11.06.2009

အမျိုးသားပြန်လည်သင့်မြတ်ရေး အပေးအယူ

ကျော်ဗလ

၆ နိုဝင်ဘာ ၂၀၀၉

Sanction ကို ဆန့်ကျင်တယ်ဆိုတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ရောက်လာချိန်မှာ နအဖ အဖွဲ့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသလို လိုက်လျောမှုတွေကိုလည်း မကြုံစဖူး ထူးထူးခြားခြား ပေးခဲ့ပါ တယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်း မြန်မာပြည်လာစဉ်က အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ တာတောင် တွေ့ခွင့်မရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဂျင်ဝက်ဘ်ဟာ တွေ့ခွင့်ရခဲ့ပါတယ်။ ဂျင်ဝက်ဘ် အပြန် မှာ နအဖက ဘယ်လိုလက်ဆောင်တွေ ထည့်ပေးလိုက်တယ်ဆိုတာ သိခွင့်မရခဲ့ပေမယ့် ပြဿနာကောင် ယက်တော ကိုတော့ အိမ်ပြန်လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဂျင်ဝက်ဘ်လည်း မြောက်ကိုရီးယားပြန် သမ္မတဟောင်း ကလင်တန်လိုပဲ ၀ါရှင်တန်ရဲ့ လှိုက်လှဲစွာ ကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ အလိုက်အလွန်သိတတ်တဲ့ ဂျင်ဝက်ဘ်ကလည်း မြန်မာပြည်ခရီးစဉ် အောင်မြင်မှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ နအဖအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု (Sanction) အလုံးစုံကို ရုပ်သိမ်းပေးကြဖို့ ဆောင်းပါးရေးသားတောင်းဆိုလိုက်ပါတယ်။ ဂျင်ဝက်ဘ်က Sanction ရုပ်သိမ်း ပေးရေး အတွက် ဗျိုး ဟစ်လိုက်တာနဲ့ တပြိုင်နက် နအဖလိုလားတဲ့ ပြည်တွင်းပြည်ပမီဒီယာတွေကလည်း ၀ိုင်းပြီး သျှိုးလိုက်ထောက်ခံကြတော့တာပါပဲ။

အမှန်တော့ ဂျင်ဝက်ဘ်ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုတာ အိမ်ဖြူတော်နဲ့ စည်းဝါး ကိုက် လက်ဝါးရိုက်ထားတဲ့ သံတမန်ရေးရာ ဗျူဟာတခုသာ ဖြစ်ပုံရပါတယ်။ “ကျနော် တို့ ပြောင်းလဲဖို့လိုလာပြီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ သမ္မတ အရွေးခံခဲ့ရတဲ့ အိုဘားမား အနေနဲ့ အရင်သမ္မတ ဘုရှ်နဲ့ မတူတဲ့ သဘောထားချဉ်းကပ်မှုတွေကို ပြသဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် အာဖဂန်၊ အီရတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘား၊ မြန်မာ စတဲ့ အပူစက်တွေ ထွက်ပေါ်လာနိုင်တဲ့ နေရာတွေ မှာပေါ့။ အရင်သမ္မတဘုရှ်က ဒီတိုင်းပြည်တွေအပေါ်မှာ တင်းမာတဲ့ စကားလုံး၊ တင်းတောင့်တဲ့ မူဝါဒတွေနဲ့ လိုအပ်သလို Hard Power ကို သုံးခဲ့ပါ တယ်။

အိုဘားမားကတော့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေး Dialogue တွေလုပ်ပြီး Soft Power နဲ့ ချဉ်းကပ်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အိုဘားမားအနေနဲ့ အခုလိုသဘောထားတွေ၊ ချဉ်းကပ်နည်းတွေ ပြောင်းလဲ ကျင့်သုံးလို့ ရပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီထွန်းကားပြန့်ပွားရေး၊ လူ့အခွင့်အရေး လေးစား လိုက်နာရေး ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ နှုန်း၊ စံ၊ တန်ဖိုးတွေ၊ အခြေခံပေါ်လစီ၊ မူဝါဒတွေကို ပြောင်းလဲပစ် လို့တော့မရပါဘူး။ ဒါကြောင့် Soft Power သုံးပြီး ချည်းကပ်ကြည့်မယ်၊ မရရင်တော့ ပိတ်ဆို့မှုအပါအ၀င် Hard Power လည်း ကျင့်သုံးရမယ်ဆိုတဲ့ Smart Power မူဝါဒကို အိုဘားမားက နိုင်ငံခြားရေးမူဝါဒ အခြေခံအဖြစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

Sanction ရုပ်သိမ်းပေးရေးအတွက် အမေရိကန်နဲ့ အဆင်ပြေချင်တဲ့ နအဖကလည်း အမေရိကန်သမ္မတတွေရဲ့ သဘောထားပေါ်လစီ အလှည့်အပြောင်းမှာ ဘယ်အပေါက်က ၀င်ရမယ်လို့ အခွင့်အခါကောင်း ချောင်းနေချိန် ဂျင်ဝက်ဘ်ဆိုတဲ့ ကယ်တယ်ရှင်ကို ဖန်ဆင်းလိုက်ပုံရပါတယ်။ ဂျင်ဝက်ဘ်စလိုက်တဲ့ ခရီးစဉ်နောက်မှာ တနွယ်ငင်တစင်ပါဆိုသလို ကွန်ဂရက်နဲ့ နိုင်ငံခြားရေးဌာနရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေ တထွေးကြီး လိုက်ပါလာကြတာ၊ ခုနောက်ဆုံး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အထိပါပဲ။

Sanction ကို ရုပ်သိမ်းပေးကြဖို့ မီဒီယာတွေကတဆင့် ဝေဖန်တိုက်တွန်းနေကြတဲ့ အသံတွေကလည်း တမိုးလုံး ညံနေပါပြီ။ “ဗမာပြည်အပေါ်မှာ Sanction ကျင့်သုံးမှု” ဆိုတာ ဘာမှမထိရောက်ပါဘူးလို့ တချိန်လုံး ပြောနေကြသူအများစုဟာ အချောင်နိုင်ငံရေး နလပိန်းတုံးတွေ၊ နအဖ အလိုတော်ရိတွေပဲ။ Sanction လုပ်တာ မထိရောက်ဘူးဆိုရင် ဘာဖြစ်လို့ နအဖအဖွဲ့အနေနဲ့ ရုပ်သိမ်းပေးဖို့ ပျာယီးပျာယာ မျက်ဆံပြာ အစိုးရိမ်ကြီးစွာ ကြိုးပမ်းနေကြပါသလဲ။ ဘာဖြစ်လို့ Sanction လုပ်ခံရတာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါလို့ သဲသဲမဲမဲ ဒေါသတကြီး စွဲချက်တင်ခဲ့ကြပါသလဲ။

ရှင်းရှင်းလေးပါ။ Sanction ဟာ ထိခိုက်နစ်နာလောက်အောင် ထိရောက်နေလို့ပါပဲ။ ဘယ်သူတွေ ထိခိုက်နစ်နာ နေတာလဲ။ အဓိက ထိခိုက်နစ်နာနေကြတာ နအဖနဲ့ သူ့နောက်လိုက် အရာရှိတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဆိုသူတွေပါ။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ပညာတတ်တွေ၊ လက်လုပ်လက်စားတွေ၊ တိုင်းရင်းသားတွေ ထိခိုက်နစ်နာနေကြတာ Sanction ကြောင့်ဆိုတာထက် နအဖရဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ်ရေး ပေါ်လစီ မူဝါဒပေါင်းစုံကြောင့်သာ ဖြစ်ပါတယ်။ Sanction ကြောင့် ထိခိုက်နစ်နာရတဲ့ ပို့ကုန်လုပ်ငန်းတွေက အလုပ်သမားဆိုတာ သိန်းဂဏန်းမကျော်ပါဘူး။ နအဖရဲ့ မှားယွင်းဖောက်ပြန်တဲ့ မူဝါဒတွေကြောင့် ဖောင်စီးရင်း ရေငတ်နေကြရတဲ့ ဒုက္ခသည်တွေက မြန်မာပြည်မှာ အနည်းဆုံး သန်းငါးဆယ်ကျော်ပါလိမ့်မယ်။ Sanction ကြောင့် ဘယ်သူတွေ ထိခိုက်နစ်နာနေသလဲဆိုတာကို သိချင်ရင် Sanction ကို ဘယ်သူတွေ ခါးသီးမုန်းတီး နေသလဲဆိုတဲ့ ပေတံနဲ့ တိုင်းထွာကြည့်လိုက်ပါ၊ အထင်းသား မြင်ရပါလိမ့်မယ်။

ဒါကြောင့် ခြုံကြည့်ရင် နအဖအဖွဲ့အပေါ် စီးပွားရေးပိတ်ဆို့မှု Sanction ကျင့်သုံးမှုဟာ တစုံတရာ ထိရောက်မှု ရှိပါတယ်။ ဒါပေမယ့် အခြားတဖက်ကလည်း ဒီလို Sanction ကျင့်သုံးရုံသက်သက်နဲ့တော့ မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။ ဒီလိုဖြစ်ရတာ Sanction နည်းနာ ကျင့်သုံးမှုဟာ မထိရောက်လို့ မမှန်ကန်လို့ မဟုတ်ပါဘူး။ Sanction ကျင့်သုံးမှုကို မထိရောက်အောင် ၀ိုင်းရံ အကာအကွယ် ပေးနေတဲ့ အကြောင်းအချက်တွေနဲ့ အင်အားစုတွေရဲ့ ၀ိုင်းဝန်း ဟန့်တားပေး နေမှုကြောင့်သာ ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်မှာ လူဖြူဘိုသာ (Botha) အစိုးရရဲ့ အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ဖို့ ကုလသမဂ္ဂက ချမှတ် ကျင့်သုံးခဲ့တဲ့ Sanction က ဘက်ပေါင်းစုံပိတ်ဆို့မှု (Multi Lateral Sanction) ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက ပါဝင်ပိတ်ဆို့ကြတာဖြစ်လို့ Sanction ဟာ အလွန်ထိရောက်ခဲ့ပါတယ်။ ပိုအရေးကြီးတာက တောင်အာဖရိကနိုင်ငံကို ၀န်းရံထားတဲ့ နမီးဘီးယား၊ ဘော့စ်ဝါနာ၊ ဇင်ဘာဘွေ၊ မိုဇမ်းဘစ် စတဲ့ အိမ်နီးချင်း နိုင်ငံအားလုံးက ဘိုသာအစိုးရကို ဆန်တပြည် ငွေတကျပ်တောင် မကူညီခဲ့ကြခြင်းဖြစ်တယ်။ ဒါကြောင့်လည်း (၃) နှစ်မပြည့်မီအတွင်းမှာတင် ဘိုသာအစိုးရအဖွဲ့ ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် Sanction လုပ်တယ်ဆိုတာ ကုလသမဂ္ဂက ချမှတ်ကျင့်သုံးတဲ့ Multi Lateral Sanction မျိုးမဟုတ်ပါဘူး။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ သြစတြေးလျတို့သာပါဝင်တဲ့ Limited Sanction သာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံကို Sanction လုပ်ဖို့ လုံခြုံရေးကောင်စီမှာ အဆိုပြုတိုင်း အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြလို့သာ ဖြစ်ပါတယ်။ ဒါ့ထက် ပိုဆိုးတာက တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ စတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေပါပဲ။

ဒီနိုင်ငံတွေက ကြွယ်ဝလှတဲ့ မြန်မာ့သယံဇာတတွေကို အမေရိကန်၊ ဥရောပတို့နဲ့ ပြိုင်ဆိုင်စရာမလိုဘဲ အချောင်နှိုက်ခွင့် ရရေးအတွက် Sanction ဆိုတာကို အားလုံးကျောပေးထားကြပါတယ်။ မြန်မာနအဖ အစိုးရရဲ့ လိုအပ်ချက် မှန်သမျှ လေယာဉ်ပျံ၊ စစ်လက်နက်ကအစ အီလက်ထရောနစ်ပစ္စည်းများအထိ ဖြည့်ဆည်းပေးဖို့ အိမ်နီးချင်းအားလုံးဟာ အသင့်ရှိနေကြပါတယ်။ ဒီလိုအနေအထားမျိုးအောက်မှာ ဘယ်လို Sanction မျိုးမှ နအဖက မကြောက်ရွံ့မတုန်လှုပ်တဲ့အပြင် ဒူးနှံ့လိုပင် နေချင်သလိုနေနိုင်ပါတယ်။ နအဖကြောက်တာ ဆက်ဒမ်ဟူစိန် ရဲ့ ကံကြမ္မာမျိုးပါ။ ဒါကြောင့် အိုဘားမားကသာ လက်ကမ်းပေးရင် ဗိုလ်သန်းရွှေ ပြေးနမ်းမှာ သေချာပါတယ်။

ဒီလိုအနေအထားမျိုးတွေအောက်မှာ Sanction ကျင့်သုံးရုံနဲ့တော့ ဗမာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ မဖြစ်နိုင်တာ သေချာသလောက်ပါပဲ။ အခုအခါ နအဖနဲ့ နောက်လိုက် မီဒီယာ သမား တသိုက် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထုက ထောက်ခံအတည်ပြုထားတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အခြေခံ ဥပဒေ ဖြစ်တယ်လို့ ၀ိုင်းလိမ်ပေးနေကြပါတယ်။ နအဖအဖွဲ့ဆိုတာလည်း ကျွမ်းကျင်တဲ့ မျက်လှည့်ဆရာတွေ လိုပါပဲ။ လိမ်နေမှန်းသိနေပေမယ့် သက်သေအထောက်အထား မရှိတော့ နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ မပြောသာဘူးပေါ့။ ဒါကြောင့်လည်း၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပွင့်လင်း တရားမျှတမှုရှိရေး၊ နိုင်ငံတကာ ကြီးကြပ်လေ့လာမှုရှိရေး ဆိုတာတွေလောက်ပဲ ကမ္ဘာက တောင်းဆို တင်ပြနေကြရတာ ဖြစ်ပါတယ်။

စစ်တပ်အုပ်စိုးမှုကို ရေရှည်အကာအကွယ်ပေးမယ့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆိုတာကို သပိတ်ဝင်အိတ်ဝင် အပိုင်ရပြီးမှတော့ ရွေးကောက်ပွဲကျင်းပပေးဖို့ဆိုတာ နအဖအတွက်တော့ သိပ်မှုစရာမရှိဘူးပေါ့။ Child-Play ပါပဲ။ ဒါကြောင့် ဒီနေ့ဒီအချိန်အခါမှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ဘေးချိတ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် Dialogue လုပ်ရေးကို အလေးပေး တောင်းဆို ကြရ ပါလိမ့်မယ်။ Dialogue လုပ်ကြရာမှာလည်း ၀ှက်ဖဲတွေနဲ့ ကြိတ်ဝိုင်းဆွေးနွေးမှုမျိုးတွေမဟုတ်ဘဲ တန်းတူမှုနဲ့ လွတ်လပ်ပွင့်လင်းမှုရှိစွာ ညှိနှိုင်းဆွေးနွေး အပေးအယူရှိကြဖို့ပါပဲ။

ဘာတွေညှိနှိုင်းဆွေးနွေးပြီး ဘာတွေအပေးအယူလုပ်ကြရမှာလဲ။

ချုပ်ပြီးပြောရမယ်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ပါ သဘောထားတွေကို ဆွေးနွေးညှိနှိုင်းကြရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရေးနဲ့ Sanction ရုပ်သိမ်းရေးကို အပေးအယူလုပ်သင့်ပါပြီ။ မြန်မာ့နိုင်ငံရေး ကံကြမ္မာကို အနာဂတ်မှာ အဆုံးအဖြတ်ပေးမှာ ၂၀၁၀ ရွေးကောက်ပွဲမဟုတ်ပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် အောင်မြင်ရေးသာဖြစ်ပါတယ်။

No comments:

Post a Comment