12.12.2010

နှစ်အတော်ကြာအတွင်း ပထမဆုံး ဂျပန် အဆင့်မြင့်အရာရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀။
ဂျပန်နိုင်ငံ၏ အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ Mr.Kazuki Emto သည် ဂျပန်နိုင်ငံ၏ သံအမတ်အသစ် Mr. Takashi Saito နှင့် ယနေ့ညနေ ၄နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တစ်နာရီကျော်ကြာ လာရောက်တွေ့ဆုံခဲ့သည်ဟု ဂျပန်နိုင်ငံသံရုံးမှ ပြောပါသည်။
နှစ်အတော်ကြာကြာ ပြီးမှ ဂျပန်အဆင့်မြင့် အရာရှိများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ရာ ဂျပန်အစိုးရ၏ ဒီမိုကရေစီ အတိုက်အခံများအပေါ် သဘောထား ပြောင်းလဲလာမှု လက္ခဏာလည်း ဖြစ်ပါသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အစိုးရ၏ မြန်မာနိုင်ငံရေးရာ ပေါ်လစီကို ပြစ်တင် ဝေဖန်ခဲ့ဖူးပါသည်။
ထိုအင်တာဗျူးတွင် ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်မှုများကို အလေးထားသည်ဆိုလျှင် ဒီမိုကရေစီ အတိုက်အခံများနှင့် ပိုပိုနီးကပ်စွာ ဆက်ဆံသင့်သည်ဟု ဝေဖန် ပြောဆိုခဲ့ပါသည်။
ဂျပန်သံရုံး၏ ပြောဆိုချက်အရ Kazuki Emto သည် ဒီဇင်ဘာလ ၈ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိ လာခဲ့ပြီး ယနေ့ညနေပိုင်းတွင် ပြန်လည် ထွက်ခွါမည်ဟု ဆိုပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment