6.25.2010

ယာယီပတ်စပို့ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမတစ်ဦး သတ္တိရှိရှိရင်ဆိုင်

ဇွန် ၂၅
ဘန်ကောက်မြို့ လုမ္ပနီမြေအောက် ရထားဘူတာရုံတွင် အလုပ်ကိစ္စဖြင့် ရထားစီရန်စောင့်ဆိုင်းနေသည့် မြန်မာ အလုပ်သမ တစ်ဦးအား ထိုင်းလ၀က ရဲနှစ်ဦးက ဖမ်းဆီးခဲ့သည့်ကို သတ္တိရှိရှိ ရင်ဆိုင်လိုက်သဖြင့် ငွေမကုန်ပဲ ပြန်လည် လွတ်မြောက်လာခဲ့ သည်။
ယနေ့ နံနက်ရှစ်နာရီကျော်ခန့် မိတ်ဆွေတစ်ဦးထံသို့ သွားရန် အဆိုပါဘူတာရုံတွင်မဇာခြည်ဆိုသူ စောင့်ဆိုင်းနေစဉ် ပုလိပ်က ဘတ်ကို တောင်းကြည့်ခဲ့သည်။ ယာယီပတ်စပို့ စာအုပ်တွင် စမူပါကန်နယ်မြေတွင် အလုပ်လုပ်ကိုင်ကြောင်းပါရှိသည်။
မဇာခြည်က “စမူပါကန်စာအုပ်နဲ့ ဘန်ကောက်ကို လာလို့မရဘူး၊ စမူပါကန်မှာပဲသွားလို့ရမယ်လို့ ပြောတော့ ကျမက ယာယီပတ်စိပို့က ထိုင်းနိုင်ငံအတွင်း အားလုံးနေရာကို လုပ်လို့ရတယ် မဟုတ်ဘူးလားလို့မေးပါတယ်။ ဆိုတော့ WORK PERMIT မပါဘူးလို့ ပြောပြန်တယ်။ ဘတ်၄၀၀၀ ပေးရမယ်လို့ ပြောပါတယ်။ ကျမကပြောတယ်၊ WORK PERMIT က ကျမ သုံးလပြည့်တဲ့ အခါမှလုပ်မယ်။ အချိန်ရှိသေးတယ်၊ ပြီးတော့ ခုတောင်းတဲ့ ပိုက်ဆံလည်းမရှိဘူး၊ မပေးနိုင်ဘူး။ ရဲစခန်း ခေါ်ချင်ခေါ်သွား၊ ကျမမှာ အထောက်အထား အပြည့်အစုံရှိတယ်လို့ ပြန်ပြောပါတယ်” အဆိုပါထိုင်းပုလိပ်နှစ်ဦးကကားပေါ်တွင် တင်ဆောင်ပြီး မဇာခြည်နှင့်အမျိုးသမီးသူငယ်ချင်းတို့နှစ်ဦကို IDC ဌာနချုပ်သို့ ခေါ်ဆောင်လာခဲ့သည်။ သူငယ်ချင်းဖြစ်သူမှာ စာရွက်စာတမ်းအားလုံး ပြည့်စုံသူဖြစ်သည်။
ပတ်စပို့လုပ်ထား၍ လွတ်လပ်စွာ သွားလာနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးသည့် ပုလိပ်များထက် အဆင့်မြင့်သော တာဝန်ရှိသူများက လက်မှတ်ထိုးထားကြောင်း၊ သို့ဖြစ်၍ ဖုန်းဆက်ကြည့်နိုင်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။ ဖမ်းဆီလာသည့် ပုလိပ်များကလည်း ဖုန်းဆက်ကြည့်ခဲ့သည်။ ထို့နောက်ဖမ်းဆီးပြီး ပြန်လည် ပို့ဆောင်မည်ဆိုပါကလည်း ပုလိပ်များ၏ အမည်ကို ပြောရန်နှင့် ကိုယ်ပိုင်နံပါတ်များကိုပါ ပြောရန်တောင်းဆိုခဲ့သည်။
“ကျမ မကျေနပ်ဘူး၊ ကျမဈေးရောင်းတယ်၊ ခုလိုမတရား ဖမ်းဆီးခံလိုက်ရတော့ ကျမ မနက်ပိုင်းအလုပ်ပျက်
တယ်။ နစ်နာတယ်။ တရားစွဲလို့ရရင် တရားစွဲချင်တယ်၊ ငွေအကုန်ခံပြီးပတ်စပို့ လုပ်ထားတာ၊ မရှိခင်တုန်းကလည်း ထိုင်းပုလိပ်ကိုကြောက်၊ ရှိတော့လည်း ပေးရအုံးမလား၊ မပေးဘူး၊ ကျမတော့ မကြောက်ဘူး”ဟု ပြောသည်။
အသက်၁၈နှစ်အရွယ် မဇာခြည်မှာ ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး အ၀တ်အထည်များ ရောင်းချသည့်
ဈေးသည် တစ်ဦးဖြစ်သည်။

No comments:

Post a Comment