Wednesday, 02 December 2009 18:58 ရန်ကုန်သားတာတေ
ချင်းမိုင်ဆောင်းကို အံတုသည့် အနေနှင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ မီးလှုံနေစဉ် သူတို့အနားသို့ အနီရောင် ဝတ်စုံဝတ်၊ မုတ်ဆိတ်၊ ပါးမြိုင်းမွှေး ဖြူဖြူ၊ နှာခေါင်း ချွန်ချွန်နှင့် လူဝကြီးတဦး ချဉ်းကပ်လာသည်။ ဖိုးရှုပ်က ကြွက်စုတ်ကို လက်တို့၍ ...
ဖိုးရှုပ်။ ။ အလှူခံထင်တယ် ကြွက်စုတ်ရေ ...။
ကြွက်စုတ်။ ။ အဲဒါဆိုရင်တော့ ကန်တော့ပါသေးရဲ့လို့သာ ပြောလိုက်တော့။ အင်းခေတ်ကြီးက ပြောင်းလာတော့ လူတွေလည်း ရတဲ့နည်းနဲ့ အလှူခံနေတယ် ထင်ပါရဲ့။
ရုက္ခစိုး။ ။ မဟုတ်တာက စပြောပြီ။ ဘယ်က အလှူခံရမှာလဲ။ ဇော်ဂျီဖြစ်မယ်ကွ ...။ လျှက်ဆားလေးဘာလေး တောင်းစားရင် ကောင်းမယ်ထင်တယ်။
သူတို့ ၃ ဦး ထင်ရာပြောနေသည်ကို ကြားသဖြင့် ထိုပုဂ္ဂိုလ်မျက်နှာ ရှုံ့မဲ့သွားကာ “မဟုတ်ရပါဘူးဗျာ၊ ကျနော်က ခရစ္စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ စန်တာကလော့စ်ပါ… ” ဟု ပြောရင်း ထမ်းလာသည့် အိတ်ကြီးကို ဘေးတွင်ချလိုက်သည်။
ရုက္ခစိုး။ ။ မှားတဲ့အခါလည်း များပေမပေါ့ဗျာ ဟဲဟဲ … ကျုပ်က အနီရောင်တွေ့တော့ ဇော်ဂျီထင်လို့။ ဒါထက် စန်တာကလော့စ်က ချင်းမိုင် ဘာလာလုပ်တာလဲ။
ကြွက်စုတ်။ ။ တော်ပါသေးရဲ့ … အလှူခံလားလို့ ကန်တော့ပါသေးရဲ့ ပြောတော့မလို့။ စန်တာကလော့စ် ဆိုတော့ လျှက်ဆား မပါတောင် ချော့ကလက်လေး၊ သကြားလုံးလေး ပါမှာပေါ့နော်။
စန်တာကလော့စ်က ပါလာသည့်အိတ်ကြီးကို ဖွင့်ပြရင်း “ချော့ကလက်တော့ မပါဘူး ဒေါ်လာတွေပဲ ပါတယ်။ ဒီမှာကြည့်” ဟု ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ဟာ … ဒေါ်လာတွေ များလှချည်လား … ဒါတွေအားလုံး ထိုင်းမှာဝေပေးဖို့လား။
စန်တာ။ ။ စဉ်းစားနေတာ … ။
ကြွက်စုတ်။ ။ ဟီးဟီး … ဒီလိုလုပ်ပါလား စန်တာကလော့စ်ကြီးရယ်။ ကျနော်တို့ကို ပေးပါလား။ ကျနော်တို့က စတိတ်မင်း NGO အဖွဲ့လေ။ ကျနော်တို့ အပင်ပမ်းခံလုပ်နေတာ အများကြီးရှိတယ်။
ကြွက်စုတ်ကော ဖိုးရှုပ်ပါ ဒေါ်လာမျက်နှာနှင့် ဦးရုက္ခစိုးကိုပင် စိတ်မဝင်စားနိုင်တော့ဘဲ စန်တာကလော့စ်ကြီးကိုသာ အာရုံစိုက် နေကြသည်။
စန်တာ။ ။ မင်းတို့ စတိတ်မင်း အဖွဲ့ကို သိပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ မင်းတို့ကို ပေးမယ့် ပိုက်ဆံ လျှော့မလို့။
ဖိုးရှုပ်။ ။ ကြွက်စုတ်ရေ … မင်းနားလိုက်တော့ ...။ စန်တာကလော့စ်က ပြည်တွင်းကိုပဲ သွားပေးတော့မှာ။ ဒါပေမယ့် ငါတို့ မီဒီယာ သမားတွေကိုတော့ ပေးမှာပါ … ကြည့်နေ။
စန်တာ။ ။ ဟာ … ဒီအတိုင်းတော့ မပေးနိုင်ဘူး … စာရင်းပြရမယ်။ မောင်ရင်တို့ သုံးတာတွေ သိပ်များတယ်။ အိမ်သာသုံး စက္ကူ မဝယ်နဲ့ … ရေရှိတာပဲဟာ၊ ရေနဲ့ပဲသုံး ...။ ကော်ဖီလည်း မသောက်ကြနဲ့ ...။ သောက်ချင်ရင် မဲဆောက်က ဝယ်လာတဲ့ လက်ဖက်ခြောက်နဲ့ ရေနွေးကြမ်းသောက်ကြ။ မောင်ရင်တို့ လစာတွေလည်း သိပ်များတယ်။ လစာများလို့ ငွေတွေ ပိုနေရင် ပျက်စီးမယ်။ အလကား အရက်သောက်ပြီး … ဟိုအခန်း ဒီအခန်း ရောက်နေမှာ … မဖြစ်ပါဘူး။ လစာလည်း လျှော့ယူကြ။
ကြွက်စုတ်။ ။ ပိုက်ဆံတွေက အများကြီးပဲဟာ … ကျနော်တို့ကိုလည်း ပေးသင့်ပါတယ်။
စန်တာ။ ။ မင်းက ပိုက်ဆံများတာပဲ မြင်တာကိုး ...။ ဒီပိုက်ဆံတွေ မင်းတို့ကို မပေးတော့ဘဲ မြန်မာပြည်တွင်းက NGO တွေကို သွားပေးမှာကွ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူ့ကိုပဲပေးပေး ငါတို့က စင်ပေါ်ကပဲလေ။ ဒီလစာပဲ ရမှာပဲဟာ။ ဒါပေမယ့် ပြည်တွင်းကို သွားပေးလိုက်ရင် မျက်နှာကောင်းပိုရမယ်၊ လူအထင်ကြီး ပိုခံရမယ်။ ပြည်ပက လူတွေပေးတာက ထူးမှ မထူးဆန်းဘဲ။
ဖိုးရှုပ်။ ။ ပြည်တွင်းကို ပေးတာတော့ ဟုတ်ပါပြီ … ဘယ်သူတွေကို ပေးမှာလဲ။
ဖိုးရှုပ်က သတင်းသမားပီပီ စပ်စုလိုက်သည်။
စန်တာ။ ။ ဒါကတော့ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တာ ကောင်းတာပေါ့။ UN တို့၊ တခြား ကျုပ်တို့လို နှာခေါင်းချွန် လူထွားတွေ အုပ်စိုးထားတဲ့ NGO တွေကို များများပေးမယ်။ ကျန်တဲ့နည်းနည်းပါးပါးကိုတော့ ဒေသခံ NGO လေးတွေကို ကျေးဇူးတင်ခံပြီး ပေးလိုက်မယ်။ သူတို့ကို ပေးတယ်ဆိုတာလည်း ကျုပ်တို့နဲ့ အလွမ်းသင့်တဲ့သူတွေကိုပဲ ပေးမှာပါ။ တခြားသူတွေ ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာသုံးပစေပေါ့။
ရုက္ခစိုး။ ။ အဖွဲ့အစည်းအကြီးကြီးတွေကို အများကြီးပေးပြီး တကယ်ကော ထိရောက်လို့လားဗျာ ...။
တချိန်လုံး ငြိမ်နားထောင်နေသော ဦးရုက္ခစိုးကြီးက ဝင်ပြောလိုက်သဖြင့် စန်တာကလော့စ်ကြီး စိတ်တိုသွားသည်။
စန်တာ။ ။ ထိရောက်တာ မထိရောက်တာ အသာထားလေ၊ အဲဒီအဖွဲ့အစည်းကြီးတွေမှာ နှာခေါင်းချွန်တွေ များတော့ လစာတွေ ပိုပေးရတယ်။ အကုန်အကျ ပိုများတာပေါ့။ ကျုပ်တို့လူမျိုးတွေက လစာနည်းနည်းနဲ့ အလုပ်မလုပ်တတ်ဘူးဗျ။ ခင်ဗျားတို့က ဆင်းရဲ လက်စနဲ့ မထူးဘူးလေ။
ထိုစဉ် သူတို့နားသို့ လူ ၂ ဦးချဉ်းကပ်လာရာ ကြွက်စုတ်က ဦးရုက္ခစိုးနားကပ်၍ “သေချာကြည့်ထား ဦးရုက္ခစိုး … အဲဒီလူ ၂ ယောက်က NGO တွေလေ။ ဟိုဘက်က ကိုကယ်ဆယ်သူ၊ ဒီဘက်က ကိုကူညီလိုသူ” ဟု တိုးတိုးပြောလိုက်သည်။
ကူညီလိုသူ။ ။ ဟာ … စန်တာကလော့စ်ကြီးက ဒီရောက်နေတာကိုး … ရှာလိုက်ရတာဗျာ။
စန်တာ။ ။ မင်းတို့ကလည်း ငါ့ကို အပျောက်ကို မခံပါလား။ ကိုယ့်ဘာသာ အေးအေးကို မနေရဘူး။
ကယ်ဆယ်သူ ။ ။ စန်တာကလော့စ်ကြီးပဲ စာရင်းစစ်မလို့ဆို။ ကျနော်တို့ စာရင်းတွေ လိမ်တင် … အဲ တင်ပြမလို့လေ။
စန်တာ။ ။ ပြစမ်းပါဦး … ဟာ … မင်းက လစာ ဒေါ်လာ ၁၀၀ တောင်ရတာပဲ။ သိပ်များလွန်းတယ်။ ဘယ်နေရာတွေမှာ သုံးလဲ။
ကူညီလိုသူ။ ။ ဟို … ဟို ...။
စန်တာ။ ။ အဲဒါပဲ … ဘာမှလည်း မပြောနိုင်ဘူး။ ဦးရုက္ခစိုးရေ … အဲဒါသာကြည့်တော့ …ကျနော့်မှာတော့ တလကို ဒေါ်လာ ၆၀၀၀ လေးနဲ့ ဒီအလုပ် အပင်ပန်းခံလုပ်နေရတာ၊ မတန်ပါဘူးဗျာ။ မောလိုက်တာ။ အနှိပ်ခန်းလေးဘာလေး သွားရရင်ကောင်းမှာပဲ။ ကဲ နောက်တယောက် … မင်းတို့ ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြ။
ကယ်ဆယ်သူ။ ။ ကျနော်တို့ လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ ပြည်တွင်းမှာကော၊ ပြည်ပမှာကော … လုပ်လို့ရတာ အကုန် လုပ်ပါတယ်။ အရေးကြီးတယ် ထင်တာ … တခုမှ မကျန်စေရပါဘူး …။ စွမ်းစွမ်းတမံ … ဦးဆွေးဆံမြေ့ ...။
စန်တာ။ ။ တော်ပြီ၊ တော်ပြီ … အဲဒါတွေ တခုမှလည်း မဟုတ်ဘူးဆိုတာ ငါသိတယ်။
ကယ်ဆယ်သူ။ ။ ဒါကတော့ ကျနော်တို့ အဖွဲ့အစည်းလေး ရပ်တည်ရေးအတွက် … ဒီလိုပဲ ကြံဖန်ပြီး မဟုတ်တာကော၊ ဟုတ်တာပါ တနှစ်တခါ လုပ်ကြံပြောဆိုနေကျပါပဲခင်ဗျ။ အဲဒါမှ ကျနော်တို့ အဖွဲ့အစည်းမှာပါတဲ့ လူ နှစ်ယောက်နဲ့တပိုင်းအတွက် လစာ တလကို ဒေါ်လာ ၁၀၀ စီလောက်ရပြီး စားဝတ်နေရေး ပြေလည်မှာပါခင်ဗျ။
ရုက္ခစိုး။ ။ ဒါနဲ့ စန်တာကလော့စ်ကြီး … မဲဆောက်က မယ်တော် ဆေးခန်းကို အလှူငွေတွေ မပေးတော့ဘူးဆို။ ဘာဖြစ်လို့လဲ။
စန်တာ။ ။ ဒါကတော့ ခုနပြောသလို ပြည်တွင်းကိုပဲ ပေးတော့မှာမို့လို့ပါ။
ရုက္ခစိုး။ ။ တနေ့ … တနေ့ကို ကုပေးနေတဲ့ လူနာတွေအတွက် ထည့်မစဉ်းစားတော့ဘူးလား။ ပြည်တွင်းကပါ လာကုတာနော်။
စန်တာ။ ။ ဆေးရုံဝန်ထမ်းတွေကို လစာပေးရတာ များတယ်ဗျာ။ သူတို့ဘာသာ ကုချင်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ဆက်ကုပစေပေါ့။
ဖိုးရှုပ်။ ။ ဝန်ထမ်းတွေကို လစာ ဘယ်လောက်တောင် ပေးရလို့လဲဗျ။
စန်တာ။ ။ အဲဒီဝန်ထမ်းတွေအားလုံးပေါင်းရဲ့ လစာက ကျုပ်လစာလောက်ရှိတယ်ဗျာ၊ စဉ်းစားကြည့်။ တော်တော်များတာ။
ထိုစဉ် ကြွက်စုတ်က ရုတ်တရက်ထရပ်၍ “သဘောတူပါတယ်၊ သဘောတူပါတယ်” ဟု အသံပြဲကြီးနှင့် အော်သည်။
ရုက္ခစိုး။ ။ ကြွက်စုတ်တော့ အလှူငွေ မရတာနဲ့ ရူးသွားပြီးထင်တယ် ဖိုးရှုပ်ရေ။
ကြွက်စုတ်။ ။ မရူးပါဘူးဗျာ ….။ ပြည်တွင်းကို အလှူငွေတွေ ပေးမယ်ဆိုတာ သဘောတူတယ်လို့ ပြောတာ။
ဖိုးရှုပ်။ ။ ဟာ သဘောမတူဘူး … မင်းတကယ်ရူးသွားပြီလား ကြွက်စုတ် … ဟင်။
ကြွက်စုတ်။ ။ ဘာလို့ ရူးရမှာလဲ။ ငါမရမယ့်အတူတူ … တခြားသူတွေကိုလည်း မရစေချင်ဘူးလေ။ အဲဒီတော့ ပြည်တွင်းကိုပဲ သွားတာ သဘူတောပါတယ်။
ကူညီလိုသူ။ ။ သဘော ၈၀ ရာခိုင်နှုန်းလောက် တူပါတယ်။ ၂၀ ရာခိုင်နှုန်းလောက် မတူပါဘူး။
ကယ်ဆယ်သူ။ ။ သဘူနည်းနည်းတောပါတယ် … ဟာ ရှုပ်ကုန်ပြီ။ သဘောနည်းနည်းတူပါတယ်၊ များများ မတူပါဘူး။
ဖိုးရှုပ်။ ။ ခင်ဗျားတို့က ဘာလဲဗျ … တူတယ်ဖြင့်တူတယ်၊ မတူဘူးဖြင့်မတူဘူး မပြောဘူး။
ကူညီလိုသူ။ ။ ဒါကတော့ဗျာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောလာသမျှ ကန့်ကွက်မယ်ဆိုပြီး ဆုံးဖြတ်ထားလို့ပါ။
ကယ်ဆယ်သူ။ ။ ကျုပ်ကလည်း ဘယ်သူနဲ့မှ မတူချင်လို့။
ကြွက်စုတ်။ ။ ကျနော်တို့ ၄ ယောက်စလုံးရဲ့ ခံယူချက်တွေက မတူဘူးဆိုတော့ … ဒီ လေးယောက်ပေါင်းပြီး အဖွဲ့တဖွဲ့ ထောင်သင့်တယ်ဗျ။
ရုက္ခစိုး။ ။ အေး လုပ်ကြ လုပ်ကြ … ဟိုမှာစန်တာကလော့စ်ကြီးက အနှိပ်ခန်းထွက်သွားပြီ။ ငါလည်းသွားတော့မယ်၊ မင်းတို့ဘာသာ ဖွဲ့ချင်တာဖွဲ့တော့။ ဘယ့်နှယ် လူ ၄ ယောက် ရှိတာ အဖွဲ့က ၅ ဖွဲ့ … ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ ...။
မီးဖိုကထွက်နေသော မီးခိုးငွေ့များနှင့်အတူ … ဦးရုက္ခစိုးတယောက် စိတ်ညစ်ညစ်နှင့် ကိုယ်ရောင် ဖျောက်သွားလေတော့သည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
12.02.2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment