12.04.2009

ဘန်ကောက်မြို့ လုံခြုံရေးအတွက် နိုင်ငံခြားသားတစ်ထောင်ကျော်အား ဖမ်းဆီး

ဒီဇင်ဘာ ၎

ထိုင်းဘုရင်၏မွေးနေ့ မင်္ဂလာအား အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ဘန်ကောက်မြို့ တော်အတွင်း ရှိ နိုင်ငံခြားသားများအား စီမံချက်ချ ဖမ်းဆီးလိုက်ရာ ယမန်နေ့  တစ်နေ့တည်း လူတစ်ထောင်ကျော် ဖမ်းဆီး လိုက်ကြောင်း ထိုင်းနိုင်ငံ ရဲဗိုလ်ချုပ်ကြီး စထာချိုင်ယနွန် က ပြောဆို လိုက်ကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသော ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။

“ဘုရင်ကြီးရဲ့  သက်တော် ၈၂ ပြည့်မွေးနေ ကို အေးချမ်းစွာနဲ့ ကျင်းပနိုင်ဖို့ ၇ည်ရွယ်ပြီးတော့ နိုင်ငံခြား သားတွေကို ရှာဖွေ ဖမ်းဆီးလိုက်တာပါ၊ လုယက်မှုတို့၊ လူသတ်မှုတို့ ခိုးမှုတို့  မပေါ်ပေါက်အောင်လို့  ဘန်ကောက်မြို့  နေရာ အနှံ့ကို လိုက်ဖမ်းလိုက်တာ နိုင်ငံခြားသားပေါင်း ၁၀၈၂ ယောက် ဖမ်းဆီးလိုက် ပါတယ်။ မွေးနေ့ ပြီးရင် ဒီလူတွေကို သက်ဆိုင်ရာ နယ်စပ်တွေကို ပြန်ပို့ မှာဖြစ်ပါတယ်”ဟု ရဲဗိုလ်ချုပ်ကြီးက ထိုင်းနိုင်ငံ ရဲဌာနချုပ်တည်ရှိရာ ဖရာထိုင်း ရုံးချုပ်တွင် ပြောဆိုလိုက်သည်။

ဖမ်းဆီးခံရသူများမှာ မြန်မာ ၄၃၁ဦး ၊ ကမ္ဘောဒီယား ၃၄၁ဦး၊ လော၂၄၃ဦး၊ အိန္ဒိယ ၄၁ဦး ၊ ဗီယင်နမ်၅ဦး၊ တရုတ်၁ဦးနှင့် နိုင်ငံအတည်တကျမရှိသော နိုင်ငံခြားသား ၂၀ဦးခန့် ရှိကြောင်း ရဲဗိုလ်ချုပ်ကြီးက ဆက်လက် ပြောဆိုသွားသည်။

ဖမ်းဆီးသော နေရာများမှာ ဈေးများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များမှ အစုလိုက် အပုံလိုက် ဖမ်းဆီးခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်)ရှိသည့် မြန်မာ အလုပ်သမားများ ရာချီ၍ ပါဝင်သည်။ မိသားစုများက ရွေးထုတ်ရန်ကြိုးစားသောအခါ ဘတ်လုပ်ပေးသည့်  လုပ်ငန်းရှင်(သူဌေး) ကိုယ်တိုင် လာရောက်ထုတ်ယူမှ လွှတ်ပေးမည် ဖြစ်ကြောင်း ဗဟိုအချုပ်ကြီး အိုဒီစီ တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံ နေရာတိုင်းလိုလိုတွင် ထိုင်းရဲများ လိုက်လံဖမ်းဆီး နေသဖြင့် မြန်မာ အလုပ်သမား အများစုမှာ ကျီးလန့် စာစား စိတ်မချမ်းမြေ့ ဖြစ်နေကြကြောင်း နေရာစုံမှ ကြားသိနေရသည်။ နက်ဖြန် ဒီဇင်ဘာာလ ၅ရက်နေ့တွင် ထိုင်းဘုရင်ကြီး ဘူမိဘော အဒူရာဒက်ဂ်ျ၏ သက်တော်၈၂ နှစ် မွေးနေ့ မင်္ဂလာအဖြစ် ထိုင်းတစ်နိုင်ငံ လုံးတွင် ခြိမ့်ခြိမ့်သဲ ကျင်းပကြမည် ဖြစ်သည်။ ထိုင်းဘုရင်ကြီးကို ထိုင်းလူမျိုးတို့က လွန်စွာ အလေးထားပြီး ရိုသေကိုင်းညွတ်၊ ကိုးကွယ်ကြပါသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment