12.21.2009

ဗဟိုတရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည် အမှုကို လက်ခံကြားနာမည်

ဗဟိုတရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို လက်ခံကြားနာမည်ဟု ယနေ့ညနေ ၃နာရီခွဲက ထုတ်ပြန်ကြေငြာ လိုက်သည်ဟု သိရပါသည်။
ဗဟိုတရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ၏ လျှောက်လဲချက်ကို ယနေ့ နံနက်ပိုင်းက ကြားနာခဲ့ပြီးနောက် ယနေ့ညနေ ၃နာရီ ၃၀က ရုံးရှေ့ ကြေငြာဘုတ်တွင် အမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။
ကြားနာမှု အတွက် လျှောက်လဲချက်ပေး အပြီး ဒေသဆိုင်ရာ နိုင်ငံခြား သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးကြည်ဝင်းက ၄င်းတို့ အနေဖြင့် ဦးနေဝင်း လက်ထက်က ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေပါ အချက်အပေါ် မူတည်၍ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ရာ ထိုအခြေခံဥပဒေသည် ယခုအခါ ပျက်ပြယ်ခဲ့ပြီး ဖြစ်သည် ဆိုသည့် အချက်ကို ဦးတည်ပြီး လျှောက်လဲချက် ပေးခဲ့သည်ဟု ပြောပြသွားပါသည်။
လက်ရှိ နအဖ၏ ခေါင်းဆောင် ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောမောင်က ၁၉၉၁ခုနှစ် မတ်လ ၂၇ ရက်နေ့ ၄၆ ကြီမ်မြောက် တော်လှန်ရေးနေ့ မိန့်ခွန်းတွင် ၁၉၇၄ခုနှစ် အခြေခံဥပဒေ သည် ယခုအခါ လုံးဝပျက်ပြယ် သွားခဲ့ပြီ ဟု အတိအလင်း ပြောကြားခဲ့ကြောင်းနှင့် ထိုပျက်ပြယ်ခဲ့ပြီးသော အခြေခံ ဥပဒေပါ အချက်အရ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ၍ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းကြောင့် တရားဥပဒေနှင့် မညီညွတ်ကြောင်း ကို လျှောက်လဲခဲ့သည် ဟု ဆက်လက် ပြောပြသွားပါသည်။
ယခုနှစ် သြဂုတ်လ ၁၁ ရက်က ထိုဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃နှစ် ချမှတ် ခဲ့ပြီး အလျှင်အမြန်ပင် အကျယ်ချုပ် ၁နှစ်ခွဲ ထိမ်းသိမ်းထားရန် အမိန့်ချခဲ့ရာ ၂၀၀၃ မေလ ၃၀ရက်နေ့ ဒီပဲယင်း လုပ်ကြံမှု အပြီးကတည်းက နေအိမ်အကျယ်ချုပ်ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် နေအိမ် အကျယ်ချုပ် သက်တမ်းတိုးစေခဲ့ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment