9.04.2010

မဲဆောက်တွင်အလုပ်သမားထောင်ချီ ဖမ်းဆီးခံရ အချို့ထွက်ပြေးတိမ်းရှောင်နေ

Photobucket
စက်တင်ဘာ ၃
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြီးခဲ့သည့်ညကတည်းက မြန်မာအလုပ်သမားများ ထွက်ပြေး တိမ်းရှောင်နေခဲ့သော်လည်း ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးတို့က၊ ယနေ့တနေကုန် ပိုက်စိုက်တိုက် ရှာဖွေ ဖမ်းဆီးမှုများကြောင့် ရွေ့ ပြောင်းအလုပ်သမားများ ထောင်ချီပြီး ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
ဘန်ကောက်မှ ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ လာရောက်ဖမ်းဆီးမည်ကို ကြားသိရသဖြင့် ထိုင်းလုပ်ငန်းရှင်များ ကိုယ်တိုင်ဖွက်ထားပေးခဲ့သည်။ ထောင်ချီရှိသည့် မြန်မာအလုပ်သမားများကို အလုပ်သမားအရေး ဆောင်ရွက်သူများက နေရာထိုင်ခင်းများ ပြင်ဆင်ပြီး ရှောင်တိမ်းနေစေခဲ့သည်။
ရခိုင်အလုပ်သမား လှုပ်ရှားမှုအဖွဲ့က တာဝန်ခံ ကိုထက်ခေါင်က “ညဥ့်က ကျနော်တို့ရုံးမှာ အလုပ်သမား ငါးဆယ်ကျော်တယ် လာအိပ်ကြတာ။ ဒီနေ့ နေ့လည်ပိုင်းမှာတော့ အခြားလုံခြုံတဲ့ နေရာတွေကို ပို့ပေးထားတယ်။ ဒီနေ့ မဲဆောက်မြင်ကွင်း ကိုပြောရရင် စစ်ဖြစ်နေတဲ့မြို့ တစ်မြို့လိုပဲ။ အလုပ်သမားတွေ ခမျာ ဟိုဘက်ပြေးလည်း မလုံခြုံ ဒီဘက်ပြန်ပြေးလည်း မလုံခြုံ၊ ဟိုပြေးဒီပြေးဗျာ။ ကျနော်တို့လည်း တစ်နေကုန်ပဲ လိုက်ပြီးတော့ အလုပ်သမားတွေ ကိုကူညီနေတာ။ ခုထိ ပြေးကြတုန်းပဲဟု ” သတင်း ရေးသားချိန် ညနေ၆နာရီကျော်တွင် ပြောသည်။
ယခုကဲ့သို့ အထိတ်တလန့်ဖြစ်လောက်အောင် လိုက်လံရှာဖွေ ဖမ်းဆီးခြင်းမှာ ထိုင်းဝန်ကြီးချုပ် အဘီဆေစ်၏
နိုင်ငံခြားသား အလုပ်သမားများ ရှာဖွေဖမ်းဆီးထောင်ချရေးကို အကောင်အထည် ဖေါ်ခြင်းဖြစ်ကြောင်း JACBA ဥက္ကဌ ဦးမိုးကြိုးကဆိုသည်။
“ထိုင်းတွေက ကိုယ့်လက်ကို ကိုယ်ရိုက်ချိုးတာပဲဗျ။ နိုင်ငံတကာ လုပ်ငန်းရှင်တွေကရော ထိုင်း လုပ်ငန်းရှင်တွေကရော မြန်မာ အလုပ်သမားတွေဟာ ဈေးပေါတယ်။ အလုပ်ကောင်းတယ်။ အကြမ်းခံတယ်။ အန္တရာယ်များတဲ့ အလုပ်တွေမှာလည်း လုပ်ရဲတယ်ဆိုပြီး ပြောကြတယ်။ အဓိကပြောချင်တာက အလုပ် သမားတွေကို ဘတ်မရှိလို့ဖမ်းရင် ဘတ်လုပ်မပေးတဲ့ သူဌေးကိုလည်းဖမ်းလေ။ အလုပ်သမားတွေကိုရှာပြီး ဖမ်းသလို အလုပ်ရှင်ကိုလည်း ရှာဖမ်းလေ။ ဒါမှ တရားမျှတမမှု ရှိတော့မှာပေါ့” ဟု ဖွင့်ဆိုသည်။
ယခုအကြိမ်အတွင်း ထိုင်းလုပ်ငန်းရှင် အချို့တို့က သူတို့အလုပ်သမားများအား ဆန်များ၊ ကြက်ဥများ၊ မာမား
ခေါက်ဆွဲခြောက် ထုတ်များ လာရောက် ပေးကြသည်ဟု သိရှိရသည်။ မဲဆောက်အခြေစိုက် ကူညီေ၇းအဖွဲ့ တို့ကမြန်မာနိုင်ငံရေး အကျဉ်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြတ်မင်းတို့ ကူညီပေးထားသည့် နေရာဖက်သို့ မည်သူမျှ မရောက်ရှိကြောင်းပြောသည်။
“ကျနော်တို့ အနီးအနားက ဘုန်းကြီးကျောင်းဝင်းထဲမှာ လူ၁၆၀၀လောက် ရှိမယ်ထင်တယ်၊ ဒီတခါ ထိုင်းလုပ်ငန်းရှင်တွေ ကောင်းတယ်လို့ ပြောလို့ရတယ်။ ကျနော့်အထင် ပြောရရင်၊ မြန်မာပြည်မှာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေလိုလို့ ဖမ်းပို့သလား။ ယာယီပတ်စပို့ မလုပ်လို့ကြလို့ ဆိုရင် ဘာကြောင့် မလုပ်ကြသလဲဆိုတဲ့ အနေအထားမှန်ကို သိအောင်မကြိုးစားကြပဲ မလုပ်ကောင်းရလားဆိုပြီး ဖမ်းတာ နည်းမှန်လမ်းမှန် မဟုတ်ဘူးလေ။ အဖြေမှန်မဟုတ်ဘူး။ ဒီဘက်ကိုရောက်နေတဲ့ ဗမာတွေအထဲ မြန်မာပြည်မှာ မှတ်ပုံတင် မလုပ်ဖူးတဲ့ လူတွေအများကြီးပဲ”ဟု ထောက်ပြပြောဆိုသည်။
စက်ရုံအလုပ်ရုံပေါင်း လေးရာကျော်ခန့် ရှိပြီး၊ မဲဆောက်နယ်မြေအတွင်း မြန်မာအလုပ်သမားပေါင်း သိန်းချီရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။ အချို့ ကမူ စက်တင်ဘာလ ၅ ရက်နေ့အထိ လူဖမ်းပွဲကြီးရှိနေမည်ဟု ပြောကြသည်။
ယမန်နေ့က ချင်းမိုင်မြို့နယ်၊ အလုပ်သမား ကြီးကြပ်ရေးရုံးမှ နဖ၀ဒီဖိနန် ဆိုသူနှင့် နယ်ခြားစောင့်တပ် အမှတ် ၃၃တို့ ပူးပေါင်း၍ ဆီဖုန်းရပ်ကွက် အာစထော်လမ်းရှိ လုပ်ငန်းခွင်ကို ၀င်ရောက် ဖမ်းဆီးလိုက်သည်။
ယမန်နေ့ နေ့လည်ပိုင်းက စစ်သားအင်အား၅၀ ကျော်ခန့်ဖြင့် စီးနင်းဝင်ရောက်ဖမ်းဆီးရာ မြန်မာ အလုပ်သမား ၂၀၀ကျော် ဖမ်းဆီးခံခဲ့ရသည်။ထိုအထဲတွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း မရှိသည့် အလုပ်သမား ၃၀ကျော်ကိုမူ နယ်စပ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း ဒေလီနယူး သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ 
ထိုင်းနိုင်ငံအတွင်း သန်းချီရှိသည့် မြန်မာအလုပ်သမားများတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် မရှိသူ များသဖြင့်၊ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးပြန်ပို့ခြင်း၊ ငွေညှစ်ခြင်းကို နေ့စဉ် ခံနေရဆဲဖြစ်သည်။ ဖမ်းလိုက်၊ ပြေးလိုက်၊ ထိုင်းနိုင်ငံအတွင်း ပြန်လာလိုက် သံသရာမှာ နှစ်ပေါင်း မည်မျှကြာမည် မသိနိုင်သေးကြောင်း မဲဆောက်မှ အလုပ်သမားအရေး လုပ်သူများက သုံးသပ် ပြောဆိုနေကြသည်။
ကိုကျော်သောင်း မှပေးပို့ပါသည်။ 

No comments:

Post a Comment