10.27.2009

မြန်မာအိမ်ဖေါ်အလုပ်သမတစ်ဦး ဓါးဒဏ်ရာများစွာဖြင့်သေဆုံး

အောက်တိုဘာ၂၇

ထိုင်နိုင်ငံ တောင်ပိုင်း စူရဌာနီခရိုင် ဖါးတိုက် ကော့စမွေမြို့ တွင်အိမ်အလုပ်လုပ်နေသော မြန်မာ အိမ်ဖေါ် အလုပ်သမား တစ်ဦးအား အမည်မသိ လူသတ်သမားတစ်ဦးက သတ်ဖြတ်သွားကြောင်း ရဲများက ပြောသည်။

အိမ်နံပါတ် ၂၀၈/၁၂၄ မူထိ ၁ မှ အပုပ်နံ့များနံစော်နေကြောင်း အနီးပါတ်ဝန်းကျင်မှ အကြောင်းကြားကြ သဖြင့် အောက်တိုဘာလ ၁၅ရက်နေ့ ၁၅နာရီ မိနစ်၂၀ခန့်တွင် အမှုစစ်အရာရှိ ရဲမှူးကြီး စီလီချိုင်စူစပ် တို့က သွားရောက် စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၆နှစ်အရွယ် မဖြူဆိုသော မြန်မာအိမ်ဖေါ် အမျိုးသမီးငယ်ဖြစ်သည်။ အိမ်နောက်ဖက်ရှိ အိမ်အလုပ်သမား နေထိုင်ရာ အိမ်ခန်းအတွင်းရှိ အိပ်ယာပေါ်တွင် သေဆုံးနေသည်။ အိမ်ရှင် ဟုန်နွယ် နန်ကယ်စလာ အသက် ၄၂ နှစ်ရှိသူမှာ ကာပင်ထိုင်း လေယာဉ်ကုမ္ပဏီ ၀န်ထမ်းဖြစ်သည်။ အောက်တိုဘာလ ၁၁ ရက်နေ့ ကတည်းက အိမ်ပိုင်ရှင်တို့ ဘန်ကောက်မြို့သို့ အလယ်လာစဉ် မဖြူမှာ နေအိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့သည် ဟုဆိုသည်။

ထိုအချိန်တွင် ယောက်ျားတစ်ဦးဦးက လာရောက်၍ သူမအား အဓ္ဓမပြုကျင့်ရန် အားထုတ်ခဲ့ကြောင်း၊ သူမမှ လက်ခံခြင်း ပြုခဲ့ဟန် မရှိကြောင်း၊ အဓ္ဓမပြုကျင်ရန် ကြံစည်အားထုတ်သူအား သူမက နီးစပ်ရာ၊ တွေ့ရာ ပုလင်းများ၊ ဗူးများ၊ ဒယ်အိုးများ အပြင် ရရာ ပစ္စည်းများဖြင့် ပစ်ပေါက်ကာကွယ်ခဲ့ကြောင်း၊ ရဲများ၏ ပြောပြ ချက်များကို ကိုးကား၍ ထိုင်းရပ် သတင်းစာတွင် ဖေါ်ပြထားသည်။ လူသတ်သမား အနေဖြင့် ပစ္စည်းနှင့် ငွေများလည်း ယူသွားကြောင်း ရေးသားထားသည်။

ရဲမှူးကြီး စီလီချိုင်စူစပ်က“အဓ္ဓမပြုကျင့်ရန် ကြံစည်မှု၊ လုယက်မှု၊ လူသတ်မှုတွေနဲ့ ကျနော်တို့ တရားစွဲဆို နိုင်အောင် တ၇ားခံကို ရှာဖွေနေပါတယ်”ဟု ပြောသည်။ သေဆုံးမှု ဖြစ်ပွားခဲ့သည်မှာ သုံးရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်၍ အလောင်းမှာ ပုပ်ပွ နံစော်နေသော်လည်း အိပ်ယာပေါ်နှင့် အိမ်သာခန်းတို့ တွင်လည်း သွေးများ ပေကျံ ခြောက်သွေ့ နေသည်။

အလောင်း၏ လည်ပင်းနှင့် ခန္ဓာကိုယ်အနှံ့တို့တွင် ဓါးဒဏ်ရာ များစွာရှိသည်။ သေဆံုးသူမှာ မြန်မာ အလုပ်သမား တစ်ဦး အဖြစ်သာ သိရှိရပြီး မြန်မာနိုင်ငံ မည်သည့်နေရာ မည်သည့်ဒေသမှ မည်သူ၏ သားသမီး ဖြစ်ကြောင်း ကိုမူ သတင်းစာတွင် ဖေါ်ပြထားခြင်း မရှိပါ။
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမား သန်းချီရှိသည့် အနက် အိမ်တွင်း အကူ အလုပ်သမ(ခေါ်) အိမ်ဖေါ် အလုပ်သမား အများအပြား ရှိသော်လည်း စနစ်တကျ စာရင်းပြုစုထားမှု မရှိခြင်း၊ ပြုစုရန် ခက်ခဲခြင်း၊ အိမ်ဖေါ် အလုပ်သမားများ၏ ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်း တို့ကြောင့်၊ အိမ်ဖေါ် အလုပ်သမားများ အသတ်ခံခြင်း၊ အဓ္ဓမပြုကျင့်ခံရခြင်း၊ လုပ်ခမရရှိခြင်း အစရှိသဖြင့် ပြဿနာ တစ်စုံတစ်ခု ပေါ်ပေါက်လာပါက ကူညီ ဆောင်ရွက်လိုသူများက အစရှာမရ ဖြစ်လေ့ရှိသည်။

No comments:

Post a Comment