ဇူလိုင်၂၇
ဘန်ကောက်အနီး မဟာချိုင်မြို့ရှိ ပင်လယ်အစားအစာ ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် ရောင်းစား ခံထားရသည့် မြန်မာ အလုပ်သမား၎ဦးတို့အား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်းက ကယ်တင်နိုင်ခဲ့သည်။
မြန်မာ အလုပ်သမား ၇၀ ကျော်ခန့် ရောင်းစားခံထားရသည့် မဟာချိုင်မြို့မှ အမည်မသိ ပင်လယ် အစားအစာ အလုပ်ရုံတစ်ရုံတွင် တစ်နေ့လျှင် ၁၈နာရီခန့် နေ့စဉ် အလုပ်လုပ်ရကြောင်း ထွက်ပြေး လွတ်မြောက်လာသည့် မြန်မာအလုပ်သမားများက ပြောပြသည်။
ထွက်ပြေး လွတ်မြောက်လာသူများမှာ ထောက်ကြံ့မြို့မှ အသက်၂၇နှစ်အရွယ် ကိုသက်ဝေနှင့် အသက် ၂၁နှစ်အရွယ် ကိုချစ်ထွန်း၊ ပဲခူးမြို့မှ အသက်၂၆နှစ်အရွယ် မဝေေ၀လွင်နှင့် မော်လမြိုင်မြို့မှ အသက် ၂၃နှစ်အရွယ် မဌေးဌေးဝင်းတို့ ဖြစ်ကြသည်။ ထိုသူတို့မှာ ၄၅ ရက် တိုင်တိုင် အလုပ်လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခ တစ်ပြားတစ်ချပ်မှ ရရှိခြင်း မရှိခဲ့ကြပေ။
ထွက်ပြေး လွတ်မြောက်နိုင်ရေးအတွက် ဦးဆောင်စီစဉ်သူဖြစ်သော ကိုချစ်ထွန်းက “ ပြီးခဲ့တဲ့ ၃ ရက်နေ့က မိုးတွေ တော်တော်ကြီး ပါတယ်။ အဲဒီနေ့မှာ ထွက်ပြေးဖို့အတွက် ကျနော်ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ ကျနော် ဒီစက်ရုံကို ရောက်ကတည်းက လူတစ်ယောက်လို မလုပ်ခဲ့ရ၊ မစားခဲ့ရ၊ မအိပ်ခဲ့ရဘူး။ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ ခံရတယ်။ ကျနော်ဘယ်လို လွတ်နိုင်မလဲလို့ အမြဲလေ့လာနေခဲ့တယ်။ ကျနော် တို့ကို လှောင်ထားတဲ့ အခန်းက သွပ်တွေနဲ့ ကာထားတဲ့ အခန်းဖြစ်တယ်။ ဒါပေမယ့် နောက်ဖက်က အထပ်သားတွေနဲ့ ကာထားတယ်။ ရှေ့က ကျနော်တို့ကို အမြဲ သော့ခတ်ထားတယ်။ အဲဒါကို ကျနော်ဓါးနဲ့ နဲနဲစီ နေ့တိုင်းလှီးထားတယ်။ ထုတ်ချင်းပေါက် နီးနီးဖြစ်အောင်ကို လုပ်ထားတာ၊ မိုးရွာတဲ့နေ့မှာ အခွင့်ကောင်းယူပြီး၊ ပြီးနိုင်သမျှ ကျနော်လုပ်ထားတယ်”ဟု ပြောသည်။
မဝေေ၀လွင်တို့ မောင်နှမ ၃ဦးတို့ မြ၀တီမြို့တွင် လက်သမားနှင့် ပန်းရံအလုပ်ကို လုပ်ကိုင်ပြီး မြန်မာကျပ်ငွေ တစ်သောင်းခွဲသာ ပွဲစားကို ပေးနိုင်ခဲ့သည်။ အလုပ်သမားများအနေဖြင့် အလုပ်ပင်ပန်းသော်လည်း လုပ်ခရရှိပါက ယခုကဲ့သို့ ထွက်ပြေးမည်မဟုတ်ကြောင်း တက်လာသည့် အဖိုးအခ မကျေသေးသည်ကို ကိုယ်ချင်းစာကြောင်း၊ သို့ရာတွင် လူတစ်ယောက်ကဲ့သို့ ဆက်ဆံမခံရခြင်းကို အထူး စိတ်မကောင်းသဖြင့် လွတ်မြောက်အောင် လုပ်ခဲ့ရကြောင်း ထွက်ပြေးလာသူ ကိုသက်ဝေက ပြောပြသည်။
အလုပ်သမားများအား နေ့စဉ်နံနက်၃နာရီမှ ညဥ့်၈နာရီထိ အလုပ်လုပ်ရပြီး အစားအစာများကိုမူ ဖြစ်ကတတ်ဆန်း ကျွေးမွေးကြောင်း၊ အလုပ်သမားများ နေထိုင်သည့် အခန်းမှာ မိုးမလုံသဖြင့် မိုးရွာလျှင် စုဝေးထိုင်နေရကြောင်း အိမ်သာတက်၍ အချိန်ကြာလျှင်လည်း အပြင်မှ အိမ်သာတံခါးကို ရိုက်ပုတ်နေပြီး တစ်တွတ်တွတ် ဆဲဆိုနေကြောင်း၊ ရေချိုးလျှင်လည်း ထိုင်စောင့်နေကြောင်း၊ အိပ်ခါနီး စကား ပြောနေလျှင်လည်း မီးပိတ်ပြီး ဆဲဆိုကာ အိပ်စေကြောင်း အလုပ်သမားများက ပြောပြကြသည်။
ပဲခူးမြို့မှ မဝေေ၀လွင်က“ကျမတို့ ဒီအစ်ကိုတွေ ထွက်ပြေးမယ်ပြောတော့ လိုက်မယ်လို့ ပြောထားတယ်။ ကျမတို့ ငရဲခန်းလောက် ဆိုးဝါးတဲ့ အလုပ်ရုံကနေ ခုန်ဆင်းလိုက်တော့ အခြားအလုပ်ရုံက အစောင့် ရောက်လာတယ်။ မဌေးဌေးဝင်းက ထိုင်းလို ကောင်းကောင်းပြောတတ်တယ်။ သူက အစောင့်ခြေ ထောက်ကို ဖက်ပြီးတော့ ငိုပြီးပြောတယ်။ တောင်းပန်တယ်။ ထိုင်းအစောင့်က သနားသွားပြီးတော့ သူ့ခြံကို ကျော်ခိုင်းတယ်။ ကျမတို့လည်း လွတ်ရင်ပြီးရော ကျိုးချင်လည်း ကျိုးပစေ။ အုတ်နံရံ ခြံစည်းရိုး အမြင့်က ခုန်ဆင်းကြတယ်”ဟု ပြောသည်။
ထိုင်းဘာသာစကားကို ကျွမ်းကျင်သည့် မဟာချိုင်ဒေသ တောရွာတစ်ရွာတွင် မွေးဖွားကြီးပြင်းလာသည့် မဌေးဌေးဝင်းက “ကျမတို့ ဆင်းရဲနွမ်းပါးတာတွေ၊ ရောင်းစားခံရတာတွေ၊ အနှိပ်စက်ခံရတာတွေကို ကျမငိုယိုပြီး ပြောပြတယ်။ ကျမ အမေ မုဆိုးမကို လုပ်ကျွေးချင်လို့ တက်လာတာတွေကို ပြောပြတယ်။ ကျမတို့ကို လွှတ်ပေးတယ်။ ခြံကျော် ခုန်ချပြီး ကျမတို့ တောတစ်ခုထဲကို ၀င်နေခဲ့ကြတယ်။ မနက်မိုးလင်းတော့ အလုပ်ရုံက ၀ဏ္ဏနဲ့ အဲဒီသမီးတို့ကို အမြဲစောင့်ပြီး ဆဲနေတဲ့ ကရင်တို့ လာမေးတယ်။ သမီးတို့ ပုန်းနေကြတယ်။
အနီးအပါးမှာနေကြတဲ့ မွန်ဗမာတွေက မတွေ့လိုက်ဘူးလို့ ပြောကြတယ်။ သမီးတို့ကို သူတို့ ခြင်ဆေးခွေတွေ၊ ထမင်းတွေ လာပို့ကြတယ်။ သမီးတို့ အဲဒီဓနိတောထဲမှာ ၂ရက်ပုန်းနေခဲ့ရတယ်။ သူတို့ ဖုန်းတွေနဲ့ ဘန်ကောက်က ဒီအလုပ်သမားအဖွဲ့ကို အဆက်သွယ်ရပြီး ဒီကိုရောက်လာခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ထွက်ပြေးလာသူများမှ တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်း အကူအညီတောင်းရင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းသို့ ဆက်သွယ်ရရှိခဲ့သည်။ တောထဲတွင် ပုန်းအောင်းနေရသည့် အလုပ်သမားများမှာ မိမိတို့ ရောက်ရှိနေသည့်နေရာကို သေချာစွာ မပြောပြနိုင်သဖြင့် ကယ်ထုတ်ရန် အထူးခက်ခဲနေခဲ့သည်။
ထို့ကြောင့် အဆိုပါအလုပ်သမားများအား ထမင်းထုတ်များ ပေးပို့နေသည့် မွန်အမျိုးသမီးအား တက္ကစီသမား
ကို ငှါးရမ်းခိုင်းပြီး တစ်ဦးအတွက် ဘတ်ငွေ ၅၀၀နုန်းထားဖြင့် လာရောက် ပို့ဆောင်စေခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းမှ ထိုင်းဘာသာ ကျွမ်းကျင်သူ ကိုနေလင်းအောင်က “ကျနော်နဲ့ ကျနော်တို့ အဖွဲ့ခေါင်းဆောင်တို့ တိုင်ပင်ပြီးလုပ်ကြတယ်။ တစ်ရက်ကုန်သွားတယ်။ နေရာကို အတိအကျ မရနိုင်ခဲ့ဘူး။ နောက်ကျတော့ မထူးတော့ဘူး။ ကိုယ်လက်ထဲကို မြန်မြန်ရောက်ဖို့ အရေးကြီးတယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီလိုပဲ ပို့ခိုင်းလိုက်ရတော့တယ်။ ကျနော်တို့ဆီမှာ တစ်ရက်တည်းခို ကျွေးမွေးပြီးတော့ အ၀တ်အထည်တွေ ပေးတယ်။ လောလောဆယ်သုံးဖို့ ပိုက်ဆံတွေ ပေးကြတယ်။ ယောက်ျား၂ယောက်တော့ ဖယောင်းပုံစံလောင်းတဲ့ နေရာမှာ အလုပ်သွင်း ပေးလိုက်ပြီ။ မိန်းကလေး ၂ယောက်ကိုတော့ ဗမာမတစ်ဦး ခေါင်းဆောင်ပြီး အလုပ်လုပ်နေတဲ့ ထမင်းဆိုင်တစ်ဆိုင်မှာ အလုပ် သွင်းပေးလိုက်ပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
သူတို့သည် ပြီးခဲ့သည့် ဇွန်လ၂ရက်နေ့က မဲဆောက်မြို့မှ ယောက်ျားအလုပ်သမား ၁၂ဦးနှင့် မိန်းကလေးအလုပ်သမား ၆ဦးတို့ တောလမ်းခရီးမှ တက်လာခဲ့သူများ ဖြစ်ကြသည်။ သူတို့ကို မြ၀တီမြို့၊ ….. ရပ်ကွက် ….လမ်း….မှ အသက်….နှစ်အရွယ် မွန်အမျိုးသမီး တစ်ဦးက လက်ဆင့်ကမ်း သယ်ယူခဲ့ခြင်း ဖြစ်သည်။
မြ၀တီမြို့၌ လူစုစဉ် ပွဲစားမက မဟာချိုင် ငါးသေတ္တာရုံတွင် လုပ်ရမည်ဖြစ်ပြီး စရိတ်ငြိမ်း တစ်လလျှင် ဘတ်
ခြောက်ထောင် ရမည်ဖြစ်ကြောင်း၊ ကယ်ရီခအား တစ်လလျှင် ၃၀၀၀စီ ဖြတ်တောက်မည် ဖြစ်ကြောင်း အကြွေးကြေသည့်အခါ နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်လုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အလုပ်သမားများက ပြောပြကြသည်။
မဟာချိုင်သို့ ရောက်သည့်အခါ ယောက်ျား၈ဦးအား မဟာချိုင်လှေများတွင် လူတစ်ဦးစီ ဘတ် ခြောက်သောင်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရခိုင်တစ်ဦးနှင့် ရန်ကုန်မှ အလုပ်သမား တစ်ဦးတို့ကိုမူ အင်ဒိုလှေသို့ ရောင်းချခဲ့ကြောင်း အတူတူ တက်လာခဲ့ကြပြီး အစ်ကိုအရင်း ရောင်းစားခံခဲ့ရသူ မဝေေ၀လွင်က ပြောပြသည်။
အဖွဲ့ခေါင်းဆောင် ကိုချစ်ထွန်းက ယောက်ျားများအတွက် မဟာချိုင်တွင် ကုန်းအလုပ်မရှိကြောင်း၊ လှေလိုက်မှ ငွေစုမိကြောင်း ပြောဆိုသော်လည်း ကိုချစ်ထွန်းနှင့် ကိုသက်ဝေတို့က ခေါင်းမာစွာဖြင့် အမြဲ ငြင်းဆိုနေခဲ့သဖြင့် လှေပေါ် ရောင်းစားမခံရပဲ ကျန်နေခဲ့ခြင်းဖြစ်သည်။
အလုပ်ပင်ပန်းလွန်း၍ဖြစ်စေ၊ နေထိုင်မကောင်း၍ဖြစ်စေ အလုပ်မဆင်းပါက မျက်နှာကို လက်ညှိုးထိုးပြီး ပြည့်တန်ဆာရုံတွင် ရောင်းစားမည်ဖြစ်ကြောင်း ယောက်ျားများကိုမူ အင်ဒိုလှေသို့ ရောင်းစားမည် ဖြစ်ကြောင်း မြန်မာ အလုပ်သမားများ၏ လုပ်အားခအား ထုတ်ယူပြီး စောင့်ကြပ်ဆဲဆိုနေသည့် ကရင် ပွဲစားတစ်ဦးက အမြဲကြိမ်းမောင်း ခြိမ်းခြောက် ပြောဆိုလေ့ရှိသည်။ ၄င်းတို့၎ဦး ထွက်ပြေး လွတ်မြောက်လာ သော်လည်း ကျန်နေခဲ့သည့် အလုပ်သမားများ အတွက် အထူးစိုးရိမ်ကြောင်းလည်း ပြောပြကြသည်။
မဟာချိုင်တွင် အလားတူ ရောင်းစားခံနေရမှုများစွာ ရှိကြောင်း မဟာချိုင်မှ အလုပ်သမားများက ပြောပြ၍ သိရှိရသည်။ မဲဆောက်မှ တက်လာရာ လမ်းတစ်လျှောက်တွင်လည်း ထမင်းကို ဖြစ်သလိုစားရ၊ အိပ်ရခြင်းများ၊ တောလမ်းခရီးကို လေးငါးရက် လမ်းလျှောက်လာခဲ့ရသည်။
ကားစီးမည့် နေရာသို့ ရောက်သည့်အခါ ထိုင်းပွဲစားများ ရိုက်နှက်ဆဲဆိုခံရပုံများအပြင် ကားပေါ်တွင် အလေး
အပေါ့ သွားလိုသော်လည်း ကားကို ရပ်နားမပေးပေ။ ရေဆာလျှင် ရေမသောက်ရပဲ လူကို ပြည့်သိပ် တင်ထား သဖြင့် လာရာလမ်းတစ်လျှောက်တွင်လည်း အထူးပင်ပန်းဆင်းရဲကြောင်း၊ သို့ဖြစ်၍ မြ၀တီနှင့် မဲဆောက်တို့မှ ပွဲစားတို့၏ မဲဆွယ်တရားများကို ယုံကြည်၍ တောလမ်းမှ မလာသင့်ကြောင်း မဝေေ၀လွင်က ခရေစေ့တွင်းကျ ရှင်းပြ ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
No comments:
Post a Comment