11.15.2009

ဒေါ်အောင်ဆန်းစုကြည် မှန်သလား၊ မာသလား

မောင်သြ

၁၃ နိုဝင်ဘာ ၂၀၀၉

၃-၁၁-၀၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲ ဦးဆောင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ ပါတယ်။

သူတို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်အမြင့်မှာရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ နအဖစစ်အာဏာရှင်အုပ်စုရဲ့ ထိပ်ပိုင်းခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့သလို အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အကျယ်ချုပ်နဲ့ ထောင်ဒဏ်ကျခံနေရသူ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေတို့နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီ့အပြင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ နအဖစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို မတွေ့ဆုံချင်လို့ ဧရာဝတီတိုင်းဘက် ခရီး အထွက်ပြ ရှောင်းတိမ်းနေတာတွေ့ရပါတယ်။

ကာ့တ်ကမ်ဘဲနဲ့အဖွဲ့ အခုလို လာရောက်တာဟာ မြန်မာပြည်မှာ နအဖစစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ် မှုကြောင့် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ အလွန်အမင်း ချိုးဖောက်ခံနေရပြီး နိုင်ငံရေးအကျပ်အတည်း ဆိုက်နေတာတွေကို ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အမေရိကန်သမ္မတသစ် အိုဘားမားက ပထမခြေလှမ်းသစ်အနေနဲ့ မြေစမ်းခရမ်းပျိုးတဲ့သဘော စေလွှတ်လိုက်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ တဘက်မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင် (Sanction) ကို ထားမြဲထားပြီး တဘက်ကနေ နအဖအစိုးရကို တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပြုလုပ်ခဲ့တာပါ။ အမေရိကန်အစိုးရရဲ့ ဆိုလိုချက်အရ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေ၊ ဒီမိုကရေစီရေး ဖိနှိပ်ရက်စက်မှု တွေကို ထင်သာမြင်သာအောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကိုမှ မဆောင်ရွက်ပေး နိုင်ခဲ့ဘူးဆိုရင် ဆန်ရှင်ဟာလည်း ပိုနေမြဲကျားနေမြဲ ဖြစ်နေဦးမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။။

ပိုနေမြဲကျားနေမြဲ ဖြစ်နေသမျှတော့ နအဖစစ်အာဏာရှင်တစုရဲ့ အနာဂတ်ဘ၀ဟာ မရေရာမသေချာနဲ့ ခြသေ့င်္ဂူထဲ ပိတ်မိနေတဲ့ မြေခွေးလို ဒုက္ခနဲ့ တွေ့ရတော့မှာ သေချာပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒအသစ်ပေါ်မှာ နအဖစစ်အာဏာရှင်အစိုးရဟာ ကွယ်လွန်သူ ဦးကြည်မောင် (အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ) ပြောသွားတဲ့ စကားအတိုင်း “မောင်မောင်ခေါ်တုန်း ဗျာထူးသင့်နေပါပြီ” လို့ ပြောလိုက်ပါရစေ။

မည်သို့ဆိုစေ နအဖစစ်အစိုးရက အမေရိကန်၊ အီးယူ၊ သြစတြေးလျ သံအရာရှိတွေနဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ် အဖွဲ့တို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့အပေါ် အကဲခတ် ခန့်မှန်းကြည့်ရရင် ပထမလင်ကြီးဖြစ်တဲ့ ကိုရွှေတရုတ်ကို စိတ်ကုန်လို့ ကွာရှင်းချင်ပြီး နောက်အိမ်ထောင်သစ် ပြုဖို့အတွက် ကိုရွှေအမေရိကန်ကို ပလူးပလဲ မြူဆွယ်ပြီး မျက်စပစ်နေပြီလို့ ထင်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နအဖအစိုးရဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို တကယ်တိုးတက်ဖွံ့ဖြိုးစေချင်တဲ့ စေတနာ ဆန္ဒရှိရင် အမေရိကန်အစိုးရရဲ့ မူဝါဒအသစ်ကို ကြိုဆိုလက်ခံရပါမယ်။ ဒါမှလည်း သူတို့ (စစ်အစိုးရ) အတွက် ဘ၀အာမခံချက်တွေ မျှော်လင့်နိုင်မှာပါ။ အခုလာသွားတဲ့ မစ္စတာ ကာ့တ်ကမ်ဘဲလ်အဖွဲ့ အကြံပြု ပြောဆို သွားတဲ့ နအဖရယ်၊ အန်အယ်လ်ဒီရယ်၊ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေရယ် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးကြဖို့ဆိုတဲ့အချက်က ဒီအချိန်မှာ အလွန်လိုအပ်တဲ့ အချက်လည်း ဖြစ်ပါတယ်။ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့ရဲ့ ဆန္ဒအတိုင်း ဖြစ်မြောက်စေချင်တယ် ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးမှုကို အမြန်ဆုံး စောနိုင်သမျှစောစော ဆောင်ရွက်သင့်ပါပြီ။ ‘ငါ’ ဆိုတဲ့ အတ္တတရားတွေနဲ့ ခေါင်းမမာသင့်တော့ဘဲ အမှန်တရားကို လက်ကိုင်ထားပြီး အလျင်အမြန် ဆောင်ရွက်သင့်ပါပြီ။ ဒါ့အပြင် နအဖအစိုးရအနေနဲ့ (၂၁) နှစ်ကျော်ကြာ တရုတ်အစိုးရနဲ့ ဆက်ဆံ ခဲ့တာမှာ တိုးတက်မှု ရှိ မရှိနဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံခဲ့ရင် တိုးတက်မှု ရှိနိုင် မရှိနိုင်ဆိုတာကို အလေးအနက် စဉ်းစားရမယ့်အချိန်လည်းဖြစ်ပါတယ်။

ဒီအတောအတွင်း ၅-၁၀-၀၉ နေ့ထုတ် ကြေးမုံသတင်းစာပါ စာမျက်နှာ (၄) မှာ ဖော်ပြထားတဲ့ နအဖ သတင်းစာရဲ့ သတင်းစဉ်မှာ “Mr Kurt M.Campbell က ကြိုတင်ပန်ကြားထားသည့်အတိုင်း ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းမပြုမီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကြိုတင်တွေ့ဆုံထားနိုင်ရန်လည်း အစိုးရက စီစဉ်ပေးထားခဲ့သည်။ သို့သော်လည်း နိုဝင်ဘာ (၂) ရက် ညနေ (၃) နာရီခွဲတွင် တာဝန်ရှိသူတဦးက ဦးတင်ဦးမှလွဲ၍ ကျန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ ရန် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်အသိပေးပြောကြားပြီး တွေ့ဆုံလိုသည့်အချိန်ကို မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က မတွေ့လိုကြောင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး မစုံ၍ မတွေ့နိုင်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ နိုင်ငံတော်အနေဖြင့် Mr Kurt M.Campbell ၏ တောင်းဆိုချက်ကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများ တိုးမြင့်ရန် ရည်ရွယ်လျက်လည်းကောင်း၊ အပြုသဘော လိုက်လျောပေး ခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံရေးသည် ဖြစ်မြောက်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်” လို့ ရေးသားထားတာကို ဖတ်ရပါတယ်။

အထက်ပါ သတင်းစာအရေးအသားကို လေးလေးနက်နက် တွေးဖြစ်ရင် နအဖစစ်အစိုးရက သဘောထား ကြီးကြီးနဲ့ ဖြူစင်မွန်မြတ်တဲ့ စေတနာနဲ့ အပြုသဘောဆောင် လိုက်လျောပေးခဲ့ပုံပေါက်ပြီး ဒေါ်အောင်ဆန်း စုကြည်က နအဖရဲ့ ရိုးသားဖြူစင်မွန်မြတ်မှု၊ သဘောထားကြီးမှုအပေါ် လျစ်လျူရှုခြင်း၊ ဆန့်ကျင်ခြင်း၊ ခေါင်းမာခြင်း၊ မထီလေးစားလုပ်ခြင်း … စတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်မှားစရာ၊ မကောင်း မြင်စေနိုင်တဲ့ သဘော သက်ရောက်နေတာတွေ့ရပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က မှန်သလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က ခေါင်းမာသလား ဆိုတဲ့အချက် (၂) ချက်ကို စဉ်းစားစရာ ဖြစ်လာရပါတယ်။ စီအီးစီအားလုံးနဲ့ တွေ့ဆုံ ပေးသင့်ပါလျက်နဲ့ စီအီးစီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ဘာကြောင့် ချန်လှပ်ထားခဲ့ပါသလဲ။ ဒီအချက်က နအဖ သဘောထားကို သံသယ၀င်စရာဖြစ်စေပါတယ်။ နအဖအနေနဲ့ စေတနာသဘောထား ဖြူစင်မွန်မြတ်ရိုးမှန်ရင် ဦးတင်ဦးကို ချန်လှပ်ထားဖို့ မသင့်ဘူးလေ။ အဲဒီအချက်ကလေးနဲ့တင် နအဖရဲ့ စေတနာသဘောထားဟာ ဆွမ်းဆန်ထဲ ကြက်ချေးတတုံး ရောက်သွားသလို ဖြစ်ခဲ့ရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး မစုံ၍ မတွေ့နိုင်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ကြောင်း” ဟု ပြန်လည်ပြောဆိုလိုက်ခြင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ခေါင်းမာခြင်းလို့ မဆိုနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှန်နဲ့အမှားကိုသာ ဆုံးဖြတ်တတ်ပြီး အမာနဲ့အပျော့ပေါ်မှာ စဉ်းစားသူ မဟုတ်ပါဘူး။ အမှန်တရားကို ယုံကြည်မှုနဲ့ ဆုံးဖြတ်တာဟာ ‘ခေါင်းမာတာ’ မဟုတ်ပါဘူး။ ရဲရင့်ခြင်းသာ ဖြစ်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံကို လာရောက်သွားတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဒီတကြိမ်နဲ့ ပြီးသွားပြီလား၊ မပြီးသေးဘူးလား၊ ရှေ့ကို ဘာတွေ ဆက်လက်ဆောင်ရွက် ကြဦးမလဲဆိုတာ ကြိုတင်မပြောနိုင်ပေမယ့် နအဖစစ်အစိုးရအနေနဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အခြားတိုင်းရင်းသား ကိုယ်စားလှယ် များနဲ့ သုံးပွင့်ဆိုင် အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်သင့်ချိန်ရောက်ပြီဖြစ်ကြောင်း စေတနာကောင်းနဲ့ ကြေညာမောင်းခတ် လိုက်ရပါတယ် ခင်ဗျား။

No comments:

Post a Comment