1.26.2010

အဆိပ်သင့်တောင်တန်းများအစီရင်ခံစာထုတ်ဝေ

Photobucket
Photobucket
ဇန္န၀ါရီ ၂၆

ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ယနေ့နေ့လည်ပိုင်းက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ စာတမ်းတစ်စောင်အား ပလောင်အမျိုးသမီး အစည်းအရုံးက ထုတ်ဝေလိုက်သည်။

စာမျက်နှာ ၅၆ မျက်နှာပါရှိသော အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ နိုင်ငံ၏ အရှေ့  မြောက်ပိုင်း ရှမ်းပြည်နယ် ဒေသများတွင် လွန်ခဲ့သည့် ၃နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အလျှင်အမြန် တိုးတက်များပြား လာနေကြောင်း ဖေါ်ပြထားသည်။

ပလောင်အမျိုးသမီး အစည်းအရုံး(PWO)၏ အဆိပ်သင့်တောင်တန်းများအမည်ရှိ အစီရင်ခံစာတွင် မန်တုန်နှင့် နမ့်ခမ်းမြို့ နယ်များရှိ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၅ဆမျှတိုးတက်လာပြီး ဧရိယာ ၅၄၀၀ ဟက်တာရှိကြောင်း ဖေါ်ပြထားသည်။ ဤကိန်းဂဏန်းများမှာ နှစ်စဉ် ထုန်ပြန်လေ့ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) ၏ နှစ်စဉ်ဘိန်းထုတ်လုပ်မှု စစ်တမ်းကောက်ယူမှု ခန့်မှန်းချက်ထက် လွန်စွာများပြားနေကြောင်း တွေ့ ရှိရသည်။

ပလောင်အမျိုးသမီးအစည်းအရုံး ဗဟိုကော်မီတီဝင် လိုည်းအေးနန်းက “အမျိုးသားတွေက ဘိန်းရှုတယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်၊ ကျမတို့အမျိုးသမီးအစည်းအရုံးကဘာဖြစ်လို့ ဒီအစီရင်ခံစာကို သုတေသနပြုပြီးတော့ ထုတ်ရသလဲဆိုရင်၊ အဲဒီယောက်ျားတွေဘိန်းစွဲ၊မူးယစ်ဆေးစွဲတဲ့ ဒဏ်ကိုခံရတာက အမျိုးးသမီးတွေဖြစ်တဲ့ မိခင်တွေ၊ အဒေါ်တွေ၊ အစ်မတွေ၊ ညီမတွေ၊ ဇနီးမယားတွေပဲ ခံရပါတယ်၊ ဘိန်းစွဲတဲ့လူဟာ ထမင်းဆာတာနဲ့  မတူဘူးလေ၊ အဲဒီအချိန်မှာ ဘိန်းရှုကိုရှုရမှဖြစ်တာ၊ သူတို့ ဘိန်းရှုချိန်ရောက်လို့ မရှုရရင် မိန်းမတွေကို နှိပ်စက်မယ်၊ အမျိုးမျိုးပေါ့နော်။ စကားဝိုင်းတွေ ထိုင်လိုက်တိုင်း အမျိုးသမီးတွေ ခံစားနေရတဲ့ အသံမျိုးစုံကိုပဲ ကျမတို့ ကြားသိနေရလို့ ဒီလို အစီရင်ခံစာ ထုတ်နိုင်အောင် ကြိုးစားခဲ့ကြတာပါ”ဟု ပြောသည်။ ယခုထုတ်ပြန်သော ကိန်းဂဏန်းများမှာ ဒေသတွင်း ပလောင်အမျိုးသမီး အစည်းအရုံးအဖွဲ့ ဝင်များက စနစ်တကျ မှန်မှန်ကန်ကန် အချိန်ယူပြီး စာရင်းကောက်ခံခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်ခိုင်လုံကြောင်း လိုည်းအေးနန်းက ရှင်းပြသည်။ မန်းတုန်မြို့ နယ် ကျေးရွာတစ်ရွာတွင် ဆန်းစစ်လေ့လာချက်အရ အသက် ၁၅နှစ်အထက် လူငယ်နှင့် ယောက်ျား ၈၅ ရာခိုင်နုန်းတို့ မှာ ဘိန်း(သို့ မဟုတ်)ဘိန်းဖြူ စွဲနေကြကြောင်း၊ မူးယစ်ဆေးစွဲနေသူကိုမှ မယူလျှင် အိမ်ထောင်ပြုဖက် မရှိတော့ကြောင်း၊ လူတိုင်းနီးပါး မူးယစ်ဆေးဝါး စွဲနေကြသဖြင့် ဘုန်းတော်ကြီး ကျောင်းရှိ သံဃာတော်များသာ ကျန်တော့သည်။

အစီရင်ခံစာထုတ်ဝေသည့် အခမ်းအနားတွင် ၀င်ရောက်တင်ပြသူ တစ်ဦးဖြစ်သည့် ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး သုတေသနမှူး ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ၊ ဦးခွန်ဆိုင်းက“ နအဖက သူတို့ တပ်တွေကို ထမင်းဝအောင် မကျွေးနိုင်ဘူးလေ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ ရှမ်းပြည်နယ်၊ ပလောင်ဒေသ၊ ၀ဒေသတွေမှာ ဘိန်းစိုက်ခိုင်းတယ်၊ ဆိုတော့ သူတို့လည်း အခွန်ရတယ်၊ ဒေသခံတွေလည်း မူးယစ်ဆေးဝါး စွဲသွားပြီး ဘ၀ပျက်တယ်။ ဒေသတွင်းမှာတာဝန်ကျနေတဲ့ တပ်ရင်းတပ်မတွေက အခွန်ယူထားတော့ မဖျက်ဆီးဘူး၊ အခြားကလာတဲ့ တပ်တွေကပဲ ဖျက်ဆီးတာ။ အဲဒါလည်း အယောင်ဆောင်ပါပဲ၊ နည်းနည်းပဲ ဖျက်ဆီးပြတာ။ အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမှာ တပ်ရင်း ၁၅ရင်းနဲ့အုပ်ချုပ်တယ်၊ ခု စစ်အစိုးရက တပ်ရင်း ၅၀၀ ကျော်နဲ့ အုပ်ချုပ်တယ်၊ အင်္ဂလိပ်လောက် အုပ်ချုပ်ဖို့ မတတ်တာပြနေတာပဲ၊ တပ်တွေ ရွာတိုင်းနယ်တိုင်းမှာ တိုးချဲ့ပြီး ထမင်းဝအောင် မကျွေးနိုင်ပဲ ဒေသတွင်းမှာ ကိုယ့်ဟာကိုယ် ရှာစားခိုင်းထားတော့ အကုန်လုံး ပျက်စီး ကုန်တော့တာပေါ့ ” ဟု ပြောသည်။

အာဏာပိုင်များ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်သူ့စစ်အဖွဲ့များနှင့် အစိုးရ မူးယစ်နှိမ်နင်းရေးအဖွဲ့  များက ဘိမ်းခင်းများကို သုတ်သင်ရှင်းလင်းရမည့် အစား အခွန် ကောက်ယူ၍ အကျိုးထူးများ ခံစားနေကြကြောင်း၊ ၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီအတွင်း မန်တုန်မြို့ နယ် တစ်ခုတည်း၌ပင် ကျပ် ငွေ ၃၇ သန်း (အမေရိကန်ဒေါ်လာ ၃၇,၀၀၀)ရှိကြောင်း ဖေါ်ပြထားသည်။

ပလောင်အမျိုးသမီး အစည်းအရုံး သတင်းနှင့်သုတေသနဌာန လက်ထောက်တာဝန်ခံ လိုည်းဒါင်းဇျားက “၂၀၀၆ခုနှစ်က “အဆိပ်သင့်ပန်းများ”အမည်နဲ့ စာတမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။

ခုဒုတိယအကြိမ် ထုတ်ဝေတာပါ။ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်နေတာကြောင့် ဒေသတွင်း ပြည်သူတွေမှာ အကျိုးနည်းပြီး အပြစ်များပါတယ်၊ လူငယ်တွေဟာ အနာဂတ်တွေပျောက်ပြီး မူးယစ်ဆေးဝါးတွေ စွဲသွားတာ၊ ဘ၀တွေ ပျက်စီးသွားတာ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ကုန်ဆုံးသွားတာတွေ ကို သိစေချင်တာ ပေါ့နော်”ဟု ပြောသည်။

ယခင်က ပလောင်ဒေအတွင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်(PSLA)တို့က မိမိတို့ နယ်မြေကို ထိန်းချုပ်ထားစဉ်က ပလောင်ကျေးရွာအချို့တွင် ဘိန်းစားတတ်သူ တစ်ဦးတလေသာ ရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ်အတွင်း နအဖစစ်အစိုးရက အတင်းအကျပ်ကိုင် လက်နက်ချခိုင်းခဲ့ပြီး ပြည်သူစစ်များကို အခွန်ကောက် လုပ်ခွင့်ပြုခဲ့သည်။

ပလောင်ဒေသ နန့်ဆန်မြို့တွင် တပ်မတော် လဖက်အချိုခြောက် စက်ရုံတည်ထောင် ကတည်းက၊ လဘက် ဈေးများမှာ စက်ရုံသတ်မှတ်ဈေး အတိုင်းသာ ရရှိပြီး၊ ကုန်သည်များကလည်း စစ်တပ်ကို မလွန်ဆန်နိုင်သဖြင့် လဖက်စိုက် တောင်သူများမှာ ၀မ်းစာဆန်ကိုပင် ဖုံလုံအောင် ၀ယ်မထားနိုင်ကြပေ။ နန်းဆန်တွင် အကြီးဆုံး စက်ရုံတစ်ခုဖြစ်သော အဆိုပါစက်ရုံကို စတင်တည်ထောင်ကတည်းက ဗိုလ်မှူးကြီးသန်းထွန်းက ဆက်တိုက် တာဝန်ယူလာခဲ့ပြီး ထင်သလိုစီပွားရှာ နေကြောင်း ပလောင်အမျိုးသမီး အစည်းအရုံးက ပြောသည်။

မျိုးရိုးစဉ်ဆက် လဖက်တောင်သူများအဖြစ် ရပ်တည်လာကြသော မိသားစုများမှာ လဖက်စိုက်ပျိုးရေး တစ်ခုတည်းဖြင့် ရပ်တည်၍ မရလောက်အောင် ၀င်ငွေကျဆင်းလာသဖြင့် ရှမ်းပြည်နယ်စပ်ဒေသအချို့သို့ ပလောင်လူငယ် အချို့ စီးပွားရှာ အလုပ်သွားလုပ်ကြသည်၊ ထိုမှဘိန်းစွဲ၊ မူးယစ်ဆေးစွဲ အပြင် အခြား ရောဂါများလည်း ကူးစက်လာခဲ့ကြသည်။

ဒေသတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ HIV ကဲ့သို့သော ရောဂါများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့သည်။ ဤဖြစ်စဉ်အားလုံး ပပျောက်ရေးကို နိုင်ငံတော် အစိုးရက စေတနာမှန်ကန်စွာဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှသာ လုံးဝ အောင်မြင်နိုင်ကြောင်း အပြင် မြန်မာနိုင်ငံတွင် စစ်အစိုးရအာဏာ တည်မြဲနေသ၍ မြန်မာပြည်ဒေသတွင်း ဘိန်းနှင့် မူးယစ်ဆေးဝါးများ အဆိပ်သင့်နေကြမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

No comments:

Post a Comment