12.09.2009

ယာယီပတ်စပို့ မလုပ်လိုသည့် ကြက်သားစက်ရုံ အလုပ်သမားများ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၉
ဘန်ကောက်မြို အနီး လုဘူရီမြို့ ပြင်တွင် ရှိသော SAHA FRAM Co.Ltd ကြက်သား ထုတ်ထုတ်သည့် အလုပ်ရုံ တစ်ရုံတွင် ယမန်နေ့ ညက ယာယီပတ်စပို့ မလုပ် လိုသည့် မြန်မာအလုပ်သမား များနှင့် အလုပ်ထွက်လိုသည့် မြန်မာ အလုပ်သမားများကို လုပ်ငန်းရှင်က ဖမ်းဆီခိုင်းသဖြင့် ထိုင်းရဲများက ဖမ်းဆီးလိုက်သည်။
ယမန်နေ့ညနေပိုင်းက အလုပ်ရုံမှ အလုပ်သမားများက လုပ်အားခငွေများကို ထုတ်ယူပြီးနောက်၊ ယာယီပတ်စပို့ မလုပ်သည့် သူများနှင့် အလုပ်ပြောင်းလိုသူများအား လုပ်ငန်းရှင်စက်ရုံအနီး ဘောလုံးကွင်းတွင် ပိုက်များဝိုင်း၍ အကျဉ်းထောင် သဖွယ် ပြင်ဆင် ထည့်သွင်း ထားခဲ့သည်။
နံနက် (၃)နာရီ အချိန်ခန့်တွင် အမိုးအကာမရှိပဲ ပိုက်ကာရုံထားသည့် လှောင်ကွင်းအတွင်းမှ မြန်မာ အလုပ် သမား သုံးဆယ်ကျော် တို့ကို နယ်မြေခံ ထိုင်းရဲများက ကားများဖြင့် လာရောက် ဖမ်းဆီး ခေါ်ယူသွား ခဲ့သည်။ ညဘက် လုပ်သည့် မြန်မာအလုပ်သမားများ သိမြင်သွားသောကြောင့် မကျေနပ်သဖြင့် အလုပ်ရုံ ရုံးခန်း တစ်ခုအား ရိုက်ချိုး ဖျက်ဆီးခဲ့ကြသည်။
အလုပ်သမား ကိုစိုးမိုးက “ကျနော်တို့ ကိုယာယီပတ်စပို့လုပ်ရမယ်တဲ့၊ ကျနော်တို့ က မလုပ်ချင်ဘူး၊ တစ်လကို ဘတ်၁၁၀၀ စီ ရှစ်လတိတိ ဖြတ်မယ်တဲ့ ။ ဘတ်လည်းလုပ်ရမယ်တဲ့။ ကျနော်တို့ က ဘာကိုစားမလဲ၊ မလုပ်နိုင် ဘူးလို့ ပြောကြတယ်။ ပြန်တဲ့လူတွေကို ဖြောင့်ဖြောင့်ဖြူးဖြူး ပြန်ခွင့်မပြုဘူး။ ပုလိပ်ကိုခေါ်ပြီး ဖမ်းခိုင်းလိုက် ပါတယ်” ဟု ပြောသည်။
စက်ရုံအလုပ်သမား ကိုအာကာက “ကျနော်တို့ စက်ရုံမှာ ယာယီပတ်စပို့ လုပ်ခိုင်းတယ်။ လူတွေက မလုပ်လို ကြဘူး၊ ပြီးတော့ တစ်လကို လူတစ်ယောက် ၄၅၀၀ ဘတ်ပေးတယ်၊ထမင်းဟင်း မကောင်းလို့ အပြင်မှာ ၀ယ်စားရတယ်။ ဘာမှမကျန်ဘူး၊ အလုပ်ချိန်က မနက် ၆နာရီကနေ ညနေ ရှစ်နာထိ နေ့တိုင်းလုပ်ရတယ်။ အဲဒါကြောင့် လုပ်ခလစာထွက်ပြီး အခြားကို ပြောင်းကြမယ်ဆိုပြီး တိုင်ပင်ထားကြတာ။ အဲဒီလူတွေကို ဘောလုံးကွင်း ထွက်ခိုင်းပြီး တစ်ညလုံး ထိုင်ခိုင်းထားတယ်”ဟု ပြောသည်။
အဆိုပါ စက်ရုံ SAHA FRAM အသား ထုတ်လုပ်ရေး ကုမ္ပဏီ တွင် ထိုင်းသာဖြင့် ပက်ပက်၊ ကောက်ကောက် (၈၈)နှင့် (၉၉) အလုပ်ရုံဟူ၍ ရှိသည်။
ယခုပြဿနာဖြစ်သော(ပက်ပက်) အလုပ်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမား သုံးထောင်ခန့်ရှိသည်။ ကြက်၊ ၀က်များ မွေးမြူပြီး အသားထုတ်လုပ်ရုံမျှမက ငါးပုဇွန်များမွေးမြူရေး လုပ်ငန်းကိုလည်း လုပ်ကိုင်သည်။ အဆိုပါ အလုပ်ရုံသို့ အ၀င်လွယ်ကူသလောက် မိမိဆန္ဒအလျှောက် ထွက်ခွင့်မရှိပေ။
ယနေ့တွင် မြန်မာ အလုပ်သမားများ အားလုံး အလုပ်မဆင်းသဖြင့် လုပ်ငန်းရှင်က ရုံးခန်းအမှတ်(၂) သို့ ထိုင်းဘာသာစကား ကျွမ်းကျင်သည့် မြန်မာအလုပ်သမား အချို့ကို ခေါ်ယူပြီး အလုပ်ပြန်ဆင်းကြရန်နှင့် ထိုင်း အလုပ်သမားများ နည်းတူ အခွင့်အရေး ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ညက ဖမ်းဆီးခံထားရသည့် ပတ်စပို့ မလုပ်လိုသူများနှင့် အလုပ်ပြောင်းရွှေ့လိုသူများမှာ ညနေ ၆နာရီ အချိန်ထိ ပြန်လည် လွတ်မြောက် လာခြင်း မရှိသေးကြောင်း အလုပ်သမား များက ပြောသည်။
ယာယီပတ်စပို့ လုပ်ကိုင်ရမည့် လုပ်ငန်းကို သတင်းကြားကတည်းက မြန်မာ အလုပ်သမားမှာ အလွန် စိတ်ဆင်းရဲ နေကြရကြောင်း စက်ရုံ အလုပ်သမားများက ပြောကြသည်။

No comments:

Post a Comment