5.02.2010

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြည်သူ့ဂုဏ်ရည်ဆုရရှိခြင်း အထိမ်းအမှတ်ဖြင့် အများပြည်သူအား မနောမယ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းခြင်း


၂၀၁၀ မေလ၊ ၂ ရက်နေ့ မင်္ဂလာရှိသော နံနက်ခင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ ရုံးချုပ်တွင် အသင်း၏ ဥက္ကဌ ဦးကျော်သူမှ မနောမယ မုန့်ဟင်းခါး ကျွေးမွေးလှူဒါန်းရခြင်း အကြောင်းကို သွားရောက် မေးမြန်းသတင်း ယူခဲ့ပါသည်။

အလှူပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးကျော်သူမှ အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။

ကျွန်တော် ပြည်သူ့ဂုဏ်ရည်ဆုကို ပထမဆုံး အကြိမ်ရခဲ့လို့ရယ်။ နောက်ပြီး ဒီနေ့ကလည်း ထူးထူးခြားခြား နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာလည်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ပါ ကျွန်တော် အများပြည်သူကို မနောမယ မုန့်ဟင်းခါး ကျွေးမွေးပြီး ကုသိုလ်ကောင်းမှု ပြုတာပါ။ မနက်အာရုံတတ်မှာ ၀ဋ်ကြွေးတော်ပြေ ဆရာတော်နဲ့ မဟာဂန္ဓာရုံဆရာတော်တို့ကို ကျောင်းအရောက်သွားပြီး မုန့်ဟင်းခါး အာရုံဆွမ်း ကပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက ကူညီပြီး အသုဘ ချပေးခဲ့တာ ၂၀၀၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၈၅၀၀၀ (ရှစ်သောင်းခွဲ) ကျော်ရှိပြီ။ အဲဒီ သေဆုံးသွားတဲ့ လူတွေအတွက်ရယ် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ကို ရည်စူးပြီး အခုလုပ်တဲ့ အလှူဒါနကို ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ အခု လုပ်တဲ့အလှူက ကျွန်တော် ကိုချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုကရတဲ့ ဆုငွေနဲ့ ကျွေးမွေးတာ မဟုတ်ပါဘူး။ ကျွန်တော် စုဆောင်းထားခဲ့တဲ့ အနုပညာချွေးနည်းစာလေးနဲ့ ပြည်သူတွေအားလုံး အားလုံးကို ကျေးဇူးပြန်ဆပ်တာပါ။ ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်က ခုထိ ကျွန်တော်ဆီ မရောက်သေးပါဘူး။ မရောက်သေးဘူးဆိုတာက အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာ နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခုကျွေးမွေးတဲ့ မုန့်ဟင်းခါးကို မနောမယ မုန့်ဟင်းခါးဆိုပြီး နာမည်တပ်ရတာလည်း ကျွန်တော်ရဲ့ ကျေးဇူးရှင် ဆရာသခင် အဘ ဆရာကြီး မင်းသိင်္ခကို အမှတ်ရ ကျေးဇူးဆပ်တဲ့အနေနဲ့ အဘရဲ့ မနောမယဆိုတဲ့ နာမည်ကို ပေးလိုက်တာပါ ” ဟု ဥက္ကဌ ဦးကျော်သူမှ ပြောကြားသွားပါတယ်။

ဦးကျော်သူသည် အခုမှအလှူဒါနပြုလုပ်ခဲ့ခြင်း မဟုတ်ပါ ၁၉၉၆ (တစ်ပြည်သူမရွှေထား) ဇာတ်ကားတွင် အမျိုးသား သရုပ်ဆောင်ဆုကို ရရှိခဲ့စဉ်ကလည်း ကမ္ဘာအေးမိုးကုတ်ဆွမ်းစားကျောင်းတွင် သံဃာတော်အပါး ၄၅၀ ကျော်ကို ဆွမ်းကပ်အလှူ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၀၈ ခု မေလ(၂)ရက်နေ့တွင် တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသော ပြည်သူများကိုလည်း ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိသည့် စားသောက်ဖွယ်ရာများကိုလည်း ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် အင်္ဂလန်ရောက် မြန်မာပြည်သူပြည်သားများမှ စုစည်း၍ ချီးမြှင့်သော ပြည်သူဘက်သား အနုပညာသမား ဆုရစဉ်အခါကလည်း ဘုန်းတော်ကြီးကျောင်းများသို့ ပစ္စည်းလေးပါး လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ယနေ့တွင် ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် အနုပညာမောင်နှံဖြစ်သော ကိုရန်ကျော်နှင့်မမေခလာတို့ ဇနီးမောင်နှံမှ မမေခလာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ (၁၀)သိန်း ကျပ်ကို ကုသိုလ်ပြုလာရောက် လှူဒါန်းသွားကြောင်း သိရပါသည်။

လေးစားဦးညွှတ်လျှက်

Burma Paparazi

ပေးပို့လာသူကတော့ ညီငယ်ရဲရဲတောက် ဘားမားပါပါရာဇီပါ...
အောက်မှာပုံများဆက်လက်ကြည့်ရှုနိုင်ပါသည်။


ဒီမိုဝေယံ ဝက်ဘ်ဆိုက်မှ

No comments:

Post a Comment