3.29.2010

ဦးညွှတ်ပါသည် NLD

မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေး ပါတီကြီးဖြစ်သော NLD ပါတီ၏ အီးစီစုံညီ  ဗဟိုကော်မတီ အစည်းအဝေးက နအဖ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာနှင့် ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ များ တရားမျှတမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်ချက် ချခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်ကို NLD ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော NLD ဗဟိုကော်မတီ အစည်းအဝေးက ယနေ့ နေ့လည်ပိုင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၁၁၃ဦး တက်ရောက် ခဲ့ကြပါသည်။ ထိုဗဟိုကော်မတီ အစည်းအဝေးကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်သည် နအဖက ယခုနှစ် အတွင်း ကျင်းပမည့် တဖက်စောင်းနင်း ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
NLD၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်းအဝေးအပြီး သတင်းသမားများကို ပြောပြရာတွင် NLD ပါတီ သည် မိမိတို့ပါတီကို ဖျက်သိမ်းမည်မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူ လူထုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲကာ ပါတီမရှိတော့လျှင်ပင် ဆက်လက် လုပ်ဆောင်သွား မည်ဟု ဆိုပါသည်။ ထို့အတွက် စစ်အစိုးရအနေနှင့် သူတို့အားလုံးကို ဖမ်းဆီးသည်ဖြစ်စေ ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း NLD အနေဖြင့် ဖိနှိပ်မှု အားလုံးကို ရင်ဆိုင်သွားရန် အသင့်ဖြစ်နေပြီဟု ကြေငြာ သွားခဲ့ပါသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမ၏ သဘောထား အမြင်ကို ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပါသည်။ ထိုသဘောထားကို ယူဆောင်လာခဲ့သူ ဦးဥာဏ်ဝင်းက ပြန်လည်ပြောပြရာတွင် သူမအနေ နှင့် အချက်၆ချက်ပါ သဘောထားအမြင်ကို ပေးပို့ခဲ့သည်ဟု ဆိုပါသည်။ ထိုသဘောထားများမှာ-
၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လုံးဝလက်မခံနိုင်ပဲ ရွှေဂုံတိုင် ကြေငြာချက်ကိုသာ ဆက်လက် ကိုင်စွဲ သွားရန်၊
၂။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် တရားမျှတမှု လုံး ဝ မရှိ။
၃။ NLD ပါတီသည် သူမပိုင်ပါတီ မဟုတ်သလို မည်သူတဦးယောက်မှ တသီးပုဂ္ဂလ ပိုင်ဆိုင်ခြင်း မရှိ။
၎။ ပါတီတွင်း အုပ်စုဖွဲ့မှုစည်းရုံးမှုများကို လက်မခံ 
၅။ NLD ပါတီအနေနှင့် ဆက်လက် ရပ်တည်နိုင်ခြင်း မရှိလျှင်ပင် သူမအနေနှင့် ပြည်သူလူထုအတွက် ဒီမို ကရေစီ မျှော်မှန်းချက်များ ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်။
၆။ စစ်အစိုးရ အနေနှင့် NLD ကို ဖျက်သိမ်းလိုက်လျှင်လည်း NLD သည် ပျက်စီးသွားမည်ဟု မယူဆ ။
စသည်တို့ ဖြစ်ပါသည်။
ထို ဆုံးဖြတ်ချက်သည် NLD ပါတီအတွက် သမိုင်းဝင်စေမည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်း အတွက် NLD သည် စစ်အာဏာရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ငြိမ်းချမ်း သော နည်းလမ်းကိုသာ ကိုင်စွဲထားသည့် NLD အတွက် လက်ရှိအာဏာကို စစ်အာဏာသိမ်း ချုပ်ကိုင်ထား သူ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပေတော့မည်။ ပါတီကို မတရား ဖျက်သိမ်းခံရ နိုင်သည်ကို သိ လျှက် ၊ မိမိတို့ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်ကို သိလျှက်နှင့်ပင် ထိုဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ ကြခြင်းသည် သူတို့၏ အံ့ချီးဘွယ်ရာ သတ္တိကို ပြလိုက်ခြင်းလည်း ဖြစ်သည်။
အကယ်၍ NLD ကသာ ယနေ့ အစည်းအဝေးတွင် မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ပါလျှင်၊ စစ်အာဏာရှင်တို့ စိတ်ကြိုက် တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လည်းကောင်း တဖက် စောင်းနင်း ရွေးကောက်ပွဲ ဥပဒေများသည်လည်းကောင်း သက်ဝင်လာတော့မည် ဖြစ်ပေသည်။
အာဏာလက်ရှိ လက်မဲ့ကို မစဉ်းစားပဲ တရားဝင်မှုကိုသာကြည့်လျှင်၊ စစ်အုပ်စုသည် ၁၉၈၈ခုနှစ် ပြည်သူ တို့၏ သဘောဆန္ဒကို ဆန့်ကျင်၍ အလောင်းချင်းထပ်အောင် ပစ်သတ်ကာ အာဏာသိမ်းခဲ့ သူများဖြစ်ပြီး ၊ NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရကာ လူထုက အာဏာ အပ်နှင်းခဲ့သော ပါတီဖြစ်သည်။ ထိုအချိန်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ထိုရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။ မည်သူက တရားဝင်သည်ကို နှိုင်းယှဉ်၍ပင် မရပါ။ လက်နက်ရှိရုံမျှဖြင့် တရားမဝင်သူက တရားဝင်သူကို ဖျက်သိမ်းလျှင် စုစည်း ငြိမ်းချမ်း စွာဖြင့် ရင်ဆိုင်ကြရုံသာရှိသည်။
တကယ်က ယခုဆုံးဖြတ်ချက်သည် ယနေ့တက်ရောက်လာကြသော ဗဟိုကော်မတီဝင် ၁၁၃ ဦး၏ သဘော ထားသာ မဟုတ်ပဲ ၄င်းတို့ ကိုယ်စားပြုလာကြသော ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးမှ ပါတီဝင် အားလုံး၏ သဘောထားသာ ဖြစ်သည်။ ထို့အတူ ပြည်သူလူထုက အာဏာလွဲအပ်ထားသော ပါတီဖြစ်သဖြင့် ပြည်သူ လူထု တရပ်လုံး၏ သဘောထားလည်း ဖြစ်ပါသည်။ တနည်းဆိုရလျှင် NLD သည် သူ့အားယုံကြည်စွာ ထောက်ခံခဲ့ကြသော ပြည်သူလူထုများ အပေါ်တွင် တင်လာသည့် စစ်ကျွန်ပြုရေး တံပိုးကြီးကို ရိုက်ချိုးလိုက် ပြီ ဖြစ်သည်။
နအဖ အနေနှင့် မည်သို့ပင် သပ်လျှို၊ ဖြိုခွဲ ဖိနှိပ်ကာ NLD ပါတီ တရပ်လုံးကို ခြေမှုန်းလိုက်သော်မှ ထိုသမိုင်း ဝင် ဆုံးဖြတ်ချက်ကို ပျက်ပြယ်စေနိုင်သော အကြောင်း တစုံတရာ မရှိပါ။ အာဏာရပါတီ NLD အပေါ် ဖိနှိပ် လုပ်ဆောင်ချက် မှန်သမျှသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး(ICC) တွင် တရားစွဲဆိုစရာ သက်သေခံ ချက်များ အဖြစ်ကို ရောက်ရှိလာမည်သာ ဖြစ်သည်။
မည်ကဲ့သို့သော နှောင့်နှေးမှုများ ရှိခဲ့သည်ဖြစ်စေ လက်ရှိ အခြေအနေတွင် NLD သည် သူတို့အား ယုံကြည် လေးမြတ်စွာ ထောက်ခံခဲ့သော ပြည်သူလူထုကြီး တရပ်လုံးအတွက် ထိုက်တန်စွာ ပြန်လည် အလုပ်အကြွေး ပြုခဲ့ပြီဖြစ်သည်။ မကြာသေးခင်ကမှ အကျဉ်းထောင်ကပြန်လည် လွတ်မြောက်လာခဲ့သူ NLD ဒုတိယ ဥက္ကဌ ဦးတင်ဦး တင်စား ချီးကျူးခဲ့သည့် မြန်မာပြည်မှဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝတခုလုံးနှင့် ရင်းနှီးကာ ပေးဆပ်နေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုများအတွက် သူမကဲ့သို့ပင် ပေးဆပ် အလုပ် အကျွေးပြုရန် သူမ ဦးဆောင်ခဲ့သည့် ပါတီကို ပြောင်မြောက်စွာ လမ်းညွှန်ပြသခဲ့ပါပြီ။
သို့ဖြစ်ပါ၍ မြန်မာပြည်၏ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ အတွက် မငဲ့ကွက်ပဲ ပြည်သူလူထုများ ပေါ် တွင် တင်နေသည့် စစ်ကျွန်တံပိုးကို ရိုက်ချိုးခဲ့ကြသည့် NLD ဗဟိုကော်မတီဝင်များနှင့်တကွ ပါတီဝင်များ အားလုံးကို လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ 
ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့လာသည့် သတင်းအချက်အလက်များ အပေါ် Saffron Mail Letter Group မှ သုံးသပ်တင်ပြပါသည်။ 

No comments:

Post a Comment