11.29.2009

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အကြိုဘန်ကောက်တွင်ကျင်းပ

နိုဝင်ဘာ ၂၉

ထိုင်းနိုင်ငံဘန်ကောက်မြို့ အနောက်ဘက် မော်ချစ် အဝေးပြေးကားဂိတ်နှင့် မော်ချစ်ကောင်းကင်ရထား ဘူတာ အနီးတွင်ရှိသော ဂျပ်တူဂျပ် ပန်းခြံထဲတွင်၊ ထိုင်းနိုင်ငံအခြေစိုက် အင်ဂျီအိုပေါင်းစုံတို့က၊ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အကြိုအဖြစ် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အခမ်းအနားကို ယမန်နေ့ လည်၁နာရီမှ ညနေ၅ နာရီထိ ကျင်းပခဲ့ပြီးယနေ့တွင် ဆက်လက် ကျင်းပကြ ခြင်း ဖြစ်သည်။ ပန်းခြံအတွင်းသို့ လာရောက် အပန်းဖြေကြသော လူထုများအား HIV/AIDS ဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ သီးချင်းများ သီဆိုခြင်းများ ပြုလုပ်ကြသည်။ အစီအစဉ်အရ ဘန်ကောက်မြို့ ဘန်ဘော် အခြေစိုက် PATH အဖွဲ့ မှ HIV/AIDS ဆိုင်ရာအကြံပေး မအေးက “ဒီကားချပ်မှာ လာပြီးတော့ ထိုင်းလူငယ် လူရွယ်တွေ လာပြီး ပလာစတာ အ၀ိုင်းလေးတွေ လာကပ်ကြတာကတော့၊ (၁)ကလေးတွေလည်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တယ်။ (၂)လိင်တူအချင်းချင်းလည်း တရားဝင် လက်မှတ်ထိုးပြီး လက်ထပ်နိုင်တယ်။ (၃)မင်္ဂလာ မဆောင်ခင်လည်း လိင်ဆက်ဆံလို့ ရတယ်။ (၄)အဆင်သင့် မဖြစ်သေးတဲ့ အမျိုးသမီးတွေ သန္ဓေသားကို ဖျက်ချနိုင်တယ်။ (၅)လိင်မှုလုပ်ငန်းက ၀င်ငွေ၇ှာတဲ့ လူတွေလည်း တရားဝင် လက်ထပ်နိုင်တယ်။ (၆)HIV ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေလည်း ကိုယ်ဝန်ဆောင်နိုင်တယ်။ အဲဒါတွေကို ကျမတို့က လူထုတွေဆီက သဘောထား စစ်တမ်း ကောက်တဲ့ သဘောပါ”ဟု ပြောသည်။

အဆိုပါ အဖွဲ့ရှေ့ တွင် လိင်တူချစ်သူများ၊ ကျောင်းသားလူငယ်များ၊ ကလေးမိခင်များနှင့် အထူးစည်ကား နေသည်။ လာသမျှသော ပရိတ်သတ်များကို ကွန်ဒုံး၊ အေအိုင်ဒီအက်ပညာပေးစာများ ရေးသားထားသည့် ပြက္ခဒိန်၊ မှတ်စုစာအုပ် (ဒိုင်ယာယီ)များကို အခမဲ့ဝေငှပေးသည်။

အခြားအဖွဲ့ များကလည်း သကြားလုံးများ ဝေငှခြင်း ကံစမ်းမဲများ ဖေါက်ခြင်းများ ပြုလုပ်ကြသည်။ ဖါးမစ် HIV/AIDS ဆိုင်ရာ အင်ဂျီအိုမှ ပရိုဂျက် မန်နေဂျာ စတင်ထွန်ပွန် က “ အယင်တုန်းက ထက်တော့ ထိုင်းတွေ ရော နိုင်ငံခြား ရွှေ့ပြောင်း အလုပ်သမားများပါ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီးတော့ အသိပညာတွေ တော်တော် တိုးတက်လာပြီလို့ ပြောလို့ ရပါတယ်။ ကျနော်တို့လည်း အဖွဲ့ ပေါင်းစုံ တစ်နိုင်ငံလုံးမှာ အင်တိုက် အားတိုက် ကြိုးစားကြတယ်။ ဆက်ပြီးတော့လည်း အမြဲလုပ်နေရမယ့် ကိစ္စရပ်ဖြစ်ပါတယ်” ဟု ပြောသည်။

အခြားအဖွဲ့ တစ်ဖွဲ့မှ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း သုံးဘာသာဖြင့် အေအိုင်ဒီအက်စ် ပညာပေး သီချင်းများ တီးခတ် ဖျော်ဖြေကြသည်။ အခြားထူခြားမှု တစ်ခုမှာ ထိုင်းလူငယ် အမျိုးသား၂ဦးတို့က မြန်မာတိုက်ပုံနှင့် ရခိုင်ပုဆိုးတို့ကို ယဉ်ကျေးစွာ ၀တ်ဆင်ထားကြပြီ၊း ထိုင်းအမျိုးသမီး၂ဦးကမူ မြန်မာဝတ်စုံများကို ၀တ်ဆင်ပြီး သရုပ်ပြကြသည်။

အဆိုပါ ၀တ်စားဆင်ယင်မှု သရုပ်ပြခြင်းနှင့် ပတ်သက်၍ PATH အဖွဲ့ မှ HIV/AIDS ဆိုင်ရာ လမ်းညွှန် ပညာပေး ကိုဆန်းလွင်က “ ကျနော်တို့ မြန်မာတွေက ထိုင်းနိုင်ငံမှာ မြန်မာဝတ်စုံနဲ့ သွားလာ လှုပ်ရှားဖို့ ခက်တယ်လေ။ ဒါကြောင့် အင်ဂျီအိုမှာလုပ်တဲ့ ထိုင်းလူငယ်တွေက မြန်မာတွေ ဘယ်လိုပဲ ၀တ်စားဆင်ယဉ်မှု ယဉ်ကျေး ပေမယ့် ဒီ HIV/AIDS ရောဂါ ဆိုတာ မဆင်ခြင်ရင် ကူးစက်နိုင်တယ် ဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကျနော်တို့ က အဓိက ဆောင်ရွက်တာကတော့ ရောဂါရှိသူတွေကို ARVနဲ့ AZT စတဲ့ ဆေးဝါးတွေကို အခမဲ့ ရရှိဖို့ ကူညီဆောင်ရွက်ပေးတယ်၊ ကွန်ဒုံးတွေကို တွေ့သမျှလူ ယူသမျှ လူတွေကို နေ့တိုင်း လိုက်ဝေပါတယ်။ လိုက်ပြီးတော့ ဟောပြောပါတယ်။ ကျနော်တို့က မြန်မာတွေ ဆိုတော့ မြန်မာတွေနေတဲ့ နေရာ တွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ သွားပြီး ဟောပြောပေးပါတယ်” ဟု ပြောဆို သွားသည်။

No comments:

Post a Comment