2.01.2011

စစ်တပ်နှင့်ကြံ့ဖွံ့မှ သုံးဦးနှင့် တိုင်းရင်းသားပါတီမှ နှစ်ဦးကို ဒုတိယသမ္မတ အဆိုပြု

Photobucket
ဇန်နဝါရီလ ၃၀ရက်နေ့က လွှတ်တော်ဝန်းကျင်တွင် 
သန့်ရှင်းရေးလုပ်နေသော စည်ပင်ဝန်ထမ်းများ
နေပြည်တော်၊ ဖေဖေါ်ဝါရီ၁။ 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် စစ်တပ်ကိုယ်စားပြု ကိုယ်စားလှယ်များက ယနေ့ နံနက်တွင် ဒုတိယ သမ္မတလောင်း အမည်စာရင်းများကို တင်သွင်းခဲ့ ကြပါသည်။ 
NDF ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးခင်မောင်ရီက သီးခြားစီ ပြုလုပ်ခဲ့ကြသော လွှတ်တော် သုံးရပ်မှ အောက်ပါ ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်ဟု ပြောဆိုခဲ့သည်ဟု သိရပါသည်။
ပြည်သူ့လွှတ်တော်မှ လက်ရှိဝန်ကြီးချုပ်နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် ပလောင်တိုင်းရင်းသား ပါတီမှ ဦးစောသိန်းမောင်တို့ကို ရွေးချယ် အဆိုပြုခဲ့ပါသည်။
အမျိုးသားလွှတ်တော်ကမူ ကြံဖွံ့ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဒေါက်တာအေးမောင်တို့ကို အဆိုပြုခဲ့ပါသည်။
စစ်အုပ်စုမှ အဆိုပြုထားသော စစ်တပ် ကိုယ်စားလှယ်များကမူ လက်ရှိ နအဖ အတွင်းရေးမှူး(၁)နှင့် ကြံခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦးကို အဆိုပြုခဲ့ကြပါသည်။
ထိုအဆိုပြုထားသော ဒုတိယ သမ္မတလောင်း ၅ဦး အနက် သုံးဦးကို အတည်ပြု ရွေးချယ်ရမည်ဖြစ်ပြီး၊ ထိုသုံးဦးထဲမှ တစ်ဦးသည် နိုင်ငံတော် သမ္မတ ဖြစ်လာမည် ဖြစ်ပါသည်။
ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် တော်တော်များများကမူ ဦးသိန်းစိန်သည် သမ္မတ ဖြစ်လာမည်ဟု ပြောဆို နေကြပါသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က ဝန်ကြီးချုပ်အဖြစ် သုံးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အတူ ၂၀၁၀ ခုနှစ် ဧပြီလ ၂၇ရက်နေ့က အရပ်ဝတ်သို့ အခြား ဝန်ကြီး ဒုဝန်ကြီးများနှင့်အတူ အသွင်ပြောင်းခဲ့ပါသည်။  
လွှတ်တော်အားလုံးသည် လာမည့်(၃)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

No comments:

Post a Comment