1.25.2010

မဟာချိုင်တရားပွဲ ကြေညာချက်နှင့် မတူညီမှုကြောင့် ထိုင်းရဲကငွေညှစ်

Photobucket
ဇန္န၀ါရီ ၂၅

ဘန်ကောက်မြို့ အနီး မဟာချိုင်မြို့ ၊ ထိုင်းယူနစ်နစ်နယ်မြေတွင် ယမန်နေ့ က တရားပွဲ ဆင်ယင် ကျင်းခွင့်ပြုချက် ယူထားသည်နှင့် မကိုက်ညီဟူသော အကြောင်းပြချက်ဖြင့် တရားပွဲ စီစဉ်သူများထံမှ ဘတ်ငွေသောင်းချီ တောင်းခံခဲ့ ရုံသာမက တရားပွဲလာ မြန်မာအလုပ်သမားများအား နေထိုင်ခွင့် စာရွက် စာတမ်းများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

တရားပွဲ မကျင်းပမီ နိုင်ငံကျော် ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီ အောင်ခိုင်နှင့် ၀ါဝါအောင်တို့က ဓမ္မပူဇာ သီချင်းများ ပါဝင်သီဆို ဖျော်ဖြေခဲ့သည်ကို အနီးပတ်ဝန်းကျင်မှ ထိုင်းလူမျိုးအချို့ တို့ကမဟာချိုင် ရဲစခန်းသို့  တိုင်တန်းခဲ့သဖြင့် တရားပွဲကို စိတ်မချမ်းမြေ့ဘွယ် ကျင်းပခဲ့ရကြောင်း ပွဲစီစဉ်သူ ဦးတိုးက ပြောသည်။ “အစတုန်း ကတော့ ကျနော်တို့က တရားပွဲမကျင်းပမီ ဓမ္မပူဇာသီချင်းလေး တစ်ပုဒ် နှစ်ပုဒ်ဆိုမယ်ပေါ့။ ခု ဟာက ပရိသတ် တောင်းဆိုချက်အရ အခြား သီချင်းတွေကိုပါ ဆိုကြတယ်၊ ပြီးတော့ လက်ခုတ်တီး အားပေးကြတော့ တရားပွဲနဲ့ မတူတော့ သလို ဖြစ်လာတယ်။ အနီးအနားက ထိုင်းတစ်ယောက်ယောက် တိုင်လိုက်တယ်လို့ ကျနော်ထင်တယ်။ အဆိုတော်တွေကို ဖမ်းမယ်၊ တရားဟောတဲ့ ဘုန်းကြီးလည်း ကြေညာထားတဲ့ ဘုန်းကြီး မဟုတ်တာကြောင့် ဖမ်းမယ်၊ ဘာညာဆိုပြီးတော့ ခြိမ်းခြောက်တယ်၊ မကောင်းဘူးပေါ့ဗျာ၊ မဖြစ်သင့်တာတွေ ပေါ့နော်”ဟု ပြောသည်။ မဟာချိုင်နယ်မြေမှ မြန်မာအလုပ်သမား သုံးထောင်ခန့် ရောက်ရှိလာခဲ့ပြီး တရားပွဲမှာ အထူး စည်ကားခဲ့သည်။

သရုပ်ဆောင် ကိုအောင်ခိုင်က “ တကူးတက အနုပညာဖျော်ဖြေဖို့ လာတာ မဟုတ်ပါဘူး၊ ဘုန်းဘုန်းနဲ့ ဘုရားဖူး လိုက်လာတာပါ။ ကိုယ့်တိုင်းပြည်က နိုင်ငံခြားကို ရောက်နေတဲ့လူတွေက နွေးနွေးထွေးထွေး ၀မ်းပန်းတသာ မိသားစုတွေနဲ့ တွေ့ရသလိုပဲဗျာ၊ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးခင်ဗျာ၊ ခရီးသွားဟန်လွဲ တီဗွီ ကလေးနဲ့ ဓမ္မသီချင်းလေး ဆိုတာပါဗျာ”ဟု ပြောသည်။

ပွဲစဉ်သူ နောက်တစ်ဦးဖြစ်သည့် အလင်းပြကြယ်စင် စာကြည့်တိုက်မှူး ကိုလှစိုးက “တရားပွဲ မစမီ ညနေ၇နာရီ လောက်မှာ ကိုအောင်ခိုင်တို့နဲ့ အလုပ်သမားတွေ ဓါတ်ပုံရိုက်ကြတယ်၊ သူတို့ ဓမ္မပူဇာ သီချင်း ဆိုကြတယ်၊ ပြီးတော့တရားပွဲစတယ်၊ကိုအောင်ခိုင်တို့ သီချင်းဆိုတုန်း ပုလိပ်တွေ လာတယ်၊ ငွေတောင်း တယ်၊ ကျနော်တို့ မဟာချိုင် ရဲတွေကို ဘတ်ငွေ ၁၆၀၀၀ ပေးလိုက်ရတယ်။ အလုပ်သမားတွေကို ဘတ်စစ်တယ်၊ ပတ်စပို့ စစ်တယ်၊ ငွေသွင်းထားတဲ့ စာရွက်ရှိလား ကြည့်တယ်၊ တရားပွဲအပြီး၊ လူတွေ အပြန်မှာ ဘတ်စစ်တာပဲ အလှူငွေ ဘတ်ခြောက်သောင်းကျော် ခုနစ်သောင်း လောက်ရပါတယ်၊ အကုန်လုံးပဲ ဘုန်းကြီးကို အပ်လိုက်တာပါ”ဟုပြောသည်။ တရားပွဲကြေညာ စာရွက်တွင်ပါရှိသော အရှင်ဓမ္မရက္ခိမှာ အကြောင်းကြောင်းဖြင့် မကြွရောက် နိုင်ခဲ့သော်လည်း ကရင်ပြည်နယ် မှ ဘုန်းတော်ကြီး တစ်ပါး ကြွရောက် တရားချီးမြှင့်ခဲ့သည်။

အဆိုပါ တရားပွဲသို့ ကြွရောက် တရားချီးမြှင့်ခဲ့သော အရှင်ဦးတေဇက “မဟာချိုင်က အလုပ်သမ ဒါယကာ၊ ဒါယိကာမတွေ ရဲ့ သဒ္ဒါတရားနဲ့ အတူ ဘာသာတရား အပေါ်မှာ အလေးအမြတ်ပြုကြတာကို တွေ့ ရတဲ့ အတွက် အထူး ၀မ်းမြောက်ပါတယ်၊ အချိန်က ၃၀မိနစ်သာ ရတော့တဲ့အတွက် သီလပေး ရေစက်ချ ၁၅မိနစ်ဆိုတော့ တရားအတွက်က ၁၅မိနစ်သာ ကျန်တော့တဲ့အတွက် တိုတိုတုတ်တုတ်ပဲ ဟောခဲ့ရတယ်။ ဦးဇင်ချီးမြှင့်ခဲ့တဲ့ တရားတော်ကတော့ (ကုသိုလ်ရှင်များ လွန်ထူးခြား သိကြာရှိခိုးသည်) ဆိုတဲ့ တရားပါ၊ ဒီတရားက မိဘကို အလုပ်အကျွေးပြုသူတွေ၊ ဇနီးမယားကို ကောင်းမွန်စွာ လုပ်ကိုင် ကျွေးမွေး စောင့်ရှောက်တဲ့ ယောက်ျားတွေ၊ ကုသိုလ်ရှင်တွေကို နတ်တို့ သနင်း သိကြားမင်းကတောင် လေးစားပြီးတော့ ရှိခိုးတယ်ဆိုတဲ့ အကြောင်းပါ”ဟု မိန့်တော်မူသည်။

နိုင်ငံရေးနှင့် အခြားကိစ္စရပ်များကို အတွေ့ အကြုံမရှိသော်လည်း ဘာဘဲလုပ်လုပ် ညီညွတ်ကြရန် ပြည်ပရောက် တကာတကာမတို့အား မှာကြားခဲ့ကြောင်း ဦဇင်းက မိန့်တော်မူခဲ့သည်။

အနုပညာရှင်တို့ မှာလည်း အခကြေးငွေနှင့် လာရောက် ဖျော်ဖြေခြင်းမျိုး မဟုတ်ပဲ တရားပွဲကို အချီး အမြှောက် သဘောနှင့် ကိုယ့်တိုင်းပြည်မှ လူများအား တွေ့ဆုံ သွားခြင်းသာ ဖြစ်ကြောင်း တရားပွဲစီစဉ် သူများက ပြောသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment