11.19.2009

“စစ်အစိုးရ အဘိဓာန်မှာ လုံးဝမပါသည့်စကားလုံးနှင့် အမြင်သွေလွဲခြင်း”

စိုးနေလင်း
Wednesday, November 18, 2009


မြန်မာနိုင်ငံအကြောင်း စဉ်းစားလိုက်တိုင်း ကိုယ် ကိုယ်တိုင် အပါအ၀င်ဖြစ်တဲ့ ပြည်သူလူထုကြီး တရပ်လုံးဟာ တခြားဒီ ထက်ပိုပြီး အခြေအနေ ဆိုးဝါးတဲ့ နိုင်ငံအနည်းအကျဉ်းက လွဲရင် အတော် ကြီး ကံအကြောင်းမလှခဲ့ဖြစ်ခဲ့ရ၊ ဖြစ်နေရ တယ် လို့ ပြောရမှာပါပဲ။ လွတ်လပ်ရေးဆိုတဲ့အရသာကို အ မြည်းသဘောလောက်ပဲ ခံစားခွင့် ရခဲ့ကြ သူတွေ ဖြစ်ခဲ့ကြ ပါတယ်။ တကယ်တန်းပြောရရင် မြန်မာနိုင်ငံရဲ့ အင်အာ အများဆုံး လူတန်းစား ဖြစ်တဲ့ လယ်သမားနဲ့ အလုပ်သမား လူတန်းစား ဆင်းရဲသားကျောမွဲ ပြည်သူလူထုအများစုဟာ ဘယ်တုံးကမှ လွတ်လပ်ရေးအရသာကို မခံစားကြရသေးပါဘူး။ နယ်ချဲ့အင်္ဂလိပ် ဖက်ဆစ်ဂျပန် နယ်ချဲ့အင်္ဂလိပ် အုပ်စိုးမင်းမူမှုတွေက လွတ်မြောက်ပြီး ဒီမိုကရေစီ အညှောက် ကလေး ထွက်ပေါက်လာကာစမှာပဲ စစ်အာဏာရှင်တွေရဲ့ ကျေးကျွန်ပြန်ဖြစ်ခဲ့ကြရတာပါ။ စကားလုံး ရွေးချယ် သုံးနှုန်းရရင်တော့ အမျိုးသား စစ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အောက်မှာ ကျွန်သဘောက်တွေ ဖြစ်ခဲ့ကြ ရတာပါ။ ခုချိန်မထိလည်း စစ်အာဏာ ရှင်စနစ်အောက်က ကျေးကျွန်တွေဖြစ်နေဆဲပါပဲ။ နှစ်နဲ့ တွက်ချက် ရရင်တော့ ဗိုလ်နေ၀င်းရဲ့ အိမ်စောင့်အစိုးရသက်တမ်းကိုပါ ထည့်ပြီး ရေတွက်မယ်ဆိုရင် ရာစုနှစ်ဝက် အနှစ် ၅၀ ပြည့်လုလု ဖြစ်နေပါပြီ။

စစ်အာဏာရှင်စနစ်ကတော့ သူ့ရဲ့စရိုက်သဘာဝအတိုင်း ပြည်သူလူထုကိုဖိနှိပ်မယ်၊ ညှင်းပမ်းနှိပ်စက်မယ်၊ ပြည်သူလူထုတွေပိုင်ဆိုင် တဲ့ တိုင်းပြည်ရဲ့သဘာဝ သယံဇာတပစ္စည်းတွေကို ကိုယ်ကျိုးစီးပွားအဖြစ် သုံးစွဲမယ် ရယူစုဆောင်းမယ်။ သူတို့ရဲ့ အာဏာနဲ့ကိုယ် ကျိုးစီးပွားကို ထိပါးလာမယ်ဆိုရင် ဘယ်သူကိုမဆို ခြေမှုန်း နှိမ်နှင်းမယ်၊ လိုအပ်ရင် သတ်ဖြတ်အပြတ်ရှင်းပစ်မယ်။ အဲဒီသဘာဝဟာ ခု ထိလည်း မပြောင်းမလဲ ဒီအတိုင်းပါပဲ။ ပြည်သူလူထုကြီး တရပ်လုံးဟာလည်း ဆင်းရဲတွင်း ငရဲတွင်းထဲမှာ နစ်မွန်းနေဆဲပါပဲ။ ကမ္ဘာကြီး တခုလုံးရဲ့ ဖွံဖြိုးတိုးတက်လာတဲ့ သိပ္ပံနဲ့နည်းပညာ ဆက်သွယ်ရေးနည်းပညာတွေရဲ့ ဝေစုရှယ်ယာအရ အနည်းအကျဉ်း ပြောင်းလဲတိုး တက်လာတာမျိုးကလွဲရင် နှိင်းယှဉ်မှုအရ အိမ်နီးချင်းနိုင်ငံ အများစုအပါအ၀င် တခြား ကမ္ဘာ့နိုင်ငံ တွေနဲ့ ဘာမှမဆိုင်အောင် အောက်တန်းကျနေဆဲ ဖြစ်ပါတယ်။ တရားခံကိုတခြားရှည်ရှည်ဝေးဝေး ရှာနေစရာ မလိုဘူးဆိုတာကိုသာမန်အသိတရား အဆင့်ရှိကြသူတိုင်း နားလည်သဘောပေါက်ပြီး ဖြစ်ကြပါလိမ့်မယ်။ တိုင်းပြည်နဲ့ပြည်သူလူထုကြီးတရပ်လုံး ဆင်းရဲမွဲပြာ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ အခြေအနေကနေ လွတ် မြောက်ဖို့ ဆိုရင် ကျနော်တို့တိုင်းပြည်မှာ စိုးမိုးအုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်းလင်း ပစ်မှ သာ ဖြစ်နိုင်မယ်ဆိုတာကို သူ့ရဲ့လုပ်ရပ်တွေကပြသခဲ့ ပြသနေဆဲဖြစ်ပါတယ်။

စစ်အစိုးရက အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရဲ့ လုပ်ရပ်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲလွန်ကာလအထိ အကျဉ်းချထားရေးကြိုးပမ်းအားထုတ်မှု နောက်ပိုင်းကစပြီး လိပ်ခဲ တင်းတင်း ရှေ့တိုးမရဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေဟာ မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှ နိုင်ငံတွေ အပေါ်ထားရှိတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ ကြောင့် နည်းနည်းစပြီးလှုပ်လာတာကို သတိပြုမိကြမယ်ထင်ပါတယ်။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးရေးမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ပြီး တဲ့ နောက်မှာ စစ်အစိုးရက သူမရဲ့တောင်းဆိုမှုတချို့ကို လိုက်လျှောခွင့်ပြုခဲ့လို့ စစ်အစိုးရ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား ဆက်ဆံရေးဟာ အေးခဲနေရာကစပြီး အရည်ပျော်စ ပြုလာပုံရတယ်လို့ အကဲခတ်လာကြတာ ကိုလည်း သတိပြုမိကြပြီးဖြစ်ပါလိမ့်မယ်။

ကျနော်တို့သတိထားရမှာကတော့ ဘယ်သူတွေဘာပြောပြော အပြောထက် အလုပ်ကိုကြည့်တတ်ဖို့ပါပဲ။ အမေရိကန် အစိုးရက မြန်မာ နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်တဲ့နည်းဟာ အလုပ်မဖြစ်ဘူးလို့ ယုံကြည်တဲ့ အတွက် ပြန်လည်သုံးသပ်ပြောင်းလဲခဲ့တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် မြန်မာနိင်ငံအစိုးရက ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် ဘာမှတိုးတက်အောင်လုပ်မပြပဲ အရေးယူပိတ်ဆို့ မှုတွေကို ရုတ်သိမ်းမပေးနိုင်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် နဲ့နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ဆောင်ရွက်ခွင့်ရရှိအောင် အခြေအနေကောင်းတွေ ဖန်တည်းပေးဖို့တွေကို တောင်းဆိုထား ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေနဲ့ တွေ့ဆုံပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေငြာချက်မှာ တောင်းဆိုထားတဲ့အချက်တွေအတိုင်း တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေး၊ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးရေး၊ တပြည်လုံးမှာ အပိတ်ခံထားရဆဲဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုဖို့ဆက်လက်တောင်းဆိုနေပါတယ်။ နောက်ဆုံးအမေရိကန်အစိုးရရဲ့ ကိုယ်စ လှယ်တွေ ကိုလည်း အဲဒီတောင်းဆိုချက်တွေ ရရှိရေးအတွက်ပဲ အဓိကထားဆွေးနွေးခဲ့ပါတယ်။

စစ်အစိုးရကထုံးစံအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဘာတခုမှ တုန့်ပြန်ပြောကြား မလုပ်ခဲ့ပါဘူး၊ မသိချင်ယောင်အဖက်မတန်သယောင် လုပ်ထားခဲ့ပါတယ်။ အမေရိကန် အစိုးရ ကိုတော့ နိုင်ငံရေးအကျဉ်းသားအနည်းစုလေးနဲ့ တ ခြားရာဇ၀တ် အကျဉ်းသားအများစုကြီးကို လွှတ်ပြပြီးသူတို့ရဲ့ နည်းဟောင်းကြီး ဖြစ်တဲ့ ဖမ်းလွှတ်ဖမ်းကစားနည်းကို ကစားပြလိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တခြားအရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လှုပ်ရှားသူတွေကိုလွှတ်မပေးဘဲ ဆက် လက်ထိမ်းသိမ်းထားဆဲ ဖြစ်ပါတယ်။ သူတို့အာဏာတည်မြဲရေးကို ထိပါးမလာနိုင်လောက်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ တောင်းဆိုချက်တွေကို လိုက်လျှောခွင့်ပြုပေးခဲ့ပါတယ်။ တခြားဘာတောင်းဆိုချက်ကိုမှ ခုချိန်ထိ လိုက်လျှော ခွင့်ပြုတာ မရှိခဲ့သေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်ကြွလှုပ်ရှားသူ လူကြီးလူငယ်တွေ တခြား ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ရဟန်းသံဃာတွေ ကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး နည်းနည်းမသင်ကာတာနဲ့ ဖမ်းဆီးစစ်ဆေး အရေးယူအပြစ်ပေးမှုတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။ သူတို့မွေးမြူထားတဲ့ လူထု သစ္စာဖောက် တွေကို လူထုအုံကြွမှုခြေမှုန်းတိုက်ဖျက်ရေးသင်တန်းတွေ လက်သိပ်ထိုး ပေးလာတာ မျိုးတွေ တွေ့လာရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရှေ့ရှုတဲ့ ခြေခြေမြစ်မြစ် လမ်းဖွင့်ပြုပြင် ပြောင်းလဲ ပေးတာမျိုးတွေကို လုံးဝမတွေ့ရသေးပါဘူး။ ဒါဟာလောလောဆယ် အမေရိကန်နဲ့နိုင်ငံတကာက ဖိအားပေး တောင်းဆိုနေတာတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတောင်းဆို လုပ်ဆောင်နေတာတွေနဲ့ စစ်အစိုးရရဲ့ အပြော၊ အပြ၊ အလုပ်တွေပဲဖြစ်ပါတယ်။

အဲဒီအခြေအနေမှာ အမေရိကန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားလုံး လွှတ်ပေးရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုနေတဲ့ ရွှေဂုံတိုင် ကြေငြာချက်ပါတောင်းဆိုချက်တွေကို စစ်အစိုးရက လိုက် လျှောခွင့်ပြုလာနိုင်ခြေ ရှိပါသလား။ စစ်အစိုးရဖက်က အခြေအနေအ၀န်းအ၀ိုင်းအားလုံးကို အသာစီးအခြေအနေနဲ့ စီးနင်းပြီး ဒေါ် အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လှုပ်လို့မရအောင်လုပ်၊ နိုင်ငံတကာကိုလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်တရား မျှတအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါတယ်လို့ ဟန်ပြသဘောလုပ်ထားတွေနဲ့ လှည့်စား အယုံသွင်းပြီးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးလိုက်နိုင်တယ်လို့ပဲထား။ မြန်မာနိုင်ငံ ပြည်သူလူထုကြီးတ ရပ်လုံး လိုလားတောင့်တနေတဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ အာမခံတဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်နိုင်ဖို့ကို တ ကယ်တန်းလိုက်လျှောခွင့်ပြုနိုင်ခြေ ရှိပါ့မလား။

အဲဒီစဉ်းစားချက်တွေကို ကြောင်းကျိုးယုတ္တိရှိရှိ ချဉ်းကပ်စဉ်းစားသုံးသပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ အလွန့်အလွန် နည်းပါးတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွေ့ကြုံရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေအားလုံးဟာ လုံးဝ အောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားလို့ မရနိုင်စရာ မရှိပါဘူး။ အားလုံးကိုအောင်အောင်မြင်မြင် ဖြတ်သန်းကျော်လွှားနိုင်ပါတယ်။

အဲဒီအတွက် အရေးအကြီးဆုံးလိုအပ်ချက်ကတော့ စစ်အစိုးရရဲ့ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ထားတဲ့ စေတနာပါပဲ။ အဲဒီ စေတနာသာ စစ်အစိုးရမှာတကယ်တန်းရှိခဲ့ရင် ဘယ်ကုလသမဂ္ဂရဲ့အထူးကိုယ်စလှယ် ဘယ်နိုင်ငံရဲ့ ကိုယ်စလှယ်တွေမှ ကြားဝင်ဆွေးနွေး ပေးစရာ၊ ကိုယ့်ဘာသာစကားနဲ့ကိုယ် လွတ်လွတ်လပ်လပ် တိုက်ရိုက်တွေ့ဆုံပြောဆိုလို့ရရဲ့နဲ့ ဆက်ဆံရေးဝန်ကြီးဆိုတဲ့ ဘာလုပ်ပိုင် ခွင့်မှမရှိတဲ့ ၀န်ကြီးတယောက်ကိုလည်း ရုပ်ပြခန့်ထားဖို့မလိုပါဘူး။ ကျနော်တို့ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်တဲ့ဒီမိုကရေစီ နိုင်ငံတခု အဖြစ် အချိန်မရွေး ပြောင်းလဲသွားအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီအဓိက အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်တဲ့ “တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ” ဆိုတာ စစ်အစိုးရဆီမှာ စကတည်းကိုက လုံးဝမရှိခဲ့တဲ့အရာတခု ဖြစ်ပါတယ်။ ဒါကိုကြောင်း ကျိုးမဲ့ အခြေအမြစ်မဲ့ ပြောနေတာမဟုတ်ပါဘူး။ စစ်အစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ စာမျက်နှာအထပ်ထပ်ပေါ်မှာ အထင်အရှားမြင်သာထင်ရှား ရှိနေခဲ့ပြီးဖြစ်ပါတယ်။ အထူးသက်သေ ပြနေစရာ မလိုအောင်ကိုအခိုင်အမာရှိနေပါတယ်။

မရှိတဲ့အရာတခုကိုတောင်းနေရင် ရဖို့မျှော်လင့်နေတယ်ဆိုရင် မှန်၏ မမှန်၏ ဖြစ်သင့်၏ မဖြစ်သင့်၏ ဆိုတာ ကတော့ ကလေးတ ယောက်ကိုမေးခွန်းထုတ်ရင်တောင် အလွယ်တကူအဖြေပေးနိုင်ပါလိမ့်မယ်။

စစ်အစိုးရကတော့ သူ့မှာရှိတဲ့ ဥာဏ်နီ ဥာဏ်နက်မျိုးစုံ ကောက်ကျစ်စဉ်းလဲမှု ကလိန်ကညစ်ကျမှု ယုတ်မာ ရိုင်းစိုင်းမှု ရက်စက်မှုတွေ အားလုံးကို အရှက်မဲ့ အသုံးချပြီး နိုင်ငံတကာကို အယုံသွင်း မျက်လှည့်ပြ နေအုံးမှာဖြစ်သလို မြန်မာနိုင်ငံက ပြည်သူလူထုကိုလည်း လူသားတွေအဖြစ် သဘောမထားပဲ ဆက်ပြီး ဖိနှိပ် ညှင်းပမ်း ကျွန်ပြုအုပ်ချုပ်သွားဖို့ ကြိုးစားနေအုံးမှာပဲ ဖြစ်ပါတယ်။

ကျနော်တို့က ကျနော်တို့ပြည်သူလူထုကြီးရဲ့ လိုလားတောင့်တမှုကို ရယူပေးဖို့ကိုပဲ အလေးဂရု ပြုကြရ ပါလိမ့်မယ်။ မဝေးတော့တဲ့ အချိန်မှာ အဓမ္မစစ်ဝါဒီတွေကို ကျနော်တို့ ခြေမှုန်းအနိုင်ယူနိုင်တော့မှာပါ။

ဒေးဗစ်နဲ့ ဂေါလိယက် ကို ပြန်အမှတ်ရကြည့်လိုက်ပါ။ ။

စိုးနေလင်း

No comments:

Post a Comment