2.11.2010

တစည က ရွေးကောက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေပြီဟုပြော

ရန်ကုန် ။ ဖေဖေါ်ဝါရီ ၁၁။
မဆလ တဖြစ်လဲ တစညပါတီ၏ ဥက္ကဌ စစ်ဗိုလ်ချုပ်ဟောင်း ဦးထွန်းရီက မနက်ဖြန် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက် ပြုလုပ်သည့် တစည ပါတီဝင် ၆၀၀ ခန့် တက်ရောက်သော အခမ်းအနားတွင် တစည ပါတီ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် အဆင်သင့် ဖြစ်နေပြီဟု ပြောသွားခဲ့ပါသည်။
ဦးထွန်းရီက ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံပြီး ပြုလုပ်မည့် ထိုရွေးကောက်ပွဲသည် အေးချမ်း သာယာပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဖေါ်ဆောင်နိုင်လိမ့်မည် ဟု ပြောသွားခဲ့သည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင်မည် မပါဝင်မည်ကို ယခုအထိ မဆုံးဖြတ်ရသေးသော်လည်း သူတို့ပါတီ အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သလို အနိုင်ရအောင်လည်း ပြင်ဆင် ထားပြီး ဖြစ်သည်ဟု ဆိုပါသည်။
မစလ လက်ထက်က ကုန်သွယ်ရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သူ တစည ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက လည်း တစည အနေနှင့် ပြည်သူ့လွှတ်တော် အမတ် နေရာ ၃၀၀ အနက် ၁၈၀ နေရာနှင့် အမျိုးသားလွှတ်တော် အတွက် ၁၆၈ နေရာ တွင် နေရာများစွာကို ရရှိနိုင်မည် ဖြစ်သည်ဟု ပြောပါသည်။
တစည တွင် လက်ရှိပါတီဝင် အင်အား ၅သိန်း ရှိနေပြီ ဖြစ်ပြီး အားပေး ထောက်ခံသူပေါင်း သုံးသန်းမှ လေးသန်းအထိ ရှိနေပြီ ဟု ဆိုပါသည်။
နာဂစ် အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အရ ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာ ၄၄၀ တွင် ရွေးချယ်တင်မြှောက်ခြင်းခံရမည့် အမတ်နေရာရာမှာ ၃၃၀ ဖြစ်ပြီး ကျန် ၁၁၀ ကို စစ်တပ်မှ ရွေးချယ် ပေးသူများက အလိုအလျှောက် ပါဝင်ခွင့် ရမည် ဖြစ်သည်။ ထို့အတူ အမျိုးသား လွတ်တော်၏ အမတ်နေရာ ၂၂၄ နေရာမှ ၁၆၈ နေရာကို ရွေးချယ်တင်မြှောက်ခံရသူ ကိုယ်စားလှယ်များက ရမည် ဖြစ်ပြီး ၅၆ နေရာကိုမူ စစ်တပ်မှ ရွေးချယ်ပေးမည်ဖြစ်သည်။
လက်ရှိ အခြေအနေအရ ပြည်တွင်းတွင် NLD ပြီးလျှင် တစည ပါတီမှာ အင်အား အကြီးမားဆုံး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခဲ့သော မဲအရေအတွက် ၂၀.၈ သန်းတွင် NLD ပါတီက မဲအရေ အတွက် ၇.၉ သန်းရရှိကာ မဲဆန္ဒနယ်မြေ ၄၈၅ နယ်မြေ အနက် ၃၉၂ နယ်မြေတွင် အနိုင်ရခဲ့ပြီး၊ တစည ပါတီက မဲအရေ အတွက် ၂.၈ သန်းနှင့် မဲဆန္ဒနယ်မြေ ၁၂ နေရာတွင် အနိုင်ရခဲ့ပါသည်။
မဆလ တဖြစ်လဲ တစည ပါတီက ဤကဲသို့ ပြောဆိုနေသော်လည်း၊ NLD အပါအဝင် အတိုက်အခံများ ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့ အစည်းများက နာဂစ် အခြေခံဥပဒေ အရ ရွေးကောက်ပွဲကို ပြုလုပ်လျှင် အလုံးစုံပျက်စီးရေး၊ ထိပ်တိုက် ရင်ဆိုင်ရေးတို့သာ ဖြစ်လာနိုင်မည်ဟု ယုံကြည်နေကြပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုသာ တောင်းဆိုနေကြပါသည်။
မနက်ဖြန် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို NLD ပါတီက ကျင်းပ ပြုလုပ်မည်ဟုလည်း သိရပါသည်။
ပြည်တွင်း သတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment