2.04.2010

ကရင်အမျိုးသမီးအစည်းအရုံးက ဒုက္ခသည်များအား ပြန်မပို့ရန် တောင်းဆို

Photobucket
Photobucket

ဖေဖေါ်ဝါရီ ၄ ဘန်ကောက်မြို ၊
ထိုင်းစေတနာ့ ၀န်ထမ်းများ အစည်းအဝေးခန်းမ သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသမီး အစည်းအရုံးက ကရင်စစ်ပြေး ဒုက္ခသည်များအား ပြန်မပို့ရန် ယနေ့ နေ့လည်ပိုင်းက မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။
ထိုင်းလူ့အခွင့်အရေးနှင့် ရွေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီဝင် ၊ ထိုင်းရှေ့ နေများကောင်စီ သဘာပတိ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Surapong Kongchantuk နှင့် အတူ ကရင်အမျိုးသမီး အစည်းအရုံးက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

Mr. Surapong Kongchantuk က“ထိုင်းအစိုးရအနေနဲ့  ပစ္စလက်ခတ်လုပ်မယ်လို့တော့ မထင်ပါဘူး၊ ဒီမှာ ကြည့်လေ။ ပြည်တွင်းစစ်ကြောင့် ဒုက္ခ ရောက်နေကြတာ၊ မြေမြှုပ်ဗုံးတွေကြောင့် ခြေပြတ်၊ လက်ပြတ်ဖြစ်နေတာ၊ နေစရာမရှိ၊ စားစရာမရှိ၊ ဘာဆို၊ ဘာမှ အာမခံချက်မရှိ ဖြစ်နေကြတာ၊ ဒီလူတွေကို ပြန်မပို့ သင့်သေးဘူးလို့ ကျနော်တို့ပြောချင်တယ်” ဟု ဓါတ်ပုံကားချပ်ကြီးများကို လက်တွင်ကိုင်ဆောင်ပြီး ရှင်းလင်းပြောဆိုသွားသည်။
ဘန်ကောက်အခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများ ထိုင်းသတင်းဌာများနှင့် မြန်မာသတင်းဌာနတို့ အပါအ၀င် ထိုင်းလူမှုရေး အသင်းအဖွဲ့ များနှင့် သံရုံးအချို့မှ ပုဂ္ဂိုလ် များတက်ရောက်ခဲ့ကြသည်။
ကရင်အမျိုးသမီး အစည်းအရုံး တွဲဘက်အတွင်းရေးမှူး၁ ဒေါ်ဘလိုမင်နိုက်ဇန်(blooming night zan) က “စစ်ကြောင့် ထွက်ပြေးလာတာက ၁၂၀၀ ကျော်ရှိတယ်၊ ဒါပေမယ့် အိမ်ထောင်စု ၃၅စုကို သူတို့ ရွေးလိုက်တာက လူဦးရေး၁၆၀ ကျော်တယ်၊ ဒီလူတွေကို နက်ဖြန် ပြန်ပို့မယ်လို့တော့ ပြောထားတယ်၊ ဒါပေမယ့် ကျမတို့က ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံလာတာ နှစ် ၃၀ရှိပြီ၊ ခု ပြန်ပို့မယ်ဆိုတဲ့ ဒုက္ခသည်တွေကို လက်ခံထားတာတောင်မှ ဂလရှိပြီ၊ ဒီလူတွေကို ပြန်ပို့ရင် သေတွင်းကို ပြန်ပို့တာနဲ့ အတူတူပဲ၊ ဒီလူတွေကို ဒေသတွင်း လုံခြုံအေးချမ်းတဲ့ အခါမှပဲ ပို့သင့်ပါတယ်၊ ထိုင်းမှာ လက်မခံထားချင်ရင်လည်း အခြားနိုင်ငံတခုခုသို့ပဲ ပို့သင့်ပါတယ်၊ ဘာကြောင်လဲဆိုတော့ နယ်မြေမှာ နအဖရဲ့ မတရား သတ်ဖြတ်မှုက အရမ်းကြီးမားနေလို့ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။
နယ်စပ်ဒေသ အခြေစိုက် စစ်တိုင်းမှူးက ပြန်ပို့ရန် အမိန့်ထုတ်ပြန်ခြင်းကို ထိုင်းဗဟို အစိုးရနှင့် ၀န်ကြီးချုပ်တို့ သိချင်မှ သိမည်ဖြစ်ကြောင်း မိမိတို့ အနေဖြင့် နိုင်ငံတကာ မိသားစုတို့ မျက်စိ အစုံအလင်တည်ရှိရာ ထိုင်းအစိုးရအနေဖြင့် ပြန်လည်ပို့ ဆောင်မည် မဟုတ်ဟု မျှော်လင့်ကြောင်း သူမက ဆက်လက် ပြောဆို သွားသည်။
ထိုင်းလူ့အခွင့်အရေး အဖွဲ့မှ ရှေ့နေနှင့် ကရင်အမျိုးသမီး အစည်းအရုံးတို့က ကရင်ပြည်နယ် အတွင်း မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ သတ်ဖြတ်မှုများအပြင် မြေမြုတ်မိုင်းနင်းမိသဖြင့် ခြေပြတ်၊ လက်ပြတ်၊ ဒဏ်ရာရဓါတ်ပုံများ နှင့် ဗွီဒီယို ဆလိုက်ရှိုးများ ပြသလျှက် သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားခဲ့သည်။

No comments:

Post a Comment