1.27.2010

ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သတင်းစာများစွပ်စွဲရေးသား

Photobucket
ရန်ကုန် ၊ ဇန်နဝါရီ ၂၇။

မနေ့က မနက်စောစောပိုင်းတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရှိနေရာ နှစ်ခုတွင် အချိန်အနည်းငယ်ကွာ၍ ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့ကြောင်းနှင့် ထိုလုပ်ရပ်သည် KNU တပ်မဟာ၃၏ လုပ်ရပ်ဖြစ်ကြောင်း စစ်အုပ်စု၏ သတင်းစာများက စွပ်စွဲရေးသားခဲ့ပါသည်။
ပေါက်ကွဲမှု ဖြစ်ပွါးချိန်မှာ လူသွားလူလာ မရှိသေးသည့် အချိန်ဖြစ်၍ သေဆုံးမှု မရှိပဲ အဆောက်အဦးများ၏ ခြံစည်းရိုးနှင့် ပြူတင်းပေါက် အချို့သာပျက်စီးမူဖြစ်ခဲ့ရသည်ဟု ထိုသတင်းတွင် ရေးသား ဖေါ်ပြခဲ့ပါသည်။ ထိုသတင်းကို စစ်အုပ်စု၏ အာဘော်ကိုသာ ဖေါ်ပြခွင့်ရှိသော ပြည်တွင်းထုတ် သတင်းစာ ၃စောင်လုံးတွင် ဖေါ်ပြခဲ့ပါသည်။
ထို့အတူ ပြီးခဲ့သော ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ကရင်ပြည်နယ် ဖါပွန်မြို့နယ်တွင် ကရင်နှစ်သစ်ကူး နေ့က ဖြစ်ပွါးခဲ့သည့် လူ၇ဦးသေပြီး ၁၁ယောက် ဒဏ်ရာရခဲ့သည့် ဗုံးဖေါက်ခွဲမှုကိုလည်း KNU တပ်မဟာ ၅ လက်အောက်ခံ အဖွဲ့တခုက ပြုလုပ်ခဲ့သည်ဟု ထပ်မံစွပ်စွဲသွား ခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
ထိုနှစ်သစ်ကူးနေ့ ဗုံးဖေါက်ခွဲမှုကို မပြုလုပ်ခဲ့ကြောင်းကို KNU တပ်မဟာ၅က ခိုင်လုံသော အထောက်အထားများဖြင့် ငြင်းဆိုချက် ထုတ်ပြန်ခဲ့သလို စစ်တပ်မှ ထွက်ပြေးလာခဲ့သူများက ထိုလုပ်ရပ်မှာ တမင်ကြိုတင် ကြံစည်လုပ်ကိုင်ခဲ့သော နအဖ၏ လုပ်ရပ်သာ ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ကြပါသည်။
ထိုထုတ်ဖေါ်ပြောဆိုချက်များကို ဤ ဘလော့မှ တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မဖတ်ရှုရသေး သူများ အနေဖြင့် ပြန်လည်ဖတ်ရှုနိုင်ရန် ထပ်မံတင်ပြ ပေးလိုက်ပါသည်။
Saffron News Letter

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၅) ဌာနချုပ်မှ
ဖာပွန်မြို့သူ မြို့သားများနှင့် ပြည်သူလူထု အားလုံးထံသို့ အသိပေးထုတ်ပြန်ချက်
နေ့စွဲ၊ ဇန်န၀ါရီလ (၃) ရက်နေ့၊ ၂၀၁၀ ခုနှစ်

သို့

ဖာပွန်မြို့သူ မြို့သားများနှင့် ပြည်သူလူထုများ အားလုံးသို့

ဖာပွန်မြို့တွင် ကျင်းပပြုလုပ်သည့် (၂၇၄၉) ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် ဗုံးဖောက်ခွဲသည့် လုပ်ရပ်ကို ဖာပွန်မြို့ အခြေစိုက် နအဖ (စစ်ဗျူဟာ) သည် တပ်မဟာ(၅)မှ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲလိုက်သည့်အပေါ် မိမိတို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၅)မှ လုပ်ဆောင်ခဲ့ခြင်း လုံးဝ မဟုတ်ကြောင်း စိတ်ရင်းဆန္ဒမှန်ဖြင့် အောက်ပါအတိုင်း အသိပေး ထုတ်ပြန်လိုက်ပါသည်။

(၁၆-၁၂-၂၀၀၉) ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ည အခမ်းအနားတွင် မိုင်းဗုံးပေါက်ကွဲခဲ့ပြီး မြို့သူမြို့သား များစွာ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရသည့် အဖြစ်အပျက်တွင် ဖာပွန်အခြေစိုက် နအဖ စဗဟ (၁) စစ်ဗျူဟာမှူးမှ စာစောင်၊ သတင်းဌာနများမှတဆင့် ထိုအဖြစ်အပျက် လုပ်ရပ်ကို ကေအဲန်အယ်အေ တပ်မဟာ(၅)မှ လုပ်ဆောင်ခဲ့သည်ဟု ပြည်သူများ၏ လက်မှတ်နှင့်တကွ ဖော်ပြရေးသားခဲ့ပါသည်။

ထို့အတွက်ကြောင့် ၎င်းမိုင်းပေါက်ကွဲခဲ့ရသည့် (၁၆ – ၁၂ – ၂၀၀၉) ရက်နေ့ည၏ အခြေအနေများကို ဖာပွန် မြို့သူ မြို့သားများနှင့် ပြည်သူလူထုများ အားလုံးထံသို့ အသိပေး တင်ပြလိုသည်မှာ ထိုဖောက်ခွဲမှု ဖြစ်ရပ်သည် ကျွန်ုပ်တို့ ကေအဲန်ယူ – ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) ၏ အစီအစဉ် လုံးဝ မဟုတ်ပါကြောင်း အသိပေး ပြောကြားလိုပါသည်။ ကေအဲန်ယူ တပ်မဟာ (၅) သည် ကရင်တမျိုးသားလုံး၏ အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရန် တော်လှန်တိုက်ပွဲဆင်နွဲသည့် အစည်းအရုံး ဖြစ်သည့်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကျင်းပသည့် အစီအစဉ်အား မည်သည့် အဖွဲ့အစည်း၊ မည်သည့် နေရာဒေသ၌မဆို ကျင်းပပြုလုပ်ခြင်းကို ကြိုဆို လက်ခံပါသည်။ အကြောင်းရင်းမှာ ကရင်နှစ်သစ်ကူးနေ့သည် ကရင်အမျိုးသား အားလုံးတို့၏ စည်းလုံးညီညွတ်မှု နှင့် နိုင်ငံရေးအရ အမျိုးသားရေးအရ မျက်စိပွင့်နားပွင့်စေသော အလွန်အရေးကြီးသည့် နေ့ထူးနေ့မြတ် ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေပြီး ပြည်သူများအပေါ် ထိခိုက်နာကျင်စေမှုနှင့် ရိုင်းစိုင်းသည့် လုပ်ရပ်တို့သည် ကျွန်ုပ်တို့ ကေအဲန်ယူ တပ်မဟာ (၅) ၏ အစီအစဉ် လုံးဝ မဟုတ်ပါကြောင်း ဖာပွန် မြို့သူ မြို့သားများနှင့် ပြည်သူများ အားလုံးထံသို့ အသိပေးလိုပါသည်။

ယခု အဖြစ်အပျက်နှင့် ပတ်သက်၍ ဖာပွန်အခြေစိုက် နအဖ စစ်ဗျူဟာမှ ကေအဲန်ယူ တပ်မဟာ (၅) အပေါ် စွပ်စွဲရခြင်းမှာ ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအရ အမျိုးသားရေးအရ စည်းလုံးညီညွတ်မှုအပေါ် မနာလို မရှုစိမ့်၍ သော်လည်းကောင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပခဲ့သည့် အစီအစဉ်အား မနာလို၍ သော်လည်းကောင်း၊ ကေအဲန်ယူ တပ်မဟာ (၅) နှင့် ပြည်သူတို့အကြား နားလည်မှု လွဲမှားစေလို၍သာ ဖြစ်သည်။

ထိုဖြစ်စဉ်အပေါ် ဖာပွန်မြို့ခံ တချို့မှ ပါဝင်လက်မှတ်ရေးထိုးပြီး ကေအဲန်ယူ တပ်မဟာ (၅) အား ဝေဖန်ရှုပ်ချသည့် ပြည်သူအချို့သည် ဖာပွန်မြို့ အခြေစိုက် နအဖ အုပ်ချုပ်မှုအောက်တွင် စိုးရိမ်ကြောက်ရွံ့မှု ဖိနှိပ်မှုများဖြင့် နေထိုင်ကြရသည့်အတွက် ကြောက်ရွံ့မှု အောက်မှနေ၍ ထိုကဲ့သို့ ပါဝင် လက်မှတ်ရေးထိုးခဲ့ရခြင်းကို မိမိတို့အနေဖြင့် နားလည်သဘောပေါက် ပါသည်။
(၁၆ – ၁၂ -၂၀၀၉) ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ညတွင် ဗုံးဖောက်ခွဲသည့် ဖြစ်ရပ်အပေါ် ပြည်သူလူထုများထံသို့ ထပ်မံ၍ အသိပေးလိုသည်မှာ ထိုဗုံးဖောက်ခွဲမှုသည် ဖာပွန် အခြေစိုက် နအဖ စစ်ဗျူဟာ၏ အစီအစဉ်သာ ဖြစ်ပါသည်။ အကြောင်းရင်းမှာ နအဖသည် ကေအဲန်ယူ အစည်းအရုံးအား ကျဆုံးစေရန်နှင့် ကရင်တမျိုးသားလုံး ပြိုကွဲပျက်စီးစေရန် အစဉ်တစိုက် အမြဲတမ်း တစိုက်မတ်မတ် စီစဉ်လုပ်ဆောင်နေသည့်အပြင် ကေအဲန်ယူ တပ်မဟာ (၅) ကိုလည်း အပြုတ်တိုက် သွားရန်အတွက် ကြီးမားသည့် အစီအစဉ်များကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိနေသည့်အတွက် ဖြစ်သည်။

ထို့အတွက်ကြောင့် ကေအဲန်ယူ တပ်မဟာ (၅) အား အပြုတ်တိုက်သွားနိုင်ရန် ပထမအဆင့် အနေဖြင့် မိမိတို့နှင့် ပြည်သူများအကြား နားလည်မှု လွဲမှားစေရန်နှင့် ပြည်သူများမှ အားပေးထောက်ခံမှု ကျဆင်းစေရန်အတွက် ဖာပွန်မြို့ အခြေစိုက် နအဖ စစ်ဗျူဟာ မှ စီစဉ်လုပ်ဆောင်သည့် ရိုင်းစိုင်း လူမဆန်သော စီမံဆောင်ရွက်ချက်သာ ဖြစ်သည်။

ဤ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မိမိတို့မှ စုံစမ်းရရှိခဲ့သည့် တိကျခိုင်လုံသော သတင်းအချက်အလက်များကို ပြည်သူများထံ အသိပေးလိုသည်မှာ -

(၁) ဤ ကရင်နှစ်သစ်ကူးနေ့ ကျင်းပနိုင်ရန်အတွက် စစ်ဗျူဟာမှူးအား သွားရောက်၍ အခမ်းအနားပြုလုပ်နိုင်ရန် ခွင့်ပန်စဉ် စစ်ဗျူဟာမှူးမှ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပဖို့ မလိုကြောင်း၊ ကျင်းပပြုလုပ်ခဲ့ပါကလည်း မိမိတို့ အနေဖြင့် လုံခြုံရေး တာဝန်ကို လုံးဝ တာဝန်ယူပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

(၂) ယခင်ကာလတွင် ကျင်းပပြုလုပ်ခဲ့သော နေ့ကြီး ရက်ကြီး ပွဲနေပွဲထိုင် အခမ်းအနားများတွင် နအဖ စစ်သားများဖြစ်စေ ဒီကေဘီအေ ရဲဘော်များဖြစ်စေ အမြဲတမ်း ပါဝင်ဆင်နွဲခဲ့သည်ကို တွေ့ရလေ့ရှိသည်။ ယခု ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင်မူ တဦးတယောက်မှ လာရောက်ခြင်း မရှိသည်ကို တွေ့ရသည်။ အကြောင်းရင်းမှာ ၎င်းတို့သည် ပွဲတော်အတွင်း မကောင်းမှုကို လုပ်ဆောင်ရန်အတွက် ကြံစည်ဆောင်ရွက်ရန် အစီအစဉ် ရှိနေသည့်အတွက်ကြောင့် ဖြစ်သည်။

(၃) ဗုံးပေါက်ကွဲမှု ဖြစ်သည့်အချိန်တွင် အနီးအနားရှိ နအဖစစ်သားနှင့် ဒီကေဘီအေ ရဲဘော်တို့မှ ပွဲခင်းနှင့် ဆေးရုံဝင်းအတွင်း ထပ်မံ၍ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများ ထပ်မံ၍ သေဆုံးဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

(၄) ဗုံးပေါက်ကွဲခဲ့ပြီးနောက် ပွဲတော်ကျင်းပသည့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ နအဖ စစ်ဗျူဟာမှူးထံသို့ အသိပေး အကြောင်းကြားသော်လည်း နအဖ နှင့် ဒီကေဘီအေ တို့မှ ချက်ချင်း အရေးယူ ဆောင်ရွက်ပေးခဲ့မှု မရှိပါ။

(၅) ယခင် ကာလများတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် မည်သည့်ဖြစ်စဉ်မဆို ၎င်းတို့မှ ချက်ခြင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိပြီး နေအိမ်များအတွင်းထိ လိုက်လံမွှေနှောက် ရှာဖွေခြင်း ပြုလုပ်ခဲ့သည့်အပြင် မြို့တွင်း ၀င်ထွက်သွားလာနိုင်သည့် လမ်းမကြီးများအား ပိတ်ဆို့၍ စစ်ဆေးမေးမြန်းမှုများကို တင်းကြပ်စွာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ယခု ဖြစ်စဉ်တွင်မူ မည်သည့် ဆောင်ရွက်ခဲ့မှုမျိုးမှ မပြုလုပ်ခဲ့သည်ကို ထူးခြားစွာ တွေ့ရသည်။

(၆) ယခုဖြစ်စဉ်တွင် တွေ့ရသည်မှာ ဗုံးပေါက်ကွဲပြီးသည်နှင့် တပြိုင်နက်ထဲ ပွဲခင်းနှင့် ဆေးရုံဝင်း အတွင်သို့ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းအပြင် တပြိုင်နက်တည်း မဟုတ်မမှန်သော စွပ်စွဲချက်များနှင့်အတူ သတင်းအချက်အလက်များကို ချက်ခြင်းဆိုသလို ဖာပွန်မြို့နေ ပြည်သူများနှင့် တောင်ပေါ်နေ လူထုများထံသို့ ထုတ်ပြန်ဖြန့်ဝေခဲ့ခြင်းကို တွေ့ရသည့်အတွက် နအဖ သည် ယခုကဲ့သို့ ဖြစ်ပေါ်စေရန် အစီအစဉ်ရှိရှိ ကြိုတင်ဆောင်ရွက် ထားသည်မှာ ပေါ်လွင်ပါသည်။

မှတ်ချက်-

(၁) ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်ုပ်တို့မှ ပြည်သူလူထုများထံ ရှင်းလင်းတင်ပြမှု နောက်ကျရခြင်းမှာ ပြည်သူများနှင့် အဖွဲ့အစည်း အသီးသီး အကြား နားလည်မှု မလွဲမှား စေရန်နှင့် တဖက်သားအပေါ် မမှန်ကန်သော စွပ်စွဲမှုမျိုး မဖြစ်စေရန်၊ မမှန်ကန်သည့် သတင်း အချက်အလက် အကြောင်းရာများအား မဖြန့်ဝေ မိစေရန်တို့ကို ရည်ရွယ်ပြီး တိကျ သေချာ ခိုင်လုံသည့် သတင်းအချက်အလက်များ စုံစမ်းရှာဖွေပြီးမှသာ ထုတ်ပြန် အသိပေးရသည့်အတွက် နောက်ကျရခြင်း ဖြစ်ပါသည်။

(၂) ကျွန်ုပ်တို့တွင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရရှိခဲ့သည့် ခိုင်လုံတိကျသော သတင်း အချက်အလက် များစွာ ရှိနေပါသည်။ တချို့ သတင်းအချက်အလက်များကိုမူ ယခု အသိပေးစာ နှင့်အတူ ထုတ်ဖော်ခြင်း မပြုလုပ်ခဲ့ပါ။ အကြောင်းရင်းမှာ ဖော်ပြခဲ့ပါက ကျွန်ုပ်တို့အား သတင်းအချက်အလက်မှန်များ ပေးပို့ခဲ့သည့် ဖာပွန်မြို့သူ မြို့သား အချို့၏ အသက်လုံခြုံရေးအား စိုးရိမ်ရသည့်အတွက် ရရှိသည့် သတင်းအားလုံးကို မထုတ်ပြန်ရခြင်း ဖြစ်သည်။

တပ်မဟာ(၅)ဌာနချုပ်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ကော်သူးလေ

ဖာပွန်ဗုံးဖောက်မှုကို နအဖ၏ လက်ချက်ဟု နအဖ စစ်ပြေးမှ ထုတ်ဖော်ပြောဆို
mgsoe

နအဖတပ်သား မောင်စိုး အပြည်အစုံ ဖတ်ရန် .....


No comments:

Post a Comment