9.13.2010

မဲဆောက်မြို့မှ အထည်ဖြတ်ညှပ် အလုပ်ရုံတစ်ခု မီးလောင်ကျွမ်း

Photobucket
Photobucket
စက်တင်ဘာလ
၁၂
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အနောက်မြောက်ဖက်၊ ဘန့်ဆောင်ခွဲအရပ်ရှိ အထည်ညှပ်စက်ရုံအား ယနေ့မိုးလင်းခါနီး အချိန်တွင် ၀ါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စက်ရုံအလုပ်ကြပ်က ပြောသည်။
မီးလောင်နေရာသို့ ရောက်ရှိနေသည့် အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် L.P.P.N.G တာဝန်ခံ ကိုဇော်ထွန်းက“ အထည်တွေနဲ့ အထဲမှာပဲ မီးက လှိုက်လောင်နေတာ၊ မီးလောင်တာကို သိသိချင်း စက်ရုံအနားမှာရှိတဲ့ အလုပ်သမား ၅၀လောက်က မီးသတ်ဗူးတွေနဲ့ ၀ိုင်းငြိမ်း ကြသေးတယ်။ မရဘူး။ မီးက ပြင်းသထက် ပြင်းလာနေတယ်။ အတွင်းထဲမှာ ပိတ်မိနေတဲ့ လူတွေတော့ မရှိဘူး။ မီးသတ်ကား ၁၀စီးလောက်ရောက်နေတယ်။ အတွင်းကို မ၀င်နိုင်ဖြစ်နေတယ်။ မီးက တအားပြင်နေတယ်” ဟု မီးလောင်နေရာမှ ပြောပြသည်။
မြန်မာအလုပ်သမားပေါင်း ၈၀၀ ခန့် အလုပ်လုပ်နေကြသည့် အဆိုပါ အလုပ်ရုံတွင် ပုတ်ပြတ်လုပ်ရသဖြင့် အလုပ်သမားများ အတော်အသင့် အဆင်ပြေကြသည်။ အထည်ညှပ်သမားများ နံနက်၈နာရီမှ ညနေ ၅နာရီအထိ တစ်နေ့ကို လုပ်အားခ၁၂၀ ဘတ်ရရှိကြသည်။
အထည်ညှပ်သမားများ အလုပ်ကြပ်၊ ကိုတေဇာက“ ကျနော် ဒီနေရာကို ၄နာရီခွဲမှာရောက်တယ်။ မီးက၄နာရီလောက်က လောင်တာထင်တယ်။ ကျနော်ဒီမှာလုပ်တာ ၃နှစ်ကျော်ပြီး အသင့်အတင့် အဆင်ပြေတယ်လို့ ပြောလို့ ရတယ်ဗျ၊ ခုတော့ ကျနော့်မိသားစု ရပ်တည်ရေး ခက်တော့မယ် ထင်တယ်။ ပြီးတော့ ကျနော်တို့ အပြစ် တခုခုဖြစ်မှာလည်း စိုးတယ်လေ” ဟု စိုးရိမ်ထိတ်လန့်စွာ ပြောဆိုသွားသည်။
မီးလောင်မှုမှာ အလွန်ပြင်းထန်သဖြင့် နံနက်၈နာရီခန့်မှ မီးညွန့် ကျိုးသွားခဲ့သည်။ အဆိုပါ အလုပ်ရုံတွင် အလုပ် လုပ်နေကြသည့် မြန်မာအလုပ်သမားများမှာ ပြီးခဲ့သည့်အပတ်က မဲဆောက်မြို့ ပုလိပ် ဖမ်းပွဲအတွင်း ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်ခဲ့ကြသော်လည်း ရန်သူမျိုးငါးပါး မီးဘေးအန္တရာယ် ကျရောက်သည့် အခါ အလုပ်လက်မဲ့ ဖြစ်ကြရတော့မည်ဟု အလုပ်ကြပ် ကိုတေဇ က ပြောဆိုသွားသည်။

No comments:

Post a Comment