျော နေတာ၊ အရည်မရအဖတ်မရ ငြင်းခုန်မှုတွေနဲ့ပဲ အချိန်တွေကုန်နေတာဟာ နအဖအဖြစ်စေချင်ဆုံး အခြေအနေ တခုဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ လူငယ်တွေအနေနဲ့ ဗမာပြည်နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ စတိတ်စမင်းခေါ်သင့်တယ်၊ ဘယ်သူ့ကိုတော့ မခေါ်သင့်ဘူး စသဖြင့် ငြင်းခုန်နေကြရင် ဒီနေ့ လက်တွေ့ လုပ်စရာတွေကို မျက်ခြည်ပြတ်သွားနိုင်ပါတယ်။ ပြည်ပကသိသင့်တာတွေကို ပြည်တွင်း သယ်လာ တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်ပကစံတွေနဲ့ ပြည်တွင်းနိုင်ငံရေးကို ရှုပ်ထွေးအောင်လုပ်ရင်တော့ ခွင့်မလွှတ်သင့် ပါဘူး။

ဗမာပြည်သားများအနေနဲ့ လက်ရှိအခြေအနေမှာ ဒီလူကြီးမင်းတို့ရဲ့ စတိတ်စမင်းကြီးတွေကို ကယ်တင်ရှင်လို မျှော်ယောင်နေ ကြလို့ မဖြစ်ပါဘူး။ သူတို့စကားအတိုင်းပဲ ပြောရရင် ဒါဟာလက်တွေ့မကျပါဘူး။

No comments:

Post a Comment