1.03.2010

တပ်မတော်သားချင်းတော့ မတူပါလေ

ရဲဘော်ဟောင်းလှစိန်

ဇန်န၀ါရီ ၃၊ ၂၀၁၀

၂၀၀၉ ခုနှစ် ခရစ်စမတ်နေ့ မှာ သမ္မတ အိုဘားမား နဲ့ သမ္မတကတော်တို့က နိုင်ငံကို မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်း ပြောတဲ့နေရာမှာ မိသားစု နဲ့ ဝေးကွာတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တပ်မတော်သား တွေကို အဓိကထားပြီးတော့ အားပေးစကား၊ ဂုဏ်ပြုစကား၊ ကျေးဇူးစကားနဲ့ တနိုင်ငံလုံးက ဝိုင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးကြဖို့ပြောသွားပါတယ်။

အမေရိကန်သမ္မတဟာ အရွေးကောက်ခံ ပုဂ္ဂိုလ်ပါ။ စစ်တပ်က ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီးမဟုတ်ပါဘူး။ အမေရိကန် နိုင်ငံဟာလဲ ဒီမိုကရေစီနိုင်ငံပါ။ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် တပ်မတော်သား တွေကို တန်ဖိုးထားပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အသက်ကိုစွန့်ထားတဲ့လူတွေအဖြစ်နဲ့ ဂုဏ်ပြုပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ် အကိုင် အဖက်ဖက်က ဖြည့်စီးပေးပါတယ်။

မြန်မာနိုင်ငံလို စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံ အစိုးရက စစ်မှုထမ်းဟောင်းတွေကို ဘယ်လိုဖြည့်ဆီးပေးပါသလဲ။ ကျန်းမာရေးအတွက် ဘာတွေ အမှန်တကယ် တာဝန်ယူပေးသလဲ။ စစ်မှုထမ်းဟောင်းတွေ စစ်ဆေးရုံတွေမှာ ကုသခွင့်ရှိတယ်ဆိုပေမယ့် ဘယ်လောက်ဂရုစိုက်သလဲ။ မိသားစု အသုံးစရိတ်မလောက်လို့ စာအုပ်လိုက် ရောင်းနေရတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုနဲ့ဒေး၊ သူငယ်ချင်း ဗိုလ်ချုပ်တွေထံမှာ ပါမစ်လိုက်တောင်း နေရတဲ့ အရာရှိ အငြိမ်းစားတွေ ဒုနဲ့ဒေးပါ။

အဲဒါ ဘာဖြစ်လို့လဲ။ နိုင်ငံတော်အစိုးရဆိုတဲ့ လက်ရှိဗိုလ်ချုပ်ကြီးတွေကလို့ စစ်မှုထမ်းဟောင်းတွေကို တာဝန် မယူလို့ပါ။ ခေတ်စကားနဲ့ ပြောရရင် “စားပြီး နားမလည် …” လုပ်နေတာပေါ့။ တိုက်ပွဲမှာ သက်စွန့်ဆံဖျား တိုက်ခိုက် ပေးခဲ့တာတွေကို တာဝန်မယူတဲ့သဘောပါ။ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ အငြိမ်းစား ယူရင်လဲ စာအုပ်လိုက်ရောင်းတဲ့ ဘဝ၊ ပါမစ်လိုက်တောင်းတဲ့ဘဝ ကို ရောက်ကြရမှာပါ။

အမေရိကန်သမ္မတက သူရဲ့နှစ်သစ်ကူး အားလပ်ရက်မှာ စစ်တန်းလျားတွေကို သွားရောက်လည်ပတ်ပါတယ်။ ပေါ့ပေါ့ပါးပါး သာမန်ဝန်ထမ်းတစ်ယောက် အနေနဲ့ ရဲဘော်တွေ၊ အရာရှိအရာခံ အကြပ်တပ်သားတွေနဲ့ ဘားတိုက်မှာ ထမင်း အတူစားပါတယ်။ သူ့အတွက် သီးသန့် စားပွဲနဲ့ အစားအသောက်တွေ ပြင်ဆင်မပေး ရပါဘူး။ ရဲဘော်တွရေဲ့ ထမင်းဝိုင်းမှာ အတူဝင်စားရင်း လွတ်လွတ်လပ်လပ် စကားပြောဆိုကြပါတယ်။ ရဲဘော် တွေရဲ့ တကယ့်ဘဝကို ခံစားကြည့်ပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်ဗိုလ်ချုပ် တယောက်ကများ ရဲဘော်တွေနဲ့ ထမင်းတစ်ဝိုင်းထဲ စားဖူးပါသလဲ၊ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစား ကြည့်ဖူးပါသလဲ။

အမေရိကန်နိုင်ငံမှာ တပ်မတော်သားတဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင် အလောင်းကို ရတဲ့နည်းနဲ့ ယူပြီး မိသားစုဆီကို ပို့ပေးပါတယ်။ (အလောင်းမရနိုင်တော့ရင်တောင် အရိုးကို ရအောင် ပြန်ယူပါတယ်။ ဗီယက်နမ်စစ်ပွဲကို နမူနာကြည့်ပါ။) ပြီးတော့ စစ်သင်းချိုင်းမှာ တစ်ခမ်းတနား သင်ဂြိုလ်ပါတယ်။ သမ္မတ ကိုယ်တိုင်က လက်မှတ်ရေးထိုးပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပါတယ်။ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာ နိုင်ငံမှာ ဘယ်လိုဆက်ဆံခံရသလဲ ဆိုတာ လက်ရှိဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင် အသိဆုံးပါ။ တပ်ရေး ဗိုလ်ကြီး၊ တပ်ရင်းမှူးဇနီး (အလွန်ဆုံးပေါ့) လာပြီးအကြောင်းကြား၊ ဝမ်းနည်းကြောင်းပြော၊ ရက်လည်ပြီးတာနဲ့ တပ်ကထွက်ပေတော့ ပြီးရင် အဆင်ပြေသလို ကြည့်နေပေတော့။

ဒီလောက်ဆိုရင် ဒီမိုကရေစီနိုင်ငံက တပ်မတော်သားတယောက်ရဲ့ဘဝနဲ့ စစ်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံက တပ်မတော်သားတယောက်ရဲ့ ဘဝ အကြမ်းဖျင်းလောက်တော့ မှန်းလို့ရပါပြီ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓက "သူဟာ လမ်းပဲ ညွှန်ပေးလို့ရတယ် ကိုယ့်ဟာကိုယ်ကြိုးစားရမှာ" လို့ ပြောခဲ့သလို ခရစ်ယာန်ဘာသာမှာလဲ ဘုရားသခင် ဆီချည်းကပ်မှ ဘုရားသခင်က ကယ်တင်ပေးနိုင်တယ် လို့ ဆိုပါတယ်။ (မူဆလင်ဘာသာမှာလဲ ဒီအတိုင်း ဆင်ဆင်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။) လက်ရှိတပ်မတော်သားတွေ အနေနဲ့ တပ်က အငြိမ်းစားယူပြီးရင် စာအုပ်ရောင်းစားချင်သလား၊ အပတ်စဉ်အတူတူ သူငယ်ချင်းတွေဆီမှာ ပါမစ်လိုက်တောင်းမလား။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဆင်ပြေပြေနေချင်သလား စဉ်းစားကြပါ။ တိုက်ပွဲမှာ အသက်ပေးခဲ့ရရင်လဲ မိသားစုကို ဘယ်လိုထားခဲ့ချင်သလဲ၊ သမ္မတကိုယ်တိုင်က ဂုဏ်ပြုတာကို ခံချင်သလား၊ တပ်ရေးဗိုလ်ကြီးကလာ အကြောင်းကြားပြီး ပြီးသွားတာကို လိုချင်သလား။ လိုချင်တဲ့ ဘဝကို ကြိုးစားမှ၊ လိုချင်တဲ့ဘက်ကို ချဉ်းကပ်ရမှာကတော့ လက်ရှိရဲဘော်တို့ရဲ့တာဝန်ပါပဲ။

No comments:

Post a Comment