ဘုရားတဆူရှေ့တွင် မောမောနှင့် ထိုင်နေတုန်း တဟင့်ဟင့်နှင့် ငိုနေသံကြားရသောကြောင့် လှည့်ကြည့်လိုက်ရာ … အစိမ်းရောင်ဝမ်းဆက်နှင့် မိန်းမတဦးကို တွေ့လိုက်ရလေတော့သည်။
ရုက္ခစိုး။ ။ ဟင် … ခင်ဗျား၊ ခင်ဗျား ဘယ်အဖွဲ့အစည်းကလဲ၊ နနွင်းရောင် မဟုတ်ဘူးဆိုတော့ အမျိုးသမီး ရေးရာကလည်း မဟုတ်လောက်ပါဘူး။
မမြစိမ်း။ ။ ဥစ္စာစောင့်ရေးရာကပါ … ဟာ ဦးရုက္ခစိုး လုပ်တာနဲ့ ယောင်တောင် ယောင်ကုန်ပြီ။ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး။ ကျမက သိုက်နန်းရှင် မမြစိမ်းပါ။ … အဟင့်အဟင့် … လုပ်ရက်တယ် … လုပ်ရက်လိုက်ကြတာ။ ကျမမှာ ဘာအပြစ်ရှိလို့ ခုလို လုပ်ရက်ကြတာလဲ … အရပ်ကတို့ရဲ့ … အဟီး ….. အီး … ဟီး …။
ရုက္ခစိုး။ ။ စိတ်ညစ်လို့ စိတ်ပြေလက်ပျောက်လေး ဘုရားဖူးမလားလို့ ပဲခူးကို လာပါတယ်။ ဒုက္ခသည်နဲ့ လာတွေ့နေပြီ ထင်တယ်။ ဘာဖြစ်တာလဲဗျာ။
ဦးရုက္ခစိုးအနား လာထိုင်ကာ တရှုံ့ရှုံ့ ငိုနေသော သိုက်နန်းရှင် မမြစိမ်းကို ကြည့်ရင်း မေးလိုက်သည်။ မမြစိမ်းက “ဒီမှာလေ” ဟုဆိုကာ သူ့လက်ကို ထိုးပေးလိုက်သည်။
ရုက္ခစိုး။ ။ သြော် ... မမြစိမ်းကလည်း သိုက်နန်းရှင်ဆိုပြီး ရွှေလက်ကောက်မဝတ်ဘဲ သံလက်ကောက်နဲ့ … ဖက်ရှင်ထွင်ထားတာလား။
မမြစိမ်း။ ။ အောင်မယ်လေး … ပြောရက်လိုက်တာနော် … ။ မမြစိမ်းက သံလက်ကောက် ဝတ်မလား ဦးရုက္ခစိုးရဲ့ … အဲဒါ လက်ထိပ်၊ လက်ထိပ် … နာမည်ကျော် ချိုကုပ်ဒူးကြီးက ကျမကို လက်ထိပ်ခတ်ထားတာ ရှင့် … သိပြီလား။
ရုက္ခစိုး။ ။ ဟောဗျာ … ။ ဘယ်လိုဖြစ်လို့ မမြစိမ်းကို လက်ထိပ်ခတ်တာတဲ့လဲ။ မမြစိမ်းကော ကျုပ်လို မေတ္တာပို့မိလို့လား။
မမြစိမ်း။ ။ မဟုတ်ရပါဘူး ဦးရုက္ခစိုးရယ်။ သူ့အကြောင်းသိလို့ အတတ်နိုင်ဆုံး ကိုယ့်ဘာသာ ပဲခူးမှာ သီးသန့် ကင်းကင်း နေတာပါ။
ရုက္ခစိုး။ ။ မမြစိမ်းက ကိုယ့်ဘာသာ သီးသန့်နေတာကို ချိုကုပ်ဒူးကြီးက ဘယ်က ဘယ်လို လက်ထိပ် လာခတ်တာလဲ၊ လုပ်ပါဦး။ ကျုပ်တော့ နားတွေရှုပ်လာပြီ။
မမြစိမ်း။ ။ ကျမက သူ့ကို အိပ်မက်လာပေးလို့တဲ့။
ရုက္ခစိုး။ ။ အိပ်မက်ပေးတော့ ကောင်းတာပေါ့ … တကယ်ဆို ကျေးဇူးတောင် တင်သင့်သေးတယ်။ အိပ်မက်ကို အတိတ်ကောက်ပြီး နှလုံးထီလေး ဘာလေး ထိုးလို့ရတာပဲဟာ။
မမြစိမ်း။ ။ အခုဟာက အိပ်မက်က နည်းနည်း ကြမ်းတယ်တဲ့။ ကျမက သူ့ကို အိပ်မက်ထဲမှာ လာခြိမ်းခြောက် တာတဲ့ ဦးရုက္ခစိုးရဲ့။
ရုက္ခစိုး။ ။ ဟုတ်လား ဘယ်လို ခြိမ်းခြောက်တာလဲ လုပ်ပါဦး။
မမြစိမ်းက ခြေကိုဆောင့်လိုက်ပြီး မျက်နှာထားကို တင်းလိုက်ကာ လက်ညှိုးထိုး၍ …
မမြစိမ်း။ ။ သယ် … ချိုကုပ်ဒူး … နင့်ကိုယ်နင် နိုင်ငံတော် အကြီးအကဲဆိုပြီး လုပ်ချင်တာ လုပ်လို့ရမလား။ နင်က သံဃာတော်တွေ သတ်လိုသတ်၊ သူတော်ကောင်းတွေကို ထောင်ချလိုချနဲ့ … နင့်ဘုန်းတံခိုး မိုးသို့ ချုန်းနေတယ် ဆိုပြီး မာန်တက်မနေနဲ့ … ။ နင့်ရဲ့ ကံက ဆက်မကောင်းနိုင်တော့ဘူး … ဒီနှစ် နောက်ဆုံးပဲ။ နင်လုပ်သမျှတွေ ပြန်ခံရဖို့ အချိန်တန်ပြီ … ဟားဟားဟားဟား …။ အဲသလို သူ့အိပ်မက်ထဲမှာ သွားပြော တယ်တဲ့။ နောက်တနေ့ကျတော့ ကျမရဲ့ ရုပ်တုကို လက်ထိပ်လာခတ်တော့တာပါပဲ ဦးရုက္ခစိုးရယ်။
ရုက္ခစိုး။ ။ ခင်ဗျားက အဲဒီအတိုင်း သူ့အိပ်မက်ထဲ သွားပြောလိုက်လို့လား။
မမြစိမ်း။ ။ ကြံကြံဖန်ဖန် … လူမှားတာ နေမှာပါ။ ကျမက ခုနက ပြောသလို ကြောက်လွန်းလို့ ခပ်ကင်းကင်း နေနေတဲ့ဥစ္စာ၊ ပြီးတော့ကိုယ့်ပစ္စည်းတွေ သူများယူမှာစိုးလို့ စောင့်နေရတာနဲ့ မအားရပါဘူး။ သူ့အိပ်မက်ထဲ ဘယ်လိုလုပ် သွားမှာလဲ။ အဟင့်အဟင့် ဘာပဲဖြစ်ဖြစ် ခုတော့ လက်ထိပ်ခတ် ခံရပြီ … ကောင်းကြ သေးရဲ့လား ဦးရုက္ခစိုးရဲ့။
ထိုစဉ် ဦးရုက္ခစိုးနားသို့ မမြစိမ်း၏ ညီအစ်မ ခုနစ်ဖော်စလုံး လက်ထိပ်ကိုယ်စီဖြင့် ရောက်လာကာ ငိုယို၍ အကူအညီ ဝိုင်းတောင်း ကြသည်။
မြနန်းနွယ်။ ။ လုပ်ပါ ဦးရုက္ခစိုးရယ် … ကျမတို့ သိုက်တွေကို လာခိုးတဲ့သူတွေကိုပဲ ကျမတို့က အပြစ်ပေးလာ ခဲ့သမျှ ရာဇဝင်ရိုင်းပါပြီ။ ခု ချိုကုပ်ဒူးကြီးလုပ်မှ ကျမတို့ အားလုံး လက်ထိပ်တန်းလန်းနဲ့ ကြည့်မကောင်းပါဘူး ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးက ချိုကုပ်ဒူးကြီးနဲ့ ရင်းနှီးတယ်ဆိုတော့ ပြောပြရင်ရမှာပါ။
မမြစိမ်း။ ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရယ်၊ လူမှားတာလို့ သေချာ ပြောပေးပါနော်၊ ဦးရုက္ခစိုး ပြောရင် ရမှာပါ။
ရုက္ခစိုး။ ။ ကဲ ကဲ တရောက်တပေါက်နဲ့ တော်တော်လေးတော့ နားညည်းလာပြီ … သွားပြောပေး ကြည့်မယ် ဟုတ်ပြီလား။ အရင်အပတ်ကမှ ကျုပ်ကို ဖမ်းခဲ့သေးတာ ဆိုတော့ ပြောလို့ ရမရတော့ မသိဘူး။
မြနန်းနွယ်။ ။ မဖြစ်ဘူး၊ မဖြစ်ဘူး မမရေ … ဒီအတိုင်းဆိုရင် ညီမလေးတို့ ဥစ္စာစောင့် အခွင့်အရေးအဖွဲ့ ဖွဲ့မှ ဖြစ်တော့မယ် ထင်တယ်။
မမြစိမ်း။ ။ အဖွဲ့ဖွဲ့ရင် ဒိုနာ ရှာရမှာနဲ့ ဘာနဲ့ … အဲဒါက နောက် ထားလိုက်၊ လောလောဆယ် ငါတို့လက်ထိပ် ပြုတ်ဖို့ ချိုကုပ်ဒူးကြီးဆီကို ဦးရုက္ခစိုး သွားပြောပေးမှ ဖြစ်မယ်။
ဥစ္စာစောင့် ညီအစ်မ ခုနစ်ဖော်၏ ပါးစပ်မှ ပေါက်ပေါက်ဖောက်သလို တရစပ်ပြောနေသံကို နားမခံနိုင်တော့ သောကြောင့် ဦးရုက္ခစိုးကြီးမှာ နေပြည်တော်ရှိ ချိုကုပ်ဒူးကြီးထံ သွားတွေ့ရလေတော့သည်။
ဦးရုက္ခစိုး … ချိုကုပ်ဒူးကြီးဆီရောက်တော့ ချိုကုပ်ဒူးကြီးက မျက်နှာမကောင်းဘဲ ကုတင်ပေါ်တွင် ထိုင်နေသည်။ ဦးရုက္ခစိုးကို မြင်လိုက်သည်နှင့် …
ချိုကုပ်။ ။ ဘာလဲ ဦးရုက္ခစိုး၊ ခင်ဗျားက ၇၄ အခြေခံဥပဒေထဲမှာ နတ်တွေအတွက် မပါဘူးဆိုပြီး အတင့်ရဲ တာလား။ တကယ်ဆွဲချင်ရင် ဘာဥပဒေမှ မလိုဘဲ ဆွဲလိုက်လို့ရတယ်နော်။
ရုက္ခစိုး။ ။ ခင်ဗျားရဲ့ ရမ်းရဲတဲ့သတ္တိကို ယုံကြည်ပြီးသားပါဗျာ။ အခုဟာက ကျုပ်အရေးမဟုတ်ပါဘူး။ ပဲခူးမှာ မမြစိမ်းတို့ကို ခင်ဗျား လက်ထိပ်ခတ်ခဲ့တဲ့ကိစ္စလေး နည်းနည်း မေးချင်လို့ပါ။
ချိုကုပ်။ ။ သြော် ဒါလား … အဲဒါဆိုရင်တော့ မေးမနေနဲ့။ အဲဒီမမြစိမ်းက ကျုပ်ကို အိပ်မက်ထဲမှာ ဟိန်းလား ဟောက်လား လာလုပ်လို့ ဗေဒင်မေးပြီး ယတြာ ပြန်ချေလိုက်တာ။
ရုက္ခစိုး။ ။ မမြစိမ်း သေချာလို့လားဗျာ၊ သူကပြောတော့ မတရား ခံရတာပါတဲ့၊ သူ မဟုတ်ဘူးလို့ ပြောတယ်နော်။
ဦးရုက္ခစိုး စကားကြောင့် ချိုကုပ်ဒူးကြီး ငိုင်သွားသည်။
ချိုကုပ်။ ။ သူ မဟုတ်ရင် ဘယ်သူဖြစ်မလဲဗျ။ သူမှ သူပါဗျာ၊ ကျုပ်အိပ်မက်ထဲမှာ စိမ်းစိမ်း စိမ်းစိမ်းနဲ့ …။ ကွိုင်ကွိုင့်ကို ပြောပြတော့ အဲဒါ မမြစိမ်းပဲ ဆိုလို့ မမြစိမ်းကိုပဲလက်ထိပ်ခတ်လိုက်တာ။
ရုက္ခစိုး။ ။ မဟုတ်ရင် မကောင်းဘူးနော်၊ သူတို့ ဥစ္စာစောင့်တွေ ဆိုတာ အညှိုးက ကြီးပါဘိသနဲ့၊ တော်ကြာ သူ့ ညီမတွေက ခင်ဗျားကို ပြုစားလိုက်ရင် ဘယ်လိုလုပ်မလဲ။
ဦးရုက္ခစိုးက ခြိမ်းခြောက်လိုက်ရာ ချိုကုပ်ဒူးကြီး ပို၍ ငိုင်သွားသည်။
ချိုကုပ်။ ။ အေးဗျ … ကျုပ်လည်း စိမ်းစိမ်း စိမ်းစိမ်းတော့ မြင်တာပဲ။ သိပ်တော့ မသေချာလှဘူး။ ဒါပေမယ့် ဥစ္စာစောင့်တွေက အစိမ်းရောင်ဝတ်တယ်ဆိုတော့ ဖြစ်နိုင်ပါတယ်ဗျာ။
ဦးရုက္ခစိုး။ ။ စိမ်းတာကတော့ဗျာ … ဘီလူးတွေလည်း စိမ်းတာပဲ။ တော်ကြာ ပုပ္ပားက မယ်ဝဏ္ဏ
ဖြစ်နေဦးမယ်။ ဒါမှ မဟုတ်လည်း ယိုးဒယားက ရာမ လားမသိဘူး။ သူလည်း စိမ်းတာပဲ။ နောက်တော့ ….။
ဦးရုက္ခစိုး စကားမဆုံးသေးခင် ချိုကုပ်ဒူးကြီး၏ မျက်လုံးအစုံ ချာချာလည်သွားသည် … ။ စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကို တဗျင်းဗျင်း ကုတ်သည်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ပြုံးလာသည်။ “သိပြီ” ဟု အသံနက်ကြီးနှင့် အော်လိုက် သဖြင့် ဦးရုက္ခစိုးပင် လန့်သွားသည်။
ချိုကုပ်။ ။ အခုအချိန်ကစပြီး … အစိမ်းဝမ်းဆက် ဝတ်တဲ့ ဘယ်သူ့ကိုမဆို လက်ထိပ်ခတ်ရမယ် … ချိုကုပ်ဒူးကြီး အမိန့် …။
ထိုသို့ အမိန့်စာထုတ်ပြီး နောက်တနေ့တွင် ချိုကုပ်ဒူးကြီးအပါအဝင် စစ်ဗိုလ် စစ်သားရှိရှိသမျှ အစိမ်း ဝမ်းဆက် ဝတ်ထားသူ အားလုံးကို လက်ထိပ်တန်းလန်းနှင့် ဖက်ရှင်ကျကျ တွေ့မြင်ကြရလေတော့သည်။
No comments:
Post a Comment