1.14.2010

NLD က အလုပ်အမှုဆောင် တိုးချဲ့သည့် စာရင်းကို ယနေ့ ထုတ်ပြန်ကြေငြာ

Photobucket
ပြည်တွင်း အဓိက အတိုက်အခံပါတီဖြစ်သည့် NLD ပါတီက သူတို့ အသစ် တိုးချဲ့လိုက်သော CEC စာရင်ကို ယနေ့ နေ့ခင်းပိုင်းက ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ထိုသို့ အသစ်တိုးချဲ့ခဲ့သော စာရင်းတွင် CEC အသစ် ၉ဦး ပါဝင်ခဲ့ပြီး ယခင်ပါတီ ဥက္ကဌဟောင်း ဖြစ်သူ အသက် ၉၂နှစ်ရှိပြီ ဖြစ်သူ ဦးအောင်ရွှေမှာ ဥက္ကဌအဖြစ် ဆက်လက်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပြီး ဦးလွင်နှင့် ဦးလွန်းတင် တို့လည်း CEC အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်နေဆဲ ဖြစ်ပါသည်။
CEC အဖွဲ့ဝင်များအဖြစ် အသစ် ရွေးချယ်ခံရသူ အားလုံးမှာ ၁၉၉၀ ရွေးကောက်ပွဲက ရွေးချယ်ခံခဲ့ရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြပြီး ထိုသူများမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် တကြီမ် သို့ ထိုထက်မက ဖမ်းဆီးခြင်း ခံခဲ့ရသူများ ဖြစ်ပါသည်။
ထိုသို့ ရွေးချယ်ခံရသူများတွင် ဆရာဝန် သုံးယောက်နှင့် ရှေ့နေ ၄ယောက်ပါဝင်ခဲ့ပြီး ထိုရှေ့နေများတွင် NLD ၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ထင်ရှားသူ ဦးဥာဏ်ဝင်းလဲ ပါဝင်ပါသည်။ ရွေးချယ်ခံ ခဲ့ရသော ဆရာဝန် သုံးယောက် တွင် ဒေါက်တာသန်းငြိမ်းနှင့် NLD အမျိုးသမီး အဖွဲ့၏ ထင်ရှားသည့် ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မေဝင်းမြင့်တို့လည်း ပါဝင်ပြီး ၄င်းတို့ နှစ်ဦး စလုံးမှာ ပြီးခဲ့သော ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က မှ ထောင်ထဲတွင် ၁၁နှစ်ကျော်ကြာ နေထိုင်ခဲ့ရပြီး လွတ်မြောက် လာခဲ့ကြသူများ ဖြစ်ပါသည်။

ယခုလ ၁၁ ရက်နေ့က တိုးချဲ့ခဲ့သော CEC စာရင်းကို နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံချိန်တွင် တင်ပြ၍ အတည်ပြုချက် ရယူခဲ့ပြီး ဖြစ်သည်ဟု NLD ၏ ပြောရေးဆိုခွင့် ရှိသူဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
၂၀၀၉ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရေးသားခဲ့သော စာတွင် သူမအား NLD ၏ CEC ညီလာခံ ပြုလုပ်ခွင့်နှင့် တက်ရောက်ခွင့်ကို တောင်းခံထားခဲ့သော်လည်း ထိုကိစ္စနှင့် ပါတ်သက်ပြီး တစုံတရာ တုန့်ပြန်မှု မရရှိခဲ့ပါ။
NLD ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက အင်တာဗျူး တခုတွင် ပြောပြခဲ့ရာတွင် ယခုကဲ့သို့ အလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ခဲ့ခြင်းမှာ ၂၁၀၀ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင် အားဖြည့် ခြင်းမျိုး မဟုတ်ပဲ NLD အနေဖြင့် စစ်မှန်၍ အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်နှင့် ဒီမို ကရေစီ အခြေခံများ ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲမှုများကို မျှော်လင့် နေကြောင်း ပြောပြသွားခဲ့ပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment