2.09.2010

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ သတင်းမထုတ်ပြန်မှုအပေါ် ဝေဖန်ခဲ့ပြီး ပါတီဝင်များကို ပိုမို စည်းလုံးကြရန်ပြော

ရန်ကုန်။ ဖေဖေါ်ဝါရီ ၉။
ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည်ဟု ပြောနေသည့် ရွေးကောက်ပွဲကို NLD အနေဖြင့် လက်ရှိအခြေအနေတွင် ပါဝင်ရန် ဆုံးဖြတ်ချက်ချနိုင်သည့် သေချာ ရေရာသော သတင်းအထောက်အထား မတွေ့ရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပြီး သူမ၏ ပါတီဝင်များကို ယခင်ကထက် ပိုမိုညီညွတ်ကြရန် တိုက်တွန်းခဲ့ သည်ဟု သူမနှင့် ယနေ့ နေ့ခင်းပိုင်းက ၂နာရီကြာခန့် သွားရောက် တွေ့ဆုံခဲ့သူ့ NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထုတ်ဖေါ် ပြောဆိုခဲ့ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့် ပါတ်သက်၍ သတင်း အချက်အလက်များ ထုတ်ပြန် ကြေငြာရန် အားနည်း နေသည့် အပေါ်ကိုလဲ ဝေဖန်ပြောဆိုခဲ့သည် ဦးဥာဏ်ဝင်းက ပြောပြပါသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဒီလို ရွေးကောက်ပွဲနဲ့ ပါတ်သက်တဲ့ သတင်းတွေကို အစိုးရက တရားဝင် ထုတ်ပြန် ကြေငြာမှု အားနည်းနေရင် NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်ကို လက်ရှိအခြေအနေမှာ ဘယ်လိုမှ ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်” ဟု ပြောခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောပြသွားပါသည်။
နအဖ၏ တာဝန်ရှိသူများက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း သေချာပေါက် ကျင်းပမည်ဟု ပြောဆိုနေ သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ပါတီများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေများကို ယခုထိ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါ။
“လက်ရှိအုပ်ချုပ်သူများ အနေဖြင့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍ သတင်း အချက်အလက်များကို ပိုမို ပွင့်လင်းစွာ ထုတ်ပြန်ရန် လိုအပ် နေသေးကြောင်းနှင့် လည်းကောင်းတို့အနေဖြင့် ရွေးကောက်ပွဲနှင့် ပါတ်သက်ပြီး မည်သည့် သေချာ ရေရာသော သတင်း အချက်အလက်ကိုမျှ မရရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုခဲ့သည် ” ဟုလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြခဲ့ပါသည်။
NLD ကတိုးချဲ့ခဲ့သော ဗဟိုကော်မတီ အဖွဲ့ဝင် ၉ဦးတွင် တဦးအပါအဝင် ဖြစ်လာခဲ့သူ ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကို ပြီးခဲ့သောနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်တိုင်း စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ဖြင့် ရပ်ဆိုင်းထားခဲ့ရရာ ပြုပြင်ရန် ဖျက်ချ ထားခဲ့သော နေရာများကို ယခုထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပဲ ထို့အတွက် အမိန့် တစုံတရာလည်း ထပ်မံ မရရှိသေးကြောင်း ပြောပြခဲ့ပါသည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီဝင်များကို ယခင်ကထက်ပိုမို စည်းလုံးညီညွတ်ကြပါရန် အထူး တိုက်တွန်းပြောကြားခဲ့သည် ဟုသိရပါသည်။

ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment