12.15.2009

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ငင်းတောင်းဆိုချက်

ကျော်ဗလ

၁၅ ဒီဇင်ဘာ ၂၀၀၉

ဒီလပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံရေးလောကကို ဂယက်ထသွားစေတဲ့ လှုပ်ရှားမှုလေးတွေ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့တယ်လို့ ဆိုရမလိုပါပဲ။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကနေ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ် ခရီးစဉ်အထိပေါ့။ တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Sanction နဲ့ ပတ်သက်တဲ့ ဗိုလ်သန်းရွှေထံပေးစာ၊ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဆွေးနွေးမှု၊ စီအီးစီအဖွဲ့နဲ့ တွေ့ဆုံခွင့်၊ ကာ့တ်ကမ်ဘဲလ်အဖွဲ့နဲ့ ဆွေးနွေးမှု … စတဲ့လှုပ်ရှားမှု တွေဟာလည်း ရှိနေခဲ့တယ်။ ခုနောက်ဆုံး တိုင်းပြည်ရဲ့ ကောင်းရာကောင်းကြောင်း အတွက် နအဖနဲ့ ပူးဆောင်ရွက်နိုင်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေး ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့လိုက်တယ်လို့ မီဒီယာတွေက ဆိုပြန်ပါတယ်။ ဒီသတင်း မီဒီယာတွေထဲ ပါလာချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာမိတ္တူကို စီအီးစီအနေနဲ့ လက်ခံဆွေးနွေးရခြင်း မရှိကြသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ နအဖပြန်ကြားရေးအဖွဲ့ရဲ့ ရေနှောက် ငါးခြောက်လိုက်တဲ့ လှန့်လုံးတွေကြောင့် မြန်မာ့နိုင်ငံရေး အင်အားစုတွေ အတွင်းမှာ ‘အချက်မသိတော့ သမက်သူခိုးထင်’ ဆိုတာလို ယုံထင်ကြောင်ထင် အမြင်တွေ ပေါ်လာခဲ့ပါတယ်။ နအဖနဲ့ အန်အယ်လ်ဒီ ပူးပေါင်းဆောင်ရွက်ကြတော့မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး Sanction ကိုလည်း ရုပ်သိမ်းကြတော့မယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီလည်း ပါဝင်တော့မယ် … စတဲ့ ထင်ယောင်ထင်မှား စကားများစွာ ကြားလာခဲ့ကြရပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးပေးစာဆိုတာ ဗိုလ်သန်းရွှေဆီကို သီးသန့်လိပ်မူထားတဲ့ တဦးချင်း ပုဂ္ဂိုလ်ရေး မေတ္တာရပ်ခံစာ မဟုတ်ပါဘူး။ Sanction ပြဿနာဖြေရှင်းရေးအတွက် နောက်ဆက်တွဲ အကြောင်းကြား အသိပေးစာ သာ ဖြစ်ပါတယ်။ ဒီစာထဲမှာ အဓိကတင်ပြထားတဲ့ အကြောင်းအချက် (၂) ရပ် ရှိပါတယ်။

၁။ အန်အယ်လ်ဒီပါတီကို ပြန်လည်စည်းရုံးဖွဲ့စည်းခွင့်ရရှိရေး။

၂။ တိုင်းပြည်ရဲ့ ကောင်းရာကောင်းကျိုးအလို့ငှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေးတို့ ဖြစ်ပါတယ်။

ပထမကိစ္စဖြစ်တဲ့ အန်အယ်လ်ဒီပါတီကို ပြန်လည်စည်းရုံးဖွဲ့စည်းခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတယ် ဆိုတာ အလုပ်မရှိဘဲ ကြောင်ရေချိုးပေးတာ မဟုတ်ပါဘူး။ အကြောင်းရှိပါတယ်။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေး အတွင်း မီဒီယာဆရာများနဲ့ တွေ့ဆုံရာမှာ နအဖရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဆိုသူက ‘တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကသာ ပါတီစည်းရုံးရေး တခုတည်းကိုသာ အာရုံစိုက်လုပ်ဆောင်ဖို့ သဘောတူတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဆိုတာ ဖြစ်နိုင်ပါတယ်’ လို့ ပြောသွားခဲ့ပါတယ်။

ဒီသဘောထားကို အကြောင်းပြုပြီး မလွဲမသွေဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ ပါတီပြန်လည်စည်းရုံးဖွဲ့စည်းရေး လုပ်ပိုင်ခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က အမိအရ တောင်းဆိုလိုက်ပုံရပါတယ်။ ဒီလိုပါတီစည်းရုံးဖွဲ့စည်းခွင့်ကို တောင်းဆိုရာ မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကိစ္စ (၂) ရပ်ကို အလေးထားတင်ပြခဲ့ပါတယ်။ တခုက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နဲ့ စီအီးစီအဖွဲ့ဝင် ဦးလွန်းတင်တို့ကို သွားရောက်ဂါရ၀ပြုခွင့်ပေးဖို့ပါ။ ဆိုလိုတာကတော့ အသက် (၉၀) တန်းတိုင်သည်အထိ ပါတီတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး အရွယ်နဲ့ကျန်းမာရေးအရ အနားပေးသင့်ပြီဖြစ်တဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို သွားရောက်ဂါရ၀ပြုလိုတဲ့ဆန္ဒ ဖြစ်ပုံရပါတယ်။

နောက်ကိစ္စတခုကတော့ ပါတီပြန်လည်စည်းရုံးဖွဲ့စည်းရေးအတွက် အမြဲတမ်း စီအီးစီအဖွဲ့ဝင်တွေနှင့် တွေ့ဆုံဆွေးနွေးခွင့်ရဖို့ပါ။ ဒီအထဲမှာ မူလစီအီးစီလက်ကျန် (၄) ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ တိုးချဲ့ (၂) ဦးနဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ ပါဝင်နိုင်ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်ရဲ့ မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအီးစီတို့ တွေ့ဆုံဆွေးနွေးခွင့်ပေးရာမှာ ဦးတင်ဦးကို ပါဝင်ခွင့်မပေးခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဖို့ ငြင်းပယ်ခဲ့ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦးကို စီအီးစီအဖွဲ့ဝင်ထဲမှာ မဖြစ်မနေ ပါဝင်စေပါလိမ့်မယ်။ အာဆီယံမှာ ဦးသိန်းစိန် ပြောတဲ့ ‘ဒေါ်အောင်ဆန်းစုကြည် အတော်ပျော့ပျောင်းသွားပါပြီ’ ဆိုတဲ့ မှတ်ချက်ဟာ ဟန်ပန်သဘောထားအနေနဲ့ မှန်ကောင်းမှန်နိုင်ပါတယ်။ မူအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့အထိ ရှင်းလင်းပြတ်သားဆဲသာ ဖြစ်ပါတယ်။

ဒုတိယအကြောင်းအချက်ဖြစ်တဲ့ ‘တိုင်းပြည်ရဲ့ကောင်းရာကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုရေး တောင်းဆိုချက်’ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ရဲဝံ့စွာကမ်းလှမ်းလိုက်တဲ့ လက်ဖြစ်ပါတယ်။ အခုလို ရဲဝံ့၊ ပြည့်ဝစွာ ကမ်းလှမ်းလိုက်တဲ့ ရွှေလက်ကို ရိုင်းပျကြမ်းတမ်းစွာ ခါချလိုက်မယ်ဆိုရင်တော့ တိုင်းပြည်ဟာ အမျိုးသားအထွေထွေပျက်သုဉ်းရေးဆီကို မုချ ဦးတည်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မတိုး၊ နောက်မဆုတ်သာနဲ့ သောင်မတင်ရေမကျ ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရေးအတွက် သော့ချက်ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမဟုတ်ဘဲ အမျိုးသားပြန်လည်သင့်မြတ်မှု တည်ဆောက်နိုင်ရေး ဖြစ်နေလို့ပါပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ပထမဆုံးလှမ်းရမယ့် ခြေလှမ်းဟာ တွေ့ဆုံဆွေးနွေးရေး Dialogue သာဖြစ်ပါတယ်။ အခုလို နိုင်ငံရေးပြဿနာတွေ အချိန်မီ ဖြေရှင်းနိုင်ဖို့ အရေးတကြီး လိုအပ်နေချိန်မျိုးမှာ ကြားပွဲစားတွေ ထားမနေဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့လို အဆုံးအဖြတ်ပေးနိုင်သူချင်း မျက်နှာချင်းဆိုင် စကားပြောလိုက်ကြတာ အကောင်းဆုံးနည်းလမ်းပါပဲ။

Dialogue လုပ်ကြပြီဆိုရင် အပြန်အလှန် နားလည်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ ပျော့ပျောင်းအပေးအယူရှိမှု စတဲ့ အခြေခံသဘောထားတွေ နှစ်ဦးနှစ်ဘက်မှာ ရှိကြဖို့လိုပါလိမ့်မယ်။ ဒီသဘောထားအခြေခံပေါ်မှာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဘာတွေတောင်းဆိုပြီး ဘာတွေ လိုက်လျောမှာလဲဆိုတဲ့ အပေးအယူကိစ္စဟာ အခရာကျသလို ဘယ်လောက်တောင်းဆိုပြီး ဘယ်လောက် လိုက်လျောမှာလဲဆိုတဲ့ အတိုင်းအတာကိစ္စကလည်း အရေးပါနိုင်ပါတယ်။ Dialogue မလုပ်ခင်မှာ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေ ရှင်းလင်းထားဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စီအီးစီအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းခွင့်ကို တောင်းဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖြစ်ထွန်းစေချင်သူတွေအနေနဲ့ သမာသမတ် ကျစွာ ဘက်မလိုက်ဘဲ ပြောကြစတမ်းဆိုရင် ‘သူမသာ ကိုယ်မနာ’ သဘောထားနဲ့ ရိုးသားစွာ ပူးပေါင်းဆောင်ရွက်လိုတဲ့သဘောထား အမှန်သာရှိကြရင် မအောင်မြင်နိုင်စရာ ဘာမှမရှိပါဘူး။ ‘ငါ့စကား နွားရ’ သဘောထားနဲ့ အထက်စီးကနေ ‘ကျားကျားမီးယပ်’ ပဲ လုပ်နေကြရင်တော့ အဆင်မပြေနိုင်ပါဘူး။ တကယ်တမ်း နအဖနဲ့ အန်အယ်လ်ဒီတို့ အပေးအယူညှိနှိုင်းလုပ်ကြရမယ့် အရင်းခံပြဿနာဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ ရွှေဂုံတိုင်ကြေညာချက်ပါ။ သဘောထားအကြား ကွာဟချက်တွေ စေ့စပ်ညှိနှိုင်းယူကြဖို့ပါ။ တကယ်တော့ နအဖရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို ပြည်သူ (၉၀) ရာခိုင်နှုန်းကျော်က ထောက်ခံထားတာဖြစ်သလို ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ဆိုတာကလည်း ပြည်သူ (၈၀) ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးထားတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြဿနာကို သုံးသပ်ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်သလို ၉၀ ပြည့်နှစ် ရလဒ်ကိုလည်း တစုံတရာ အသိအမှတ်ပြုရေးအတွက် ဆွေးနွေးညှိနှိုင်းကြဖို့ မုချလိုအပ်ပါလိမ့်မယ်။ ဒီနိုင်ငံရေး ဆက်ထုံးကို ပြေလည်အောင် ညှိနှိုင်းဆွေးနွေး၊ အပေးအယူလုပ်နိုင်ကြပြီဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် အောင်မြင်ပါလိမ့်မယ်။

နအဖမှာ တကယ်တမ်း အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောထားရှိရိုးမှန်ရင် ဒီဆက်ထုံးကို ဖြေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၉၀ ပြည့်နှစ်ရလဒ်ကို ကိုယ်စားပြုထားတဲ့ ‘လွှတ်တော်ကိုယ်စားပြုကော်မတီ’ ဆိုတာ ရှိထားပြီးဖြစ်ပါတယ်။ နအဖအနေဖြင့် ဒီလွှတ်တော်ကိုယ်စားပြုကော်မတီကို အသိအမှတ်ပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ညှိနှိုင်းရေးအတွက် စီစဉ်ဆောင်ရွက်ပေးလို့ရပါတယ်။ ၉၀ ပြည့်နှစ်က ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒသဘောထားမပါဘဲ ဇွတ်အဓမ္မ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရွှေပန်းကန်လို သဘောထားပြီး တပြားသားမှ အပွန်းအပဲ့မခံဘူးလို့ ပိုင်းဖြတ်ထားရင်တော့ ဘယ်နိုင်ငံရေးပြဿနာမှ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ဖြေရှင်းလို့မရတဲ့အပြင် အခြေအနေတွေသာ ပိုမိုဆိုးဝါးရှုပ်ထွေး ပြင်းထန်လာစရာရှိပါတယ်။

တကယ်တော့ ကိုးကန့်ဒေသပြဿနာဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံက မွေးထုတ်ပေးလိုက်တဲ့ အရှုပ်အထုပ်တွေရဲ့ ပွဲဦးထွက် စံနမူနာတရပ်သာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ပါလာမယ့် ပြဿနာပေါင်းများစွာကလည်း တန်းစီစောင့်နေပါပြီ။ ပြည်တွင်းစစ် သံသရာ ပြန်လည်စေမည့် အမျိုးသားပြန်လည်တိုက်ခိုက်ရေးကို ရှောင်ရှားချင်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရပါလိမ့်မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို သုံးသပ်ပြင်ဆင် ရပါလိမ့်မယ်။ ဒါဟာ တိုင်းပြည်ရဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအင်အားစုအသီးသီးက လိုလားနေကြတဲ့ လက်ငင်း တောင်းဆိုချက်သာ ဖြစ်ပါတယ်။


No comments:

Post a Comment