2.13.2010

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အတိုင်း ဒီမိုကရေစီရေး ဆက်လက်ဆောင်ရွက် သွားမည်ဟုပြော

Photobucket
ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၃။
မြန်မာ့တပ်မတော်၏ ဗိုလ်ချုပ်ကြီးဟောင်းနှင့် NLD ၏ ဒုဥက္ကဌ ဖြစ်သူ ဦးတင်ဦးသည် ယနေ့ ညနေပိုင်းက နေအိမ် အကျယ်ချုပ် ကျခံနေရရာမှ ပြန်လည် လွတ်မြောက်လာခဲ့ပြီးနောက် သတင်းထောက်များ၏ မေးမြန်း ချက်များကို ဖြေကြားရာတွင် ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။
နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းထောင်တို့တွင် ခုနှစ်နီးပါးခန့် နေခဲ့ရသူ ယခု အသက် ၈၃နှစ် ရှိပြီ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းနှင့် NLD ၏ ဒုဥက္ကဌ ဖြစ်သူ သူရ ဦးတင်ဦးသည် ယနေ့ည ၈နာရီ ၃၀ က နေအိမ် အကျယ် ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါသည်။
၁၉၆၄ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လွတ်မြောက်လာပြီးသည့်နောက် NLD ၏ ဒုဥက္ကဌ တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမည်ဟု ပြောဆိုခဲ့သလို လက်ရှိနေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ်သော မြန်မာ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဟု ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။
၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည်ဟု နအဖက ကြေငြာထားခဲ့သော ရွေးကောက်ပွဲနှင့် ပါတ်သက်သော သဘော ထားကို သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာတွင် ဦးတင်ဦးက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ၏ အဆုံးအဖြတ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြား သွား ခဲ့ပါသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ၃၀ရက်နေ့က က စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် ဖြစ်ပွားခဲ့သော လုပ်ကြံခံရမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ကလေးထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ ရပါသည်။
၂၀၀၄ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဦးတင်ဦးအား စစ်အုပ်ချုပ်သူများက ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်ပို့ ခဲ့ပြီး နိုင်ငံတော်ကို အန္တရယ်ပြုမည့် သူများဘေးရန်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် နေအိမ် အကျယ် ချုပ်ကျခံခြင်း ခံခဲ့ရသည်မှာ လွတ်မြောက်လာသော ယနေ့ အထိ ဖြစ်ပါသည်။
ဦးတင်ဦးသည် ကလေးထောင်တွင် ၈နှစ်နှင့် ၁၆ရက် နေခဲ့ရသည်သည့် အပြင် အထက်ပါ ဥပဒေအရ နေအိမ် အကျယ်ချုပ် ဖြင့် ၆နှစ်နီးပါးခန့် နေထိုင်ခဲ့ရပါသည်။
ဦးတင်ဦးက သတင်းထောက်များကို ဆက်လက် ပြောဆိုရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောပြသွားခဲ့ပါ သည်။
ပြည်တွင်း သတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment