3.31.2010

တစညနှင့် ကြံ့ဖွံ့ပါတီများ ပြိုင်ဘက်ဖြစ်လာနိုင်

မတ်လ ၃၀။ ရန်ကုန် 
၁၉၉၀ ရွေးကောက်ပွဲ နိုင်ရ ပါတီ NLD က တရားမျှတမှု မရှိသော ရွေးကောက်ပွဲတိုင်ရာ ဥပဒေများကြောင့် ပါတီမှတ်ပုံတင်ခြင်းမပြုရန် တင်္နလာနေ့က ဆုံးဖြတ်ချက်ချခဲ့ပြီ ဖြစ်ရာ မဆလ တဖြစ်လဲ တစည ပါတီနှင့် ကြံ့ဖွံ့ပါတီတို့ အပြိုင်အဆိုင် ဖြစ်လာစရာ ရှိပါသည်။ 
NLD ပါတီက ဆုံးဖြတ်ချက်ချသော နေ့တွင်ပင် တစည ပါတီနှင့် အခြားပါတီငယ် နှစ်ခုတို့သည် ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ခဲ့ပါသည်။  စစ်တပ်အရာရှိ ဟောင်းများဖြင့် ဖွဲစည်းထားသော တစည ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက အင်တာဗျူးတခုတွင် ပြောခဲ့ရာတွင် သူတို့ပါတီအနေဖြင့် ပြည်သူ့လွှတ်တော် အမတ်နေရာ ၃၃၀တွင် ၁၈၀ နေရာအထိ ရရှိရန်လည်းကောင်း အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်များအတွက် အမတ်နေရာ ၁၆၈ နေရာတွင် ရနိုင်သမျှ အမတ်နေရာ အများဆုံး ရရှိအောင် ဆောင်ရွက်သွားမည်ဟု ပြောခဲ့ပါသည်။
တစည ပါတီသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ပါတီဖြစ်ပြီး ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ထောက်ခံမဲ အရေအတွက် ၂.၈သန်းရရှိခဲ့ပြီး ၊ အမတ်နေရာ ၁၂နေရာ ရရှိခဲ့ပါသည်။ ထိုအချိန်က NLD ပါတီသည် မဲအရေအတွက် ၇.၉ သန်းရရှိပြီး အမတ်နေရာ ၃၉၂ နေရာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ 
ယခုအခါ လက်ရှိအုပ်ချုပ်သူ စစ်ဗိုလ်ချုပ်အချို့ နုတ်ထွက်ကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံဖွံ့ ပါတီသည်လည်း ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လာစရာရှိနေရာ အကယ်၍ နအဖတို့က ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလျှင် ထိုပါတီနှစ်ခု ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ 
နအဖ ရွေးကောက်ပွဲဥပဒေများအရ သတ်မှတ်ထားသော ရက်ပေါင်း ၆၀ သည် လာမည့် မေလ ၈ရက်နေ့တွင် ပြည့်မည် ဖြစ်ရာ ထိုနေ့တွင် မည်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို ပြည်သူများက စိုးရိမ် ပူပန်စွာ ပြောဆိုနေမှုများ ရှိနေပါသည်။ 
NLD ပါတီ ဒုဥက္က သူရဦးတင်ဦးကမူ NLD မှတ်ပုံမတင်ကြောင်း ထုတ်ပြန်ချက်ကို ပြောပြခဲ့စဉ်က မိမိတို့ အနေနှင့် မိမိတို့ ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ချမည် မဟုတ်ကြောင်းနှင့် ထိုအတွက် နအဖတို့ အနေဖြင့် ကြိုက်သလို ဆုံးဖြတ်လုပ်ကိုင်နိုင်ကြောင်း ပြောခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment