10.06.2010

ကမ္ဘာ့ ဆရာများနေ့ကို ပြည်တွင်းနှင့် ထိုင်း-မြန်မာ နယ်စပ် ကျောင်းများတွင် ကျင်းပ

Wednesday, 06 October 2010 
 အောက်တိုဘာ ၅ ရက် ကမ္ဘာ့ ဆရာများနေ့ (World Teacher’s Day) ကို ဆရာ ဆရာမများ၊ ပညာရေး ၀န်ထမ်းများ၊ ကျောင်းသူ ကျောင်းသား ကလေးငယ် သန်းပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပကြသည့် အစဉ်အလာရှိသည်။


၂၀၁၀ခုနှစ် အတွက် ကမ္ဘာ့ ဆရာများနေ့ ဆောင်ပုဒ်မှာ ‘ဆရာများနှင့် အစပြု ပြန်လည်ထူထောင်မှုပြု’ (Recovery begins with Teachers!) ဟု နိုင်ငံတကာ ပညာရေးအဖွဲ့ကြီး (EI) က သတ်မှတ်ထားခဲ့သည်။
ပြီးခဲ့တဲ့နှစ် ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများတွင် စီးပွားရေး မတည်ငြိမ်မှု အကျပ်အတည်းများ ပြန်လည်နာလံထူအောင် လုပ်ဖို့ ရှိနေသလို၊ ဟေတီ မြေငလျှင်နှင့် ပါကစ္စတန် ရေကြီးမှုကဲ့သို့ သဘာဝ ကပ်ဘေးများ ပြန်လည်တည်ဆောက်ရေး ထူထောင်ရေး လုပ်ငန်းများမှာ ကမ္ဘာသူ ကမ္ဘာသားများ အရေးဖြစ်သည်။ ထို လူမှုရေး စီးပွားရေး လုပ်ငန်းများ ပြန်လည် တည်ဆောက်ဖို့အတွက် ကျောင်းဆရာ ဆရာမများ အခန်းကဏ္ဍမှာ အထူးအရေးပါလျက် ရှိသည်။ ပြန်လည်ထူထောင်မှုများကို ဆရာများနှင့် အစပြုဖို့ ကြွေးကြော်ရင်း အကျပ်အတည်း ဒုက္ခရှိရာ နေရာဒေသများသို့ ဆရာ ဆရာမများမှ ဦးဆောင်ဝိုင်းဝန်း ကြရပါမည်။
ရန်ကုန်တိုင်း တွံ့တေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေကလည်း ‘တွေ့ဆုံဆွေးနွေး တိုင်းပြည်အေး’ ဆိုတဲ့ ဆောင်ပုဒ်ကို ရှပ်အင်္ကျီနောက်ကျောတွင် ရေးသားပြီး ၅ ရက်နေ့က လူစည်ကားရာ နေရာများတွင် ဆန္ဒဖော်ထုတ်ခဲ့သည်မှာ လေးစားဂုဏ်ယူဖွယ် ဖြစ်ပါသည်။ “စေတနာ၊ ၀ါသနာ၊ အနစ်နာနဲ့ နာသုံးနာမက အနစ်နာခံနေတဲ့ မြန်မာဆရာဆရာမများ အားလုံးကို အစိုးရက ဂုဏ်ပြုသင့်တယ်။ ဆင်းဆင်းရဲရဲ နေနေရတဲ့ အငြိမ်းစား ဆရာကြီး ဆရာမကြီးတွေကို ပင်စင်လစာ တိုးမြှင့်ပေးသင့်တယ်”လို့ တောင်းဆိုခဲ့သည်။
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့တွင်လည်း ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ‘မြန်မာ ရွှေ့ပြောင်း ဆရာများအဖွဲ့’ (BMTA) ကကြီးမှုးပြီး “ဒို့ BMTA” သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းကျောင်း ၆၂ ကျောင်းမှ ဆရာ ဆရာမ ၄၀၀ ကျော် တက်ရောက်ခဲ့သည့်အတွက် ထူးခြားသော အခမ်းအနား ဖြစ်ခဲ့သည်။
BMTA ဥက္ကဌ ဆရာမန်းရွှေနှင်း၊ ဆရာမ ဒေါက်တာ စင်သီယာမောင် တို့မှ ကမ္ဘာ့ ဆရာများနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆရာ ဆရာမများ အခန်းကဏ္ဍ အလွန်အရေးကြီးပုံ၊ ဆရာများ ကျင့်ဝတ်သိက္ခာနှင့် ဂုဏ်ကျေးဇူးကို ဖော်ပြရင်း ဆရာကောင်း ဆရာမြတ်များ ပေါ်ထွန်းဖို့ လိုအပ်နေကြောင်း ပြောဆိုသွားခဲ့သည်။ ထို့နောက် အသက် ၅၀အထက် ဆရာကြီး ဆရာမကြီးများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ တက်ရောက်လာသော ကျောင်းများသို့ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ AGAPE ကျောင်းသားလေးများမှ စီးလုံးညီညွတ်မှု ဖော်ပြသော မီးရထား သီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဆရာ ဆရာမ အသီးသီးမှ မိမိတို့ ကျောင်းများတွင် ကြုံတွေ့နေရသော အခက်ခဲများကို BMTA သို့ တင်ပြခြင်းဖြင့် အခမ်းအနားကို စည်ကားစွာ ကျင်းပနိုင်ခဲ့ကြသည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် ပင်ကိုယ်အားဖြင့် ဆရာ ဆရာမများကို ဂါရ၀ နိဝါတ ထားတတ်သော လူ့အဖွဲ့အစည်း ဖြစ်သည်။ ဆရာ ဆရာမများကို အထင်သေးခြင်းသည် မိမိ အနာဂါတ်၊ မိမိမျိုးဆက် အနာဂါတ်နှင့် တိုင်းပြည်အနာဂါတ်ကို အထင်သေးခြင်းပင် ဖြစ်သည်။ ယခုနှစ်မှ စပြီး ကမ္ဘာ့ဆရာများနေ့ ကြွေးကြော်သံလိုပင် မြန်မာပြည် ပြန်လည်ထူထောင်ရေး အတွက် ဆရာဆရာမများနှင့် အစပြုကြပါစို့ ဟု တိုက်တွန်း ရပါသည်။
မောက္ခသတင်း

No comments:

Post a Comment