4.12.2010

တုတ်ဖြင့်ရိုက်ပြီး ခိုင်းစေသည့် အစားအစာစက်ရုံမှ အလုပ်သမားများထွက်ပြေး


ဧပြီ ၁၂

ဘန်ကောက်မြို့ အနီး မဟာချိုင်၊ ကောကနိုင် ဘုန်းတော်ကြီး ကျောင်းအနီးရှိ လစ်ကိုင်လုံးချင်း အစားအစာ ထုတ်လုပ်သည့် အလုပ်ရုံတွင်၊ လုပ်ငန်းရှင်ကတုတ်ဖြင့် ၇ိုက်နှက်ခိုင်းစေခြင်းများအပြင် အခြား အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခြင်းများကြောင့် မြန်မာအလုပ်သမားများ ထွက်ပြေးကြသည်။

ယမန်နေ့ နံနက်စောစော လင်းအားကြီး၎နာရီအချိန်ခန့် တွင် မြန်မာအလုပ်သမား ၁၅ ဦးခန့် ထွက်ပြေးရန် အတွက် အဆောင်၏ခေါင်မိုးပေါက်မှ ကျော်တက်စဉ် လုပ်ငန်းရှင် နိုးလာသဖြင့် အားလုံးနီးပါး အဖမ်းခံရသည်။ ကံကောင်းစွာဖြင့် ကရင်ပြည်နယ် ဘားအံမြို့မှ ကရင်အလုပ်သမားလင်မယား ၂ဦး လွတ်မြောက်လာခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသည့် ကိုမျိုးက “သူဌေးကလူလိုမခိုင်းဘူး၊ နောက်က တုတ်တစ်ချောင်းကိုင်ပြီး အော်နေတယ်၊ ဆဲနေတယ်၊ ကျနော့်ရှေ့မှာရိုက်တာ သုံးလေးယောက်ရှိပြီ၊ တုတ်နဲ့ ရိုက်ပြီးမှ ခိုင်းတာ၊ မနက်၆နာရီကျော်ကတည်းက လုပ်ရတာ၊ ညနေ၈နာရီအထိပဲ၊ တစ်နေ့ကို ဘတ်၁၂၀ပေးတယ်။ သူပေးတာပဲ စားရတယ်၊ ဖုန်းလည်းမကိုင်ရဘူး၊ ဖုန်းတွေ့ရင် သိမ်းယူသွားတယ်။ စကားလည်း မပြောရဘူး၊ ငရဲခံနေရသလိုပဲဗျာ၊ လူတွေအကုန်လုံး နယ်စပ်ကိုပဲရောက်ရောက်၊ ထောင်ပဲကျကျ ဒီနေရာက လွတ်ရင်တော်ပြီ အဲလိုကိုဖြစ်နေတာပါ။ စိတ်ဒုက္ခတွေ ရောက်နေကြပါတယ်” ဟု ပြောသည်။

အဆိုပါအလုပ်ရုံတွင် ၁၈နှစ်အောက် ယောက်ျားကလေး၎ဦးနှင့် မိန်းကလေး၃ဦးတို့ အပါအ၀င် အလုပ်သမား စုစုပေါင်း ရ၀ ခန့် ရှိမည်ဟုပြောသည်။ ကိုမျိုး၏ဇနီး တင်မာဖြိုးက “ကျမတို့ အလုပ်လုပ်တာ ၂လကျော်ပါပြီ။ တစ်ယောက်ကို ၁၆၀၀၀ နဲ့ဈေးဖြတ်ပြီး မဲဆောက်ကတက်လာပေမယ့် ဒီရောက်တော့ ၁၇၀၀၀ ဘတ်ပေးရမယ်ဆိုပြီး ပြောပါတယ်။ ခေါ်လာတုန်းက တစ်နေ့ကို ဘတ်၂၀၀ရမယ်၊ တစ်လကို နှစ်ထောင်၊ သုံးထောင်ဖြတ်မယ်၊ ဖြည်းဖြည်းဆပ်ရင်ရတယ်။ ဘတ်လုပ်ပေးမယ် အလုပ်သက်သာတယ်၊ လုံးချင်းရုံ ဆိုပြီး ခေါ်လာတာ၊ ဒီရောက်တော့တခြားစီဖြစ်နေတယ်၊ ဖျားလို့လည်းမနားရဘူး၊ ထမင်းစားရင် အခန်းပြန် မစား၇ဘူး၊ ထိုင်ပြီးတော့လည်း မစားရဘူး၊ ဟိုနား၊ဒီနား မတ်တတ်ပဲ စားရတယ်၊တစ်နေကုန်မတ်တတ်ရပ် လို့ ညောင်းညာလို့ ခဏထိုင်ချင်ရင် အိမ်သာထဲမှာသွားပြီး ထိုင်ရတယ်”ဟု ပြောသည်။

အဆိုပါလင်မယား၂ဦးတို့ မှာ လွတ်မိလွတ်ရာ စွတ်ပြေးရင်း ရေမြောင်းပေါက်တစ်ခုမှ ထွက်ပြေးလာခဲ့သည်။ ထို့ နောက် လမ်းမကြီးတဖက်ကမ်းမှ မြန်မာအလုပ်သမား လင်မယားအခန်းတွင် တစ်နေကုန်ပုန်းခိုနေ ခဲ့ရပြီး တရွာတည်းသား ကိုသန်းဇော်ထွေးကို ဖုန်းဆက်အကူအညီတောင်းခဲ့သည်။

ကိုသန်းဇော်ထွေးက “ကျနော်လည်းသူတို့ကို ညဥ့် ၈နာရီလောက်မှာဆိုင်ကယ်ငှားပြီးသွားခေါ်လိုက်ပါတယ်၊ နောက်လုံခြုံတဲ့နေ၇ာမှာ ပြောင်းပေးလိုက်ပါတယ်၊ ဒီနေ့မနက်က ကျနော် အခြားလူတွေ အခြေအနေကို ကြည့်ရင်း အလုပ်ရုံကိုဓါတ်ပုံရိုက်ဖို့ ကျနော်နဲ့ သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ငှားပြီးသွားကြပါတယ်၊ နတ်ကလိန်(ထိုင်းလမ်းသရဲ)၂ယောက် ထိုင်း၇ဲယောင်ဆောင်ပြီး ကျနော့်ဖုန်းကို လိုက်လုလို့ ပြေးခဲ့ရတယ်ဗျာ၊ ဒီနေ့ဆို အဲဒီအလုပ်ရုံကို အကုန်လုံးသွပ်ပြားတွေနဲ့ ခြံအမြင့်ကြီးခတ်လိုက်ပြီ ဓါတ်လိုက်စေတဲ့ ကြိုးတွေနဲ့ ခြံပေါ်မှာတင်ထားပြီ၊ အတွင်းကလူတွေကို ကယ်တင်ပေးကြပါဗျာ” ဟု ပြောသည်။ အဆိုပါအလုပ်ရုံ ဆိုင်းဘုတ်တွင် ကြယ်ငါးပွင့်နှင့် ငါး ၂ ကောင်အရုပ် ရေးဆွဲထားပြီး လစ်ကိုင်ဟု ရေးထိုးထားသည်။ အလုပ်သမားများဝတ်စုံမှာ ကြယ်ငါးပွင့် ငါးနှစ်ကောင်ပုံပါ မိုးပြာရောင် ရှပ်လက်တို အကျီနှင့် မိုးပြာရောင် ဦးထုတ်များကို ၀တ်ဆင်ရသည်။

ယနေ့ နံနက်ပိုင်းက သတင်းဓါတ်ပုံရယူရန်သွားရောက်ခဲ့စဉ် အနီးအနားမှ လူအချို့ ယမန်နေ့ ကဖမ်းမိသော အလုပ်သမားကို လုပ်ငန်းရှင်ကရိုက်နှက်သဖြင့် အော်ဟစ်သံများကြားရကြောင်း၊ အဆိုပါလုပ်ငန်းရှင်မှာ အ ထူး ကြမ်းတမ်းသူဖြစ်သဖြင့် အလုပ်သမားများမြဲမြံလေ့မရှိပဲ မကြာခဏ ယခုကဲ့သို့ ထွက်ပြေးလေ့ရှိကြောင်း ပြောပြကြသည်။ ထွက်ပြေးလိုသည့်လူများကို မဟာချိုင်ရဲများကို ခေါ်ပြီးဖမ်းခိုင်းလေ့ရှိကြောင်း၊ မိသားစုများကို လုပ်ငန်းရှင်ဝယ်ယူထားသော ငွေများအပြင် ပုလိပ်ကြေးများပါ စုစုပေါင်း ဘတ်၂၀၀၀၀ ပေးမှ နယ်စပ်သို့ ဖမ်းဆီးပြန်ပို့သည်များလည်း ရှိကြောင်းပြောပြကြသည်။ မဟာချိုင်နယ်မြေသည် ထိုင်းရဲများ ငွေညှစ်တောင်းခံမှု၊ လူကုန်ကူးမှုများအထူးများပြားပြီး အလုပ်ရုံထဲတွင် ပိတ်လှောင်ခိုင်းစေမှုများ အပါအ၀င် အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုများ ထူပြောသောနယ်မြေဖြစ်သည်။ မြန်မာအလုပ်သမား သိန်းချီရှိပြီးဒေသအခြေစိုက် ကျမ္မာရေး၊ ပညာရေး၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ အင်ဂျီအို အဖွဲ့များ လည်း ရှိသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

No comments:

Post a Comment